:include data='blog' name='google-analytics'/>

Wednesday, June 13, 2018

ချစ်တတ်ရဲံလား ?


  ချစ်ချစ်ဆိုတာမီးယပ်နဲ့ သားဖွားအထူးကုဆရာဝန်ကြီးနဲ့ ခွဲစိပ်အထူးကု ဆရာဝန်ကြီး တို့ရဲ့တစ်ဦးတည်းသောသမီးလေးပါ။ ချစ်လွန်းလို့နံမည်တောင် မခေါ်ရက်လို့ ချစ်ချစ်လို့ သာ အမည်တွင်ခဲ့ပါတယ်။ ချစ်ချစ်ရဲ့အဖေနဲ့ အမေတို့တစ်လှည့်ဆီ နိုင်ငံရပ်ခြား ပညာတွေသွား ဆည်းပူးနေရတာမို့ သားသမီး မယူနိုင်သေးပဲဆိုင်းငံထားခဲ့ရတာ။

  နောက်ဆုံး မေမေနိုင်ငံခြားကပြန်လာလာချင်းမွေးခဲ့ရတဲ့ အဖိုးတန်ချစ်သမီးလေးပါ။ မိဘနှစ်ပါးအချစ်ပိုလိုက်တာများကတော့ သမီးကို လေစိမ်း တိုက်မှာ ခြင်ကိုက်မှာစိုးလို့ အထူးခြင်လုံ အခန်းမှာထားတာပါ။ လေမခ နေမခ ရွှေပေါ် မြတင်ပါ။ အိမ်မှာကူညီပေးတဲ့ ခလေးမလေးတွေတောင် ချစ်ချစ်နားမကပ်ရပါဘူး။

  မိတ်ဆွေတွေကလည်း ဆရာဝန်အသိုင်းအ၀ိုင်းကဆိုတော့ သူတို့ဆေးရုံကပါလာတဲ့ ရောဂါတွေကူးမှာစိုးလို့ မချီမပိုးအောင်လို့ သမီးလေး အိပ်နေတယ်ဆိုပြီးညာ ပြောရတာက လည်း  အခါခါပါ။

   မိခင်တစ်ယောက်အနေနဲ့ ချစ်ချစ်ကိုနို့ချိုတိုက်ကျွေးချင်ပေမဲ့ ဆေးရုံတာဝန် က တစ်ဖက်၊ ဆေးကျောင်းမှာစာသင်ရတာကတစ်ဘက်မို့ မအားလပ်ပါဘူး။ နောက်ပြီးတော့ ဆေးရုံကရောဂါ တွေလည်းသမီးလေးကိုကူးမှာစိုးပါတယ်။

  ဒီလိုနဲ့ တစ်နေ့မှာတော့ တောက ငယ်ကြောက်အဒေါ် သမီးလေးကိုကြည့်ရအောင် ရောက်လာပါတယ်။ ကျမဘာမှမပြောနိုင်ခင်၊ မတားနိုင်ခင် သမီးလေးရဲ့ အခန်းထဲဝင်သွားပြီး သမီးလေးကို အပြင်ချီထုတ်လာပါတယ်။ ပါးစပ်ကလည်း ညီးတို့က ခလေးကိုအမှောင်ထဲမှာ ထားထားတယ်၊ လေကောင်းလေသန့်လည်းမရဘူး။ ခလေးဆိုတာမြေထိမှ ကျန်းမာတာတဲ့။

   သမီးလေးကိုတွေ့လိုက်တဲ့ ခဏမှာတော့ ကျမမျက်စိတွေ မူးမိုက်သွားပါတော့တယ်။ သမီးလေး တစ်ကိုယ်လုံးဝါနေပါတယ်။ သမီးလေးကို ချက်ချင်းဆေးရုံခေါ်သွားပြီး သွေး ကောင်း တွေနဲ့ သမီးလေးရဲ့ ၀ါနေတဲ့သွေးတွေပြောင်းလဲကုသ (exchange transfusion) ပါတယ်။

  သမီးကိုယ် ထဲကသွေးတွေကတော့၊ အ၀ါရောင်အဆိပ်တွေမရှိတော့ပါဘူး။ ဒါပေမဲ့ အ၀ါရောင်အဆိပ်တွေက သမီးရဲ့နုနယ်တဲ့ ဥဏှောက်ကို ရောက်သွားပြီး ဖျက်စီးလိုက်တာ မို့ သမီးလေးဘ၀ ဆုံးရပါပြီ။ သမီးလေးတစ်ဘ၀လုံး ဥဏှောက်ပျက်နေတဲ့ ရောဂါသည်မလေး ဘ၀နဲ့ နေရတော့ မှာပါ။ ကျမဘယ်လိုဖြေရပါ့မလဲ။ ကျမသမီးလေးလို ဘ၀မဆုံးကြရအောင် ဒီပညာပေးဆောင်းပါးလေးကိုဝေငှရင် ချစ်ချစ်လိုဘ၀နဲ့ ကျမလို ဘ၀မျိုးမရောက်ကြပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

   ချစ်ချစ်လိုမွေးကာစ ခလေးတွေအသားဝါတာကို(Neonatal jaundice) နီရိုနေတဲ ဂျွန်တစ် လို့ခေါ်ပါတယ်။ မွေးကာစ ခလေးငယ်တွေ၊ အထူးသဖြင့် လမစေ့ပဲမွေးတဲ့ခလေးတွေ မှာ မွေးပြီးတစ်ပတ်လောက်မှာ အသားအနည်းငယ် ၀ါ” တတ်ပါတယ်။ သူတို့ရဲ့အသဲက ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အတွက် ကိုယ်ထဲကသွေးဥနီအသေတွေကထွက်လာတဲ့ အ၀ါရောင်အဆိပ်တွေကို မချေဖျက်နိုင်သေးလို့ပါ။ အသက်နည်းနည်းရလာတာနဲ့အမျှ အသဲ လည်းကြီးထွားလာပြီးသူ့လုပ်ငန်းကို ကောင်းကောင်းဆောင်ရွက်နိုင်တဲ့အခါ အ၀ါရောင်တွေ တစ်ဖြည်းဖြည်း ပျောက်သွားပါတယ်။

  အသားဝါတာကို သဘာဝအလင်းရောင်မှာမှမြင်နိုင်ပါတယ်။ ဓါတ်မီးရောင် အောက် မှာမမြင်ပါဘူး။ ဒါကြောင့်အချစ်ပိုပြီး မီးရောင်အောက်မှာ ထားခဲ့တဲ့သမီးလေးရဲ့အသားတွေ ၀ါတာ ကျမသတိမထားမိခဲ့ပါဘူး။

  ကိုယ်ခန္ဓာရဲ့ သွေးထဲကအဆိပ်တွေဥဏှောက်ထဲမရောက် အောင်တားဆီးတဲ့ (Blood Brain Barrier) ဆိုတာရှိပါတယ်။ အဲ့ဒီကာဗါ (Barrier) ကမွေးကာစ ခလေးတွေမှာသိပ် မဖွံ့ဖြိုး ပါဘူး။ ဒါကြောင့်အ၀ါရောင်အဆိပ်တွေခလေးရဲ့ဥဏှောက်ကိုရောက်သွားပြီးဖျက်စီးလို့ ကာနစ်တရက် (Kernicterus) ခေါ်တဲ့ချစ်ချစ်လို ဥဏှောက်ပျက်တဲ့ ဘ၀ရောက်ရ ပါတယ်။ လူကြီးတွေမှာတော့(Blood Brain Barrier) ကောင်းတာကြောင့် အ၀ါရောင်အဆိပ်တွေ သိပ် များလာလို့အသားတွေ ဆနွင်းခဲလိုသာ ၀ါ” သွားမယ် ဥဏှောက်ကိုတော့မရောက်နိုင်လို့ ဥဏှောက်ပျက်တဲ့ ရောဂါ မဖြစ်ပါဘူး။

  (Neonatal jaundice)က၊ လမစေ့ပဲ မွေးတဲ့ခလေးတွေအပြင် အမေနို့မတိုက်တဲ့ ခလေးတွေမှာအဖြစ်များပါတယ်။ အမေနို့က နို့ဘူးတွေလို နို့များများမထွက်ပါဘူး။ ဒါကြောင့် အမေနို့ တိုက်တဲ့ခလေးတွေဟာ ဗိုက်မ၀လို့ ခဏခဏစို့ပါတယ်။ နို့စို့တဲ့အခါ ကလေးရဲ့ အူလမ်းကြောင်း လှုပ်ရှား (bowel movement) ပါတယ်။ နို့ခဏခဏ စို့တဲ့ခလေးမှာ အူလမ်းကြောင်းလှုပ်ရှားမှုများလို့ အဆိပ်ဝါတွေကို ၀မ်းက ပိုမိုစွန့်ပြစ် နိုင်ပါတယ်။

   မွေးကာစခလေးတွေရဲ့ အူတွေမှာ ပိုးတွေမရှိသေးပါဘူး။ သဘာဝအူပိုးများလို့ခေါ်တဲ့ ကျမတို့အူထဲမှာရှိတဲ့မိတ်ဆွေပိုးတွေ (Bacterial flora) က အူထဲကိုရောက်လာတဲ့ အဆိပ်ဝါ တွေကိုချေဖျက်ပေးပါတယ်။

  မွေးစခလေးတွေမှာတစ်ဖြည်းဖြည်းနဲ့ ပတ်ဝန်ကျင်ကပိုးတွေစားမိပြီး (Bacterial flora) ခေါ်တဲ့မိတ်ဆွေပိုးတွေအူထဲကိုရောက်လာပါတယ်။ သမီးကိုအချစ်ပိုပြီး၊ ပိုးမ၀င်အောင် ဂရုစိုက်တာလွန်သွားလို့ မိတ်ဆွေပိုးတွေရဲ့ အဆိပ်ဝါတွေကို ကူညီချေပေးခြင်းကိုလည်း မရခဲ့ တာကြောင့် အဆိပ်ဝါ တွေရက်ပိုင်းအတွင်းမှာ များလာပြီးဥဏှောက်ထဲရောက်ကုန်တာပါ။

   စောစောက ၀ါတာကိုသိရင်(အဆိပ်ဝါတွေဥဏှောက်ထဲမရောက်ခင်) ခလေးကိုနေ အလင်းရောင်မှာထားခြင်း (၀ါ) အပြာရောင်မီးရောင်အောက်မှာ ထားခြင်း( Phototherapy) ဖြင့် အဆိပ်ဝါတွေကိုချေဖျက်နိုင်ပါတယ်။

     ၎င်းအပြင် အရည် (၀ါ) နို့များများတိုက်ပေးခြင်းတို့ ဖြင့် လွယ်ကူစွာကုသနိုင်ပါ တယ်။ အခုတော့

အပြင်ပန်းကြည့်ရင်၊ အချစ်လွန်လို့ မရောက်သင့်တဲ့ ဒုက္ခရောက်ရတယ်ပေါ့။ တကယ် ကတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ မင်းသားခေါင်းစွပ်ထားတဲ့၊ လောဘ၊ တဏှာ ဆိုတဲ့ အမိုက်တိုက်က မေမေတတ်သိထားတဲ့ လောကီဆေးပညာတွေကိုဖုံးလို့ဖြစ်ရတာပါ။





ဥဏှောက်အောက်ပိုင်းတွင်အ၀ါရောင်အဆိပ်များစွန်းနေပုံ။






Tuesday, June 12, 2018

ရောဂါဗေဒဆရာဝန်ကြီးလား ? တိရိစ္ဆန်ကုဆရာဝန်လား ?

လွန်ခဲ့သောနှစ်များစွာက အောက်မြန်မာပြည် DMR (Department of Medical Research) ရောဂါဗဒ ဌာန (Pathology Research Division ) မှာတာဝန်ကျနေတုန်း ငါးတွေရဲ့ကိုယ်မှာ အကွက်ကွက်နဲ့ရောဂါတွေဖြစ်ပြီးလူတွေ ကြောက်လန့်ပြီး ငါးမစားရဲ ဖြစ်ကြတော့ Director General (DG) ဆရာဝန်ကြီး က ရောဂါဗေဒ ဌာန၊ပိုမွားဗေဒဌာန (Bacteriology) နဲ့ ဗိုင်းရပ်စ် (Virology) က ဌာနခွဲမှုး (Deputy Director) တွေ ကိုခေါ်ပြီး ငါးတွေမှာ လူကိုကူးဆက်မဲ့ ရောဂါတွေ၊ ပိုးတွေ ရှိမရှိစစ်ခိုင်းပါတယ်။ တကယ်က ဒါတွေက တိရိစ္ဆာန်ဆရာဝန်တွေ တတ်သိပြီး၊သူတို့နဲ့ဆိုင်တာလေ။ ဒါပေမဲ့ ကိုယ့်ဆရာကခိုင်းတော့လည်း တတ်သလောက်လုပ်ကြရတာပေါ့။ လူကိုကူးဆက်နိုင်တဲ့  ရောဂါတွေ၊ ပိုးတွေမရှိဘူးဆိုတဲ့အဖြေရတော့ DG ဆီ သွားသတင်းပေးကြပါတယ်။ DG လည်းဝမ်းသာအားရဖြစ်ပြီး သက်ဆိုင်ရာကတဆင့် လူထုကို အန္တရယ်မရှိကြောင်း ငါးတွေကိုစိတ်ချစွာစားသုံးနိုင်ကြောင်း အသိပေးပြီး ကျမတို့ကိုလည်းသူ့အိမ်မှာ ငါးများများနဲ့ချက်ထားတဲ့ မုန့်ဟင်းခါးနဲ့ဇည့်ခံခဲ့ပါတယ်။

ငါးပြဿနာဖြစ်ပြီးတော့ ပထမဦးဆုံးအကြိမ် ကြက်ရောဂါတွေ ဖြစ်ပြန်ပါတယ်။ ဒီတခါလဲ DG က သူ့လက်အောက်က Pathology ,Bacteriology and Virology ဌာနမှုးတွေခေါ်ပြီး စမ်းသပ်ခိုင်းပြန်ပါတယ်။ ငါးပြဿနာလိုပဲ။ စားသုံးသူလူထုအတွက်အန္တရယ်မရှိဘူးဆိုတဲ့အဖြေကို DG ကိုသွားပြောကြပေမဲ့ ဒီတခါတော့ ထင်ထားတဲ့ ကြက်သားဒါန်ပေါက်တော့ မစားရပါဘူး။

နောက်တခါထူးထူးခြားခြားကံထူးတာကတော့ ကျမတစ်ယောက်ထဲပါ။ ပြဿနာက သစ်တောဝန်ကြီးက
ဆင်ဖြူတော်စီမံကိန်းကို Artificial insemination နဲ့လုပ်ချင်ပါတယ်တဲ့၊ အောင်မြင်ရင် ဆင်မွေးမြူရေးလုပ်ပြီးနိုင်ငံခြားကိုရောင်းစားမယ်တဲ့ အဲ့ဒီအတွက် ဆင်ရဲ့ သုတ်ပိုး (sperms) တွေ ကျန်းမာခြင်းရှိမရှိ စစ်ဆေးပေးပါတဲ့။ မြတ်စွာဘုရား ! ကျမအနေနဲ့လူ sperms တွေကိုသာ sterility test အနေနဲ့စစ်ဖူးတာ ဆင်ရဲ့ sperms တော့ စစ်ဖို့နေနေသာသာ စဉ်းတောင်မစဉ်းစားဖူးဘူး။ အင်း ဒါပေမဲ့ သူ့ဆန်စားရဲမှဆိုသလို ခိုင်းလာတော့လည်းလုပ်ရမှာပေါ့။  ဒါပေမဲ့ တိရိစ္ဆာန်ဆရာဝန်ယူလာတဲ့ ဆင်ရဲ့ sperms တွေကို မှန်ဘီးလူးအောက်မှာကြည့်လိုက်တော့ လားလား ! အရွယ်ရော်၊ ပုံသဏ္ဍန်ရော်၊ လှုပ်ရှားမှု့ ရော်အားလုံး လူအတိုင်းဖြစ်နေပါတယ်။ မပြောရင် လူ sperms နဲ့တောင်မခွဲနိုင်ပါဘူး။ ပုံပြင်ထဲက လူမင်းသမီးနဲ့ခြေသ့င်္ ညားပြီး လူမင်းသားမွေးတယ်ဆိုတာတကယ်လား ?

ကံကောင်းထောက်မစွာ အဲ့ဒီတခါပဲ စစ်ဆေးပေးရပြီးနောက်မစစ်ရတော့ပါဘူး။ ဆင်တွေကအလွန်အရှက်အကြောက်ကြီးတယ်တဲ့ လူမြင်ရာမှာဘယ်တော့မှ မဖွယ်မ၇ာမလုပ်ဘူးတဲ့။ ကိုယ်ခန္ဓာကလဲကြီးတော့ Artificial insemination လုပ်လို့မရဘူးတဲ့ ၊ဒါကြောင့် ၀န်ကြီးရဲ့ အကြံကြီးကိုစွန့်လွှတ်လိုက်ကြရတယ်တဲ့။ မမြင်ရတဲ့ ဆင်တွေကို အဝေးကနေ ကျေးဇူးတင်မိပါတယ်။

Sunday, June 10, 2018

အသဲအဆီဖုံးရောဂါ (Fatty liver disease)

ဒီရောဂါမှာအသဲက နဂိုနီညိုရောင်ကနေ အဆီတွေများလာပြီးအ၀ါေ၇ာင်ဖြစ်လာတဲ့အပြင်အရွယ်ပါကြီးလာပါတယ်။ ရောဂါဖြစ်ပွါးရခြင်းအကြောင်းပေါ်မူတည်ပြီး နှစ်မျိုးခွဲပါတယ်။ တစ်မျိုးကအများသိကြတဲ့အတိုင်း အရက်သေစာ (ဘီယာ အပါအ၀င်) သောက်စားမှူကြောင့်ဖြစ်ပြီးကျန်တဲ့တစ်မျိုးကတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာသေသေချာချာမသိပါဘူး။ ဒုတိယမျိုးကို လူလတ်ပိုင်းအမျိုးသမီးများ၊အ၀လွန်သူများ။ ဆီချိုရောဂါ၊သွေးတိုးေ၇ာဂါရှိသူများ၊သွေးတွင်းအဆီများသူများ၊အသဲရောင်ရောဂါပိုးရှိသူများမှာအများဆုံးတွေ့ရပါတယ်။

အသဲက အရက်အပါအ၀င် စား သာက်လိုက်တဲ့ အစားအစာတွေကို ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့စွမ်းအင်တွေရဖို့ ခြေဖျက်ပေးရပါတယ်။ အရက်ကိုခြေဖျက်တဲ့အခါမှာ ဘေးထွက်ပစ္စည်းအဖြစ်အသဲကိုဒုက္ခပေးသောအရာများထွက်လာပါတယ်။ အဲ့ဒီပစ္စည်းတွေက အသဲဆလ်များကိုဖျက်ဆီးပါတယ်။ကိုယ်ခံအားကိုကျဆင်းစေပါတယ်။အသဲရောင်ခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံသောက်သူများ၊နှစ်ရှည်လမျာစွာအရက်သောက်သူများမှာ အသဲအဆီဖုံးရောဂါ (Fatty liver disease)ဖြစ်ကြပါတယ်။ တနည်းအားဖြင့် အသဲအဆီဖုံးရောဂါ ဟာ အရက်ရဲ့ပထမဦးဆုံးသောရောဂါတစ်ခုပါ။ အရက်ကိုဆက်သောက်မယ်ဆိုရင် အသဲခြောက်ေ၇ာဂါ (cirrhosis) ၊ အသဲရောင်ရောဂါ (Hepatitis) နဲ့နောက်ဆုံးမှာ အသဲကင်ဆာအထိဖြစ်နိုင်ပါတယ်။

အသဲအဆီဖုံးရောဂါ ဟာ ဘာရောဂါလက်ခဏမှ မပြတဲ့ အသံတိပ် ရောဂါဖြစ်ပါတယ်။ ရောဂါဖြစ်နေကြောင်းကို အကြောင်းတစ်ခုခုကြောင့် ဆရာဝန်က ကြီးနေတဲ့အသဲကိုစမ်းမိခြင်း၊ အသဲကောင်းမကောင်းသွေးစစ်ခြင်း (liver function test, liver scan, abdominal ultrasound)  စတာတွေမှာ အမှတ်မထင်တွေ့ရှိကြပါတယ်။ ဒီရောဂါအတွက်ဆေးမရှိပါဘူး။ အကောင်းဆုံးကုသနည်းက အရက်ဖြတ်ခြင်းပါ။ အစားအသောက်အနေအထိုင်ပြောင်းလဲခြင်းကလဲ ရောဂါကိုသက်သာစေပါတယ်။
၁။ သန့်ရှင်းလတ်ဆပ်သည့် အသီး၊အရွက်၊အနှံများစားသုံးခြင်း။
၂။ အသဲရောင်ရောဂါမဖြစ်အောင် ကာကွယ်ဆေးထိုးခြင်း။ တုတ်ကွေးစသောကူစက်ရောဂါများမဖြစ်အောင်ကာကွယ်ဆေးထိုးခြင်း။
၃။ ကိုယ်လက်လှုပ်ရှားခြင်း။
၎။ကိုယ်အလေးချိန်လျော့ချခြင်းတို့ဖြစ်ပါတယ်။

PS
Foie gras (Foie= Liver, gras= fat) ကပြင်သစ်တွေရဲ့ အဖိုးတန်အစာတစ်မျိုးဖြစ်ပါတယ်။ ဘဲ (၀ါ)
ဘဲငန်းတွေကို ပိုက်များထိုးသွင်း၍ တစ်နေ့နှစ်ကြိမ် အစာ အဆမတန် ၁၃ ရက်ကြွေးပြီး ရသော အဆီနှင့်ပြည့်ပြီးနဂိုထက် ၁၀ ဆကြီးလာသောအသဲ ကိုခေါ်ပါတယ်။ ဒီနည်းကို BC 2500 ကတဲကအီဂျစ်တွင်ပြုလုပ်ခဲ့သောနည်းဖြစ်တယ်လို့ဆိုပါတယ်။ ယခုအခါ တိရိစ္ဆာန်ချစ်သူများအဖွဲ့ကတိရိစ္ဆာန်ညှင်းဆဲမှု့ကြောင့် ဆန္ဒပြကြပါတယ်။ အချို့နိုင်ငံများကတင်သွင်းခြင်းကိုပိတ်ပင်ကြပါတယ်။





Saturday, June 9, 2018

အစာအိမ်ရောဂါသည်များအတွက်သတင်းကောင်း။

Helicobacter pylori ဘက်တီးရီးယားပိုးကို ၁၉၈၂ ခုနှစ်တွင် သြစတေးလျာသိပ္ပံပညာရှင် နှစ်ဦးဖြစ်သည့် Dr Barry Marshall နဲ့ Dr Robin Warren တို့ အစာအိမ်ရောင်ရောဂါ (gastritis) နဲ့ အစာအိမ်အနာ (stomach ulcer) တို့မှာပထမဦးဆုံးရှာဖွေတွေ့ရှိပြီး ဒီဘက်တီးရီး ယားပိုးကြောင့် အစာအိမ်ရောဂါများဖြစ်ပွါးလာကြောင်းတွေ့ရှိသဖြင့် ၂၀၀၅ တွင် နိဘယ်ဆုများ ထိုက်တန်စွာရရှိခဲ့ပါတယ်။

          ကျမတို့ဆေးကျောင်းသူဘ၀ (လွန်ခဲ့တဲ့အနှစ် ၅၀ ကျော်) က အစာအိမ်အနာ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာ သေသေချာချာမသိခဲ့ကြပါဘူး။ အစာအိမ်အနာဖြစ်သူများရဲ့ နေပုံထိုင်ပုံ စားပုံသောက်ပုံ စတာတွေနဲ့ အစာအိမ်အနာပိုဆိုးစေတဲ့အကြောင်းတွေကိုသာသိ ခဲ့ကြတာမို့ ဆေးကုသရာမှာလည်း ရောဂါမသိတော့ ဆေးမရှိ ဆိုတာလို ပျောက်ကင်းအောင် မကုသနိုင်ခဲ့ပါဘူး။ ယခုဘာကြောင့်ဖြစ်တယ်ဆို တာသိပြီမို့ ပျောက်ကင်းအောင်ကုသနိုင်မှာဖြစ်ပါတယ်။

          H. pylori ပိုးဘယ်လိုကူးဆက်ပြန့်ပွါးတယ်ဆိုတာကိုတော့ တိတိကျကျမသိသေး ပါဘူး။ ဖြစ်နိုင် တာက ပိုးပါသောရေနဲ့ အစာတွေကတစ်ဆင့်ကူးဆက်တယ်လို့ယူဆပါတယ်။ ရောဂါပိုးရှိသူရဲ့ တံတွေးမှာ ပိုးများကိုတွေ့ရတဲ့အတွက် တိုက်ရိုက်နည်း ဥပမာ ပါးစပ်ခြင်း စုပ်နမ်းခြင်းမှလည်းကူးဆက်နိုင်တယ်လို့ ယူဆ ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅၀% မှာပိုးတွေရှိနေ တာတွေ့ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်  တွေမှာပိုမိုတွေ့ရှိရပါတယ်။ ဒါပေမဲ့ ပိုးရှိတဲ့ သူတိုင်းမှာ အစာအိမ်ရောဂါလက္ခဏာမပြပါဘူး။ ၁၀-၂၀% မှာသာအစာအိမ်ရောဂါလက္ခဏာများတွေ့ရပြီး၊ ၁-၂% သာ ကင်ဆာအထိတိုးတက်ဖြစ်ပွါးတာ   တွေ့ရပါ  တယ်။ ဒါကြောင့် ပိုးက ရောဂါဖြစ်ကာစမှာသာ အရေးပါပြီး အစာအိမ်ရောဂါမှ ကင်ဆာဖြစ်အောင် မလုပ်နိုင်ဘူး လို့ ယူဆကြပါတယ်။
         
Helicobacter pylori ဟာအစာအိမ်မှထုတ်သော ကားရဲ့ ဘက်ထရီ နီးပါးပြင်းတဲ့ အက်စစ်ထဲမှာ နေတိုင်တာဟာ အက်စစ်ကိုခြေဖျက်နိုင်တဲ့အင်ဇိုင်းထုတ်လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အင်ဇိုင်း ကြောင့် အက်စစ်ကိုခြေဖျက်နိုင်တဲ့အပြင် အစာအိမ်မှာရှိတဲ့ဆဲလ် တွေကိုလည်း သေစေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောင်ခြင်းနဲ့ ကြာလာတဲ့အခါမှာ အစာအိမ်မှာအနာ ဖြစ်စေပါတယ်။

          အစာအိမ်ထဲမှာဖြစ်တဲ့အနာကို အစာအိမ်နာ (stomach ulcer) လို့ခေါ်ပြီး၊ အစာအိမ်နဲ့ဆက်တဲ့ ပထမဦးဆုံး အူသိမ်ပိုင်း (Duodenum) ဒူအိုဒီနန် မှာအနာဖြစ်ရင် အူသိမ်အနာ (Duodenal ucler) လို့ခေါ် ပါတယ်။ မြန်မာအများစုကတော့ အစာအိမ်ရောဂါ လို့သာပြောကြပါတယ်။

          အစာအိမ်အနာ ဆိုတာ လက်မှာဖြစ်တဲ့အနာလိုပါပဲ ဒါကြောင့် ”အနာပေါ်ဒုတ်ကျ ” ဆိုတာလို ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊လက်လုပ်ချဉ်၊ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာ မကြေလွယ်သောကောက်ညှင်းစာများ၊ ကျော်လှော်စာများ စားတဲ့အခါ အစာအိမ်အနာပေါ် ဒုတ်ကျ သလို ဖြစ်တာမို့ ဗိုလ်နာခြင်း၊ ဗိုလ်အောင့်ခြင်း စတဲ့ အစာအိမ် ရောဂါရဲ့လက္ခဏာ တွေပိုမို ခံစားရပြီး၊ ပိုမိုဆိုးဝါး တဲ့အခါမျိုးမှာ အစာအိမ်အနာမှသွေးထွက်ခြင်း၊ အစာအိမ်အနာ ပိုမိုနက်ရှိုင်း သွားပြီးအစာအိမ်နံရံပေါက် သည်အထိဖြစ်နိုင်ပါတယ်။ (နာမည် ကျော်အဆိုတော် စိုင်းထီးစိုင်း အစာအိမ်အနာမှ သွေးထွက်ပြီးသေဆုံး ခဲ့တယ်လို့သိရပါတယ်။)

အစာအိမ်အနာ (stomach ulcer)


H.pylori ဘက်တီးရီးယားများနှင့်အစာအိမ်နာ


H.pylori


Helicobacter pylori များအစာအိမ်ထဲမှာ မပေါက်ဖွါးစေတဲ့အစာတွေရှိပါတယ်။ အဲ့ဒါတွေက ကိုရီးယားအနီရောင်ဂျင်ဆန် (ginseng)၊ ရေနွေးကြမ်း၊ ၀ိုင်အနီ၊ ကြက်သွန်ဖြူ နှင့် ပန်းဂေါ် ဖီစိမ်း (broccoli) တို့ဖြစ်ပါတယ်။

Helicobacter pylori က အစာအိမ်အနာ ၈၀% ကိုဖြစ်စေပြီး ကျန်တဲ့ ၂၀ % က အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ asprin, butazolidine စသည် တို့သောက်ခြင်းနဲ့ အစာအိမ်မှာကင်ဆာဖြစ်ခြင်းတို့ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်တယ်ဆိုတာ စမ်းစစ်ဖို့ လို အပ်ပါတယ်။ Helicobacter pylori ပိုးကိုသွေး၊ ရှုထုတ်သောလေနဲ့ဝမ်းမှာစမ်းသပ်နိုင်ပါတယ်။

Helicobacter pylori ကြောင့်ဆိုရင်တော့ သူ့ကိုသတ်နိုင်တဲ့ပိုးသတ်ဆေးတွေဖြစ်တဲ့ amoxillin, metronidazol, tetracycline များနဲ့ပိုးသတ်ရပါမယ်။ ပိုးများရှင်းရှင်းပျောက်အောင် ပိုးသတ်ဆေးကို ၁၄ ရက်ခန့်ဆက်သောက်ဖို့လိုအပ်ပါ တယ်။ ပိုးသတ်နေစဉ်နဲ့ အနာကောင်း ကောင်းမကျက်ခင်မှာတော့ အထက်မှာဖေါ်ပြတဲ့ အနာပိုဆိုးစေတဲ့ အစားအစာများ ရှောင်ရပါ မယ်။ ပိုးပြန်မကူးအောင်လည်း အစာစား သောက်တဲ့အခါမှာသန့်ရှင်းလတ်ဆတ်စွာစားသုံးဖို့ လိုအပ်ပါမယ်။ တစ်ချို့ H.pylori များဆေးယဉ်နေ ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်ပိုးသေစေတဲ့ဆေးသောက်ဖို့လိုအပ်ပါတယ်။
အနာပျောက်ဆေးများကြောင့်ဖြစ်တာဆိုရင် အနာဖြစ်စေတဲ့ဆေးတွေကိုရပ်ပြစ်ခြင်း၊ လျော့သောက်ခြင်း၊အခြားဆေးဖြင့်ပြောင်းလဲခြင်းများပြုလုပ်ရပါမယ်။

တိုင်းရင်းဆေးများ။
အစာအိမ်ရောဂါနှင့်ကိုယ်တွေ့ ဆိုတဲ့ပိုစ်မှာ ဗံဒါပင်မှအရွက်(မှည့်ရင့်နေသော အနီရွက်)ကို သုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်းကြောင့်ပျောက်ကင်းကြောင်းဖေါ်ပြထားပါတယ်။
         
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်) ရဲ့ ဆေးမြီးတိုအစွမ်းဆိုတဲ့ပိုစ်မှာ တော့ နေ့တိုင်း ရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စားတာ အစာအိမ်ရောဂါ ပျောက်ကြောင။ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင် ကြောင်း ရေးသား ထား ပါတယ်။

ဖြစ်နိုင်တာက ဗံဒါရွက်နဲ့ ရဲယိုရွက်တို့ ဟာကြက်သွန်ဖြူစသည်တို့လို ပိုး မပွါးစေနိုင်လို့ လိုထင်ပါတယ်။

ကျမကိုယ်တွေ့ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၆၀ က ကျမရဲ့အမ အစာအိမ်နာ Gastric ulcer ဖြစ်တဲ့အတွက် အမေရိကန်ဆေးရုံ (နား၊နခေါင်း၊ဆေးရုံဟောင်း) မှာတစ်လတိတိတင်ထားပြီး ၂နာရီတစ်ခါ နူးအောင်ပြုတ်ထားတဲ့ဆန်ပြုတ်ပဲစားရပါတယ်။ ဆေးရုံကဆင်းလာတော့ အနာသက်သာတယ် ဆိုပေမဲ့ ရှင်းရှင်းတော့ မပျောက်ပါဘူး။ သူကြိုက်တဲ့ကောက်ညှင်းပေါင်းစား ရင်ဖြစ်ဖြစ်၊ လက်လုပ်အချဉ် စားရင် ဖြစ်ဖြစ် ရင်ခေါင်းကအောင့်လာပြီး အနှိပ်သည်ဘုကိုရင်ခေါင်း မှာထားပြီးမှောက်အိပ်ထဲ့အထိခံရပါတယ်။ နောက်ပိုင်းဘာဆေးမှ မသောက်ပဲပျောက်သွား တယ်လို့ပြောပါတယ်။ အခု ကောက်ညှင်းပေါင်းစားလဲမနာ တော့ဘူးတဲ့။ ကျမအမက ရေလုံးဝ မသောက်ဘူး။ ရေအစား ရေနွေးကြမ်းကျကျသာသောက်လေ့ ရှိ ပါ တယ်။ ဆေးသောက်ရမှာ လည်းအလွန်ကြောက်တဲ့အတွက် သူ့ရဲ့လက်သုံးတော်ဆေးက ကြက်သွန်ဖြူပါ၊ ချောင်းဆိုးရင် ဖြစ်ဖြစ်၊ နှာစီးရင်ဖြစ်ဖြစ် ကြက်သွန်ဖြူတို့စားလေ့ရှိပါတယ်။ အခုမှ သူ့ရဲ့အစာအိမ်နာပျောက် ရ ခြင်းအကြောင်းကိုသိရပါတယ်။ တစ်ဆက်ထဲမှာ မြတ်ဘုရားဟောတဲ့ တရားတော်တစ်ပုဒ်ကို အမှတ်ရ မိလိုက်ပါတယ်။ တရားနာမည်အတိအကျတော့ မမှတ်မိပါဘူး။ ဆိုလိုရင်းကတော့ နိဗ္ဗာန်ရောက်လိုကြောင်း ဘယ်လိုပဲဆုတောင်းပေမဲ့ နိဗ္ဗာန်ရောက်ကြောင်းအကျင့်တွေကိုမကျင့်ရင်မရောက်ဘူး။ နိဗ္ဗာန် ရောက် ကြောင်းအကျင့်တွေကိုကျင့်ရင်တော့ ဆုမတောင်းပေမဲလည်းရောက်မှာပဲတဲ့။

ကျန်းမာစွာဖြင့် နိဗ္ဗာန်သောင်ကမ်းတိုင်လျှောက်လှမ်းနိုင်ကြပါစေ။

ဘာကြောင့်အမျိုးသမီးဖြစ်တယ်။

   “လူမှာအမျိုး၊ ကြက်မှာအရိုး”  “ငှက်ပျောပင်စိုက်၊ မိလိုက်ဖပါ” ဆိုတဲ့စကားတွေကို လူတိုင်းလိုလို ကြားဖူး ပါလိမ့်မယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်အတွက် သူဆင်းသက်လာခဲ့တဲ့မျိုးရိုးက အလွန်အရေးကြီးတယ်လို့ ဆိုလိုတာပါ။

   လူကောင်းသူကောင်း မျိုးရိုးသန့်က မွေးဖွါးလာတဲ့သူဟာ လူကောင်းသူကောင်းလေးဖြစ်ပြီး။ လူဆိုး လူမိုက်တွေက မွေးဖွါးလာတဲ့သူက လူဆိုးလူမိုက်ဖြစ်မယ်လို့ ဆိုလိုတာပါ။

   ဒါပေမဲ့မျိုးရိုးတစ်ခုထဲကြောင့် လူကောင်းသူကောင်းမဖြစ်နိုင်သလို လူဆိုးလူမိုက်         တစ်ယောက်လည်းမဖြစ်နိုင်တာကို သူတော်ကောင်းတွေ ဆီရောက်သွားလို့ သူတော်ကောင်းဖြစ်သွားတဲ့ ကျေးနှင့်လူဆိုးသူခိုးတွေဆီရောက်သွားလို့ ဆိုးသွမ်းသွားတဲ့ ကျေးညီနောင်နဲ့ ဥပမာ ပေးကြပါတယ်။
“ရွှေပင်နားတော့ ရွှေကျေး၊ ငွေပင်နားတော့ ငွေကျေး၊” လို့ လဲစာဖွဲ့ကြပါတယ်။

     အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်(၀ါ) သတ္တ၀ါတစ်ကောင်ရဲ့ အမူအကျင့်၊ စိတ်ထားတွေဟာ ရုပ်ခန္ဓာပေါ်တွင်သာမက စိတ်ခန္ဓာ နှစ်မျိုးလုံးပေါ်မှာမူတည်နေလို့ပါပဲ။

          ဒါကြောင့် ဓမ္မဘေရီ ဆရာတော် အရှင်ဝီရိယ(တောင်စွန်း) ရဲ့တန်ဖိုးရှိလှတဲ့ ပဋ္ဌာန်းတရား တော်၊  ကမ္မပစ္စည်းအခန်းမှာ၊ “ဗီဇနဲ့ ပတ်ဝန်းကျင်” ဘယ်ဟာအဓိကကျသလဲ ဆိုတဲ့ ပြဿနာကို သပြေကန် ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ မထေရ်ကြီးကို ကိုးကားပြီး ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဆိုတဲ့ မုချသေချာတဲ့ ဆုကြီးပန် နိယတပစ္ဆိမဘဝိက များမှာသာ ဗီဇက ပိုအရေးကြီးပြီး၊ဆုကြီး ပန်မဟုတ်တဲ့ အနိယတ ပစ္ဆိမဘဝိက ပုဂ္ဂိုလ် များမှာတော့ ပတ်ဝန်းကျင်က ပိုအရေးကြီး တယ်လို့ ရှင်းလင်းပြထားပါတယ်။

ကျမ အခုဖေါ်ပြမဲ့ မျိုးရိုးဗီဇ (Genetics) ဆိုတာကတော့ အဲ့ဒီလောက်မရှုပ်ထွေး၊ မခက်ခဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်သက်သက်ကိုသာသိတဲ့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်မို့ပါပဲ။

   ကျမတို့ရဲ့ရုပ်လက္ခဏာတွေဟာ အမိအဖတို့ရဲ့ မျိုးရိုးဗီဇ (Genes) တွေကရတာဖြစ်ပြီး၊ ကျမတို့ရဲ့ ပဋိသန္ဓေခဏကစပြီး ကိုယ်ခန္ဓာရဲ့ အစေ့ (Nucleus) ပါတဲ့ဆဲ(Nucleated cell) ထဲက Nucleus ထဲမှာရှိတဲ့၊ ခရိုမိုဇုံး (Chromozone) လို့ခေါ်တဲ့ မုန့်ကြိုးလိင်လို၊ အရာတွေ ပေါ်မှာသိမ်းဆည်း ထားပါတယ်။ လူမှာ ခရိုမိုဇုံး  ၂၃  စုံရှိပါတယ်။ တစ်ခြမ်းက အမိဆီကရပြီး၊ ကျန်တစ်ခြမ်းကတော့ အဖေဆီကရပါတယ်။ ခရိုမိုဇုံး ၂၃  စုံထဲက၊ တစ်စုံက လိင်နဲ့ပတ် သက်တဲ့လက္ခဏာတွေ (Sex  Chromozone) ဥပမာ၊ အမျိုးသမီး၊ အမျိုးသားဖြစ်စေတဲ့ ဗီဇ ကိုသယ်ဆောင်ပါတယ်။ ကျန် ခရိုမိုဇုံး ၂၂ စုံကတော့ ကျန်တဲ့ လက္ခဏာတွေ ဥပမာ။မျက်စိ၊ နှလုံးစသည်တို့နဲ့ပတ်သက်လို့ ကိုယ်ခရိုမိုဇုံး (Autosomes)  လို့ခေါ်ပါတယ်။

   လက္ခဏာတစ်ခုချင်း ဥပမာ၊ မျက်လုံးပြာတာ၊ ညိုတာ အတွက်ကတော့ ခရိုမိုဇုံးတွေ ပေါ်မှာရှိတဲ့ မျိုးရိုးဗီဇ (Gene) တွေကလုပ်ဆောင် ပါတယ်။လူမှာ မျိုးရိုးဗီဇပေါင်း နှစ်သောင်းသုံးထောင်ခန့်ရှိပါတယ်။

    အမျိုးသမီးတစ်ယောက်မှာ ကိုယ်ခရိုမိုးဇုံး ၂၂ စုံနဲ့ (XX) လို့ခေါ်တဲ့ လိင်ခရိုမိုဇုံးတစ်စုံ ရှိပြီး။ အမျိုးသားတစ်ယောက်မှာတော့ ကိုယ်ခရိုမိုးဇုံး ၂၂ စုံနဲ့ (XY) လို့ခေါ်တဲ့ လိင်ခရိုမိုဇုံး တစ်စုံ ရှိပါတယ်။ အဖရဲ့ မျိုးဥ (Sperm) တွေမှာ ကိုယ်ခရိုမိုဇုံး၂၂ ကြိုးနဲ့ (X) လိင် ခရိုမိုဇုံးပါတဲ့ အဖမျိုးဥရယ်၊  ကိုယ်ခရိုမိုဇုံး၂၂ ကြိုးနဲ့ (Y) လိင် ခရိုမိုဇုံး ပါတဲ့ အဖမျိုးဥရယ် လို့နှစ်မျိုးရှိပါတယ်။
      အမိရဲ့မျိုးဥ (ovum) မှာတော့ကိုယ်ခရိုမိုဇုံး၂၂ ကြိုးနဲ့ (X) လိင်ခရိုမိုဇုံးပါတဲ့အမ မျိုးဥ တစ်မျိုးထဲ သာ ရှိပါတယ်။
(Y) လိင်ခရိုမိုဇုံးပါတဲ့အဖမျိုးဥနဲ့ (X) လိင်ခရိုမိုဇုံးပါတဲ့ အမမျိုးဥပေါင်းမိတဲ့အခါ ကိုယ်ခရိုမိုဇုံး၂၂စုံနဲ့ (Y) (X) လိင်ခရိုမိုဇုံး ပါတဲ့ အမျိုးသားဖြစ်လာပါတယ်။
(X) လိင်ခရိုမိုဇုံးပါတဲ့အဖမျိုးဥနဲ့ (X) လိင်ခရိုမိုဇုံးပါတဲ့ အမမျိုးဥပေါင်းမိတဲ့အခါ ကိုယ် ခရိုမိုဇုံး၂၂စုံနဲ့ (X) (X) လိင်ခရိုမိုဇုံး ပါတဲ့အမျိုး သမီး ဖြစ်လာ ပါတယ်။

သိပ္ပံပညာရှင်တွေက ဘာဖြစ်လို့ တစ်ချို့မှာ (X) လိင်ခရိုမိုဇုံးပါတဲ့အဖမျိုးဥနဲ့ပေါင်းပြီး တစ်ချို့ကျတော့ (Y) လိင်ခရိုမိုဇုံးပါတဲ့အဖမျိုးဥနဲ့ပေါင်းရ တာလဲဆိုတာကိုမသိကြတာမို့ ကျပန်း၊ ကြုံရာ၊အလျဉ်းသင့်သလို (Random) ပဲလို့ အလွယ်တကူဖြေ ကြပါတယ်။

   မြတ်စွာဘုရားရဲ့ အတိုင်းမသိ ကြီးကျယ်မြင့်မားလှတဲ့ ဉာဏ်တော်ကြောင့်ဗုဒ္ဓဘာသာဝင်တွေက တော့သိကြရပါတယ်။ သူလုပ်ခဲ့တဲ့ ကံ (၀ါ) သင်္ခါရ တွေနဲ့  အမျိုးသမီး ဘ၀ကို ခင်တွယ်တဲ့ တဏှာ ကြောင့် အမျိုးသမီးဘ၀ရပြီး၊ အမျိုးသား ဘ၀ ကိုခင်တွယ်တဲ့တဏှာကြောင့် အမျိုးသားဘ၀ကို ရကြရတာပါ။

အကြောင်း သိတာကြောင့် လိုချင်တဲ့အကျိုး ကိုလည်းအလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။ ဆိုလိုတာက ယောကျာ်းဘ၀လိုချင်ရင် ယောကျာ်း ဘ၀ကိုခင်တွယ်၊ မိန်းမ ဘ၀ကိုလို ချင်ရင် မိန်းမဘ၀ ကိုခင်တွယ်တဲ့ စိတ်ညွှတ်ရုံပါလဲ။ ဒါပေမဲ့ တစ်ခုသတိထားရ မှာက ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ် ကံ (၀ါ) သင်္ခါရတွေရဲ့ ဖျက်စီးခြင်းကို မခံရအောင်သူတစ်ပါး သားမယား (အမျိုးသားရော၊ အမျိုးသမီးရောကို ဆိုလိုပါတယ်)ကို မဖျက်စီးဖို့ ပါပဲ။

      အဲ့ဒီ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ရင်တော့၊ မိန်းမပီပီသသ၊ ယောကျာ်းပီပီသသ မဖြစ်နိုင်ပါဘူး။ များသောအားဖြင့် ဗုဒ္ဓဘာသာတွေအသိလွဲ နေတာက၊ အမျိုးသမီးဘ၀ ကနိမ့်ကျတဲ့ဘ၀ ဒါကြောင့်မို့ ကုသိုလ်ကံ နည်းလို့ မိန်းမဖြစ်ရပြီး၊ မိန်းမဘ၀ ဟာခွေးထီး လောက်မှမမြတ်ဘူးလို့ ကိုယ့်ကို ၉လလွယ်ပြီး အသက်စွန့် ဖွါးခဲ့တဲ့ ကိုယ့်မိခင်ရဲ့ မျက်နှာကိုမှ မထောက် နှိမ့်နှိမ့် ချချပြောတဲ့အထိ အသိမှားနေကြပါတယ်။ တကယ်သိရမှာက ခွေး (အထီးဖြစ်ဖြစ် အမဖြစ်ဖြစ်) ဆိုတာတိရစ္ဆာန်၊ တစ်နည်းအပါယ်ဘုံသား၊ အကုသိုလ်တွေလုပ်ခဲ့ လို့ဖြစ်ရတာ။ အထူးသဖြင့် အ၀ိဇ္ဇာ (၀ါ) မောဟများပြီး၊ ဉာဏ်နည်းခဲ့လို့ပါ။ လူဆိုတာ (ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်) ကုသိုလ်ကောင်းမှုတွေကြောင့် ဖြစ်ရတာဆိုတာကို ရည်ရည် လည်လည် သိသင့်ပါတယ်။

  ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ(တောင်စွန်း)ရဲ့ ကမ္မပစ္စည်း အခန်းမှာ မြတ်ဘုရားရဲ့ပါရမီဖြည့်ဘက် ယသော်ဓရာကို ဥပမာထား ဖြေရှင်းထားပါတယ်။  ယသော်ဓရာအလောင်းဟာ အဂ္ဂသာဝကကြီးတွေတောင် တစ်သင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ကြပေမဲ၊့ သူမကတော့ မြတ်စွာဘုရားနဲ့ အတူတူ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့် ကျင့်ခဲ့တာမို့ မြတ်ဘုရားကလွဲရင် ကုသိုလ်အများ ဆုံးဖြစ်ပါတယ်။ ထိုနည်းအတူ ပါရမီရှင်ရဟန္တာမကြီးတွေလဲ ကုသိုလ်တွေများလွန်လို့ အားလုံး ယောက်ျားတွေ ဖြစ်ကုန်မှာပေါ့လို့ ဓမ္မဓိဋ္ဌာန်ကျကျ ရှင်းပြထားပါတယ်။

      တကယ်ကတော့ လူယောက်ျားပီပီသသ၊ လူမိန်းမပီပီသသဖြစ်ဖို့က လူဖြစ်ထိုက်တဲ့ကုသိုလ်တွေနဲ့ ပြည့်စုံမယ်။ ယောက်ျား (၀ါ) မိန်းမဘ၀ ကိုလိုချင်တဲ့ တဏှာရှိပြီး၊ အဲဒီ ကုသိုလ်ကံ ကိုဖျက်စီး နောက်ယှက်မဲ့ အကုသိုလ်ကံတွေ မပါဖို့ လိုတယ်လို့ ပြောရပါမယ်။

    ယောက်ျားတွေဟာ မိန်းမတွေထက် ခွန်အားဗလ ပိုပြီး သန်မာတယ်ဆိုတာ လူတိုင်း အသိပါ။ အမျိုးသမီးတစ်ယောက် ဘယ်လောက်ပဲ သန်မာသန်မာ၊ အမျိုးသားတစ်ယောက်ကို အလဲမထိုးနိုင်ပါဘူး။  ဒီအရည်အချင်းကြောင့် မိန်းမဘ၀နဲ့ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ မဟာဗြဟ္မာ တို့မဖြစ်နိုင် တာပါ။ အားလုံးသိတဲ့အတိုင်း ဘုရား၊ပစ္စေကဗုဒ္ဓါ၊ မဟာဗြဟ္မာဖြစ်ဖို့ဆိုတာ အလွန် ပြင်းထန်တဲ့ ဈန်သမထကို လေ့ကျင့်ကြရတာမို့ ကာယခွန်အား သိပ်မကောင်းတဲ့မိန်းမခန္ဓာ နဲ့ မကျင့်နိုင်လို့ပါ။ ကုသိုလ်နည်းလို့ မဟုတ်ပါဘူး။

ထင်ရှားတဲ့ ကိုယ်ကာယ တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ နောက်သာဓက တစ်ခု ပြရ ရင် ယောက်ျားတွေ ဘာဖြစ်လို့ ကိုယ်ဝန်မဆောင်နိုင်တာလဲ။

        မြတ်စွာဘုရားလို စကြာဝဠာတစ်ခုလုံး အတိုင်းမသိ သာလွန်မြင့်မြတ်တဲ့ သားကောင်း သားမြတ် ရတနာကို ဘာဖြစ်လို့ မြင့်မြတ်တဲ့ ယောက်ျားသားဖြစ်တဲ့ ဖခမည်းတော်က ကိုယ်ဝန် မဆောင်ပဲ၊ နိမ့်ကျ ပါတယ်ဆိုတဲ့၊ အကုသိုလ်ရှင် မယ်တော်ကိုယ်ထဲမှာ ဆောင်ရတာလဲ။ ရှင်းရှင်း လေပဲ ယောက်ျားတွေမှာ ကိုယ်ဝန်ဆောင်နိုင်တဲ့ သားအိမ် ခေါ်တဲ့ ရုပ်ကြီး မရှိလို့ ပဲပေါ့။

အကြောင်းတိုက်ဆိုင်လို့ ဆေးလောကမှာ စမ်းသပ်ခဲ့တဲ့ သုတေသန လေးတစ်ခု ပြောပြချင်ပါတယ်။ ယောက်ျားတွေမှာ သားအိမ် မရှိပေမဲ့ ၀မ်းခေါင်းရှိတယ်။မိန်းမတွေလို ပဲကိုယ်ဝန် ဆောင်နိုင်ရမယ်ဆိုပြီး (Fertilized ovum) အဖို၊ အမ မျိုးပေါင်းပြီးအောင်မြင်တဲ့ သန္ဓေသားကို ယောက်ျားတစ်ယောက် ရဲ့  ၀မ်း ခေါင်းထဲမှာ တွဲကပ်ပေးလိုက်ပါတယ်။

     လတော်တော်ကြာကြာအထိသန္ဓေသားဟာ အူနံရံက သွေးတွေစုပ်ပြီး ကြီးထွားလာပါတယ်။ ထူးခြားတဲ့ အကြံနဲ့ သူ့ရဲ့ လုပ်ဆောင်ချက် အောင်မြင်တယ်ဆိုပြီး သုတေသန ပညာရှင်ကြီး ၀မ်းသာလို့မဆုံးခင် သန္ဓေသား တွယ်ကပ်ထားတဲ့အူနံရံတွေ ပါးပြီး ပေါက်မဲ့ အခြေအနေ၊ အစမ်းသပ်ခံတဲ့ (Volunteer) စေတနာရှင်ရဲ့ အသက် အန္တာရယ်ကြောင့် သန္ဓေသားကို အမြန်ဆုံး ခွဲထုတ်လိုက် ရပါတော့တယ်။

မဟာကရုဏာရှင် မြတ်ဘုရားမှာ သေးသိမ်တဲ့ နိမ့်ကျတဲ့ လူလူချင်း အဆင့်အတန်း ခွဲခြား တာမရှိပါဘူး။ ဒါကြောင့်ဗုဒ္ဓဘာသာမှာ အမျိုးသား အမျိုးသမီး ခွဲခြားမှုမရှိပါဘူး။

   စေတီတော်တွေမှာ မိန်းမမသွားရဆိုတာ၊ ဘုရားပညတ်တဲ့ဥပဒေမဟုတ်ပါဘူး၊ ဘုရားလူကြီးတွေ လုပ်ထားတဲ့ ဥပဒေလို့ မဟာစည်ဆရာတော်ဘုရားဖြေကြားထားတာ ဖတ်ရဘူးပါတယ်။ အသဲပိုပြီး မူယာမာယာများတတ်တဲ့ များစွာသော မိန်းမတွေကြောင့် ပြဿနာ မဖြစ်အောင်ဘုရားလူကြီးတွေက  ကြိုတင်ကာကွယ်တဲ့အနေနဲ့ အန္တာရယ်ရှိနိုင်တဲ့ နေရာတွေ၊ သဲထိပ်ရင်ဖိုဖြစ်နိုင်တဲ့ နေရာတွေကို မိန်းမတွေ မသွားအောင် ကြိုတင်တား မြစ်ထားတာပါ။
 
 မြတ်ဘုရားက မိန်းမတွေမကောင်းကြောင်း ဟောတယ်လို့ စွပ်စွဲချင်ပါသေးသလား။ မြတ်ဘုရားရဲ့ သာသနာကို စောင့်ရှောက်ရမဲ့ရဟန်းတွေဟာ အာသဝေါကင်းကွာတဲ့ ရဟန္တာတွေ မဟုတ်သလို နွား(ကန်တော့နော် လူပြောသူပြော စကားမို့နား လည် လွယ်အောင်သုံးတာပါ) တွေ လဲမဟုတ်လို့ သူတို့ရဲ့ အကြီးမားဆုံး ရန်သူဖြစ်တဲ့ မြူဆွဲဖျက်စီးမဲ့ မိန်းမတွေရဲ့  အန္တာရယ်တွေက ကင်းဝေးအောင်သတိပေး ဟောရတယ်ဆိုတာ သိဖို့လိုပါတယ်။

   မိန်းမကောင်း မိန်းမမြတ်တွေကို မြတ်ဘုရားက အဂ္ဂသာဝကတွေနဲ့ တန်းတူ  အဂ္ဂသာဝိကာတွေ အနေဲ့ချီးမြှောက်တော်မူတာ အားလုံးအသိပါပဲ။
အရှင်အာနန္ဒာအလောင်းတော် ဘ၀က ကာမေသုမိစ္ဆာစာရကံတွေ ကျူးလွန်ခဲ့လို့မိန်းမ ဖြစ်ခဲ့ရတယ်လို့ ဆိုလိုချင်ပါသလား။

     အရှင်အာနန္ဒာ အလောင်း ကာမေသုမိစ္ဆာစာရကံတွေကျူး လွန်ပြီးတဲ့ နောက်ဖြစ်ရတဲ့ ဘ၀တွေကို သေသေချာချာ လေ့လာမယ်ဆိုရင် ။ အထီးတိရစ္ဆာန်ဖြစ်တဲ့ ဘ၀တွေမှာ သူ့ရဲ့အထီးလက္ခဏာဖြစ်တဲ့ ဂွေးဥကို ကိုက်ဖြတ်ခံရခြင်း၊ သင်းကွပ်ခံရခြင်းဆိုတဲ့ ၀ဋ်ကြွေး တွေခံစားရဖို့ ဖြစ်လာရတယ်လို့ထင်ပါတယ်။ အမျိုးသမီးဖြစ်ရတာလည်း အဲ့ဒီအချိန်က  အမျိုးသားတွေက အမျိုးသမီးတွေကိုသာ တပ်မက်တဲ့ အာသာ ရှိပြီး ဖျက်စီးကြလို့ပါ။

အခုခေတ်လို အမျိုးသားတွေကိုပါ အာသာရှိမယ်ဆိုရင်တော့ အမျိုးသားတွေဖျက်စီး ခံရမဲ့ အခြောက်ဖြစ် မယ်ထင်ပါတယ်။

ကာမေသုမိစ္ဆာစာရကံ၏ဆိုးကျိုး(ချမ်းမြေ့ဆရာတော်အရှင်ဇနကာဘိဝံသ)။
သူ့လင်သူ့မယား၊မရှောင်ရှားပဲ၊ပြစ်မှားလေမူ၊
ထိုသည့်သူကား၊ရန်သူပေါများ၊ချစ်သူရှား၏၊     
ယောက်ျားမပြီ၊မ မပြီပဲ၊မကြည် ဣနြေ္ဒ၊ 
ကျက်သရေမရှိ၊ဟိရီမကပ်၊သြတ္တပ်ကင်းကွာ၊
အင်္ဂါချို့တဲ့၊ရှိန်စော်မဲ့၍၊ချို့တဲ့ဥစ္စာ၊ဆင်းရဲရှာ၏။
ကွဲကွာ ချစ်သူ၊သောကဆူလျက်၊စိတ်ပူပြင်းပြ၊
ဆိုးကြောင့်ကြနှင့်၊လားရ ဒုဂ္ဂတိ၊ဆင်းရဲဖိသည်၊
ရ၏ဆိုးကျိုးများစွာတည်း။

     ကာမေသုမိစ္ဆာစာရကံ တွေကျူးလွန်ခဲ့ရင်တော့ ယောက်ျားမဟုတ်၊ မိန်းမ မဟုတ်တဲ့ သူတွေဖြစ်မှာပါပဲ။ အဲ့ဒီလိုလူတွေကို သူတို့ရဲ့အပြင်ပန်း လက္ခဏာတွေအရ သိနိုင်သလို။ အပြင်ပန်း အရမသိရပဲသူတို့ရဲ့ လိင်အင်္ဂါ တွေကြည့်မှ သိတာမျိုး၊ တစ်ချို့ဆိုသူတို့ရဲ့လိင်ခရိုမို ဇုံးတွေ အထိကြည့် ရပါတယ်။

    ယခုအခါ ဥရောပလို တိုင်းပြည်တွေမှာ (Homosexual) ခေါ်တဲ့လိင်တူခြင်း ဆက်ဆံတဲ့ မြန်မာလို(အခြောက်၊ အချစ်တော်) လို့ ခေါ်တဲ့ သူတွေများလွန်းလို့သူတို့ကိုလူကောင်း (normal)တွေလို့ သတ်မှတ်ရပြီး ဥပဒေအရ လက်ထပ်ခွင့်တို့၊ ခလေးမွေးစား ခွင့်တွေတောင် ပေးနေရတာ အားလုံးအသိပါ။
ကျမတို့ ဆေးကျောင်းသူ ဘ၀က အဲ့ဒီလို လိင်တူချင်း စိတ်ဝင်စားတဲ့သူ တွေကို (sexual perversion) သဘာဝ မဟုတ်သော လိင်ဆန္ဒာများ အနေနဲ့ သင်ခဲ့ရတာပါ။
 
 ကျမတို့မြန်မာနိုင်ငံမှာ ကံကောင်းထောက်မစွာ အဲ့ဒီလောက်မဆိုးသေးတာကို အား လုံးအသိပါ။ ဘာဖြစ်လို့လဲလို့စဉ်းစား ကြည့်တဲ့အခါ။ သူတို့တွေဟာ ကာမေသုမိစ္ဆာစာရကံ ကို မစောင့်ဆည်းကြတာကို တွေ့ရပါတယ်။ အိမ်ထောင်သည်ရော ဘာရောဂရုမစိုက်ပဲ၊ ကိုယ့် ခံစားမှုကို ရှေ့တန်းတင်တာကို တွေ့ရ ပါတယ်။ ဘယ်လောက်ထိအခြေအနေဆိုးနေသလဲဆိုရင် သွေးမစပ်လို့ကတော့ ကိုယ့်မိထွေး၊ ကိုယ့်မတ် တွေနဲ့ တောင်ဖေါက်ပြားဖို့ ၀န်မလေးကြ တာကိုကြားသိနေရပါတယ်။ ဖခင်အရင်းဖြစ်သူကလည်း ကိုယ့် သားသမီးကို ဖျက်ဆီးတယ်တဲ့ မကြားဝန့် မနာသာပါပဲ။

    ကျမပါရီရောက်စက ပြင်သစ်အမျိုးသားနဲ့ အိမ်ထောင်ကျတဲ့မြန်မာအမျိုးသမီး တစ်ယောက်က သူ့အမျိုးသားဟာ သူမအပြင် အခြောက်နဲ့လည်း ဆက်ဆံကြောင်း၊ သူ့မိထွေး နဲ့လည်းဆက်ဆံကြောင်း သူ့ပတ်ဝန်ကျင်က အမျိုးသမီးတွေနဲ့ဆက်ဆံတာကတော့ မရေ မတွက်နိုင်ဘူးတဲ့။ ကျမလုံးဝ မယုံခဲ့ပါဘူး။ သူ့အမျိုးသားက သူ့ကိုဂရုမစိုက်လို့ နဲနဲ ချောင်နေ တယ်လို့ ထင်ခဲ့တာ။ ပြင်သစ် စကား အတော်အတန် နားလည်တော့မှ သူမပြောတာ ဟုတ် မှန် နေတာသိ ရပါတော့တယ်။ လင်စံအရွေးမှားလို့ လင်ခွေး ထက် ဆိုးတဲ့ သူ ကြောင့်ချောင်တောင်တောင်ဖြစ်သွားရတာကို ကြေကွဲ ၀မ်းနည်းစွာသိလိုက်ရပါတော့တယ်။

လွန်ခဲ့တဲ့နှစ် ၂၆၀၀၀ လောက်ထဲက မြတ်ဘုရားဟောတော်မူခဲ့ပါတယ်။ လူတွေပျက် စီးခြင်းသုံးပါး ရှိတယ်တဲ့။
၁။အဓမ္မရာဂ (လူအကျင့်မဟုတ်သောတပ်မက်မှု)။ အမိ၊မိကြီး၊မိထွေးစသည့်မသင့်လျော်သော ပုဂ္ဂိုလ်များ၌ဖြစ်သောရာဂ။
၂။ဝိသမလောဘ=သင့်လျောသောအရာဝတ္ထုတို့၌အလွန်အကဲဖြစ်သောလောဘ။
၃။မိစ္ဆာဓမ္မ= ယောက်ျားအချင်းချင်း၊မိန်းမအချင်းချင်းတဏှာရာဂဖြစ်ခြင်းတို့ပါပဲ။ အခုနှစ်ဆယ့် တစ်ရာစုမှာဖြစ်မှာတွေကိုကြိုဟောခဲ့တာပါ။

  ယောက်ျားတွေရဲ့ ကိုယ်ကာယအားဟာမိန်းမတွေထက် သဘာဝအရ ပိုသာတာမို့ နိုင်ငံတကာ အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ၊ အမျိုးသမီး စစ်စစ် (လိင်ဗီဇအရ အမျိုးသမီး စစ်စစ်) ဖြစ်ရပါ့မယ်။
၁၉၉၅ လောက်ကထင်ပါတယ်။ မြန်မာ အမျိုးသမီးအားကစားမယ်တစ်ဦး စင်္ကပူမှာ ကျင်းပတဲ့ဒေသတွင်း အပြေးပြိုင်ပွဲမှာ ပဌမဆွတ်ခူးပါတယ်။ ဆုတံဆိပ် ဆွတ်ခူးတယ်ဆိုတော့ အမျိုးသမီးစစ်မစစ် သိရအောင် သူမရဲ့  ခရိုမိုဇုံးတွေကို စစ်ဖို့ တောင်းဆိုပါတယ်။ အဲ့ဒီအချိန်က အစွမ်းထက်တဲ့ (DNA) နည်းတွေ မပေါ် သေးတော့ ၊ ရှေးဟောင်း နည်းအရ အားကစားသမားရဲ့ အာခေါင်ထဲက ဆဲအချို့ကို ၀ါဂွမ်းနဲ့သုတ်ယူပြီး ဓါတ်ခွဲခန်းမှာ မွေးရပါတယ်။ မွေးထားတဲ့ ဆဲတွေရဲ့ ခရိုမိုဇုံးတွေကို အဆတစ်ထောင်ချဲ့ရင် မြင်နိုင်အောင် ကြီးထွားလာ အောင်လုပ်ရပါတယ်။  နောက် ကြီးနေတဲ့ ခရိုမိုဇုံးတွေကို ဆေးဆိုးပြီး၊ ဓါတ်ပုံ ရိုက်ပြီး ကြည့်ရ ပါတယ်။ အဲ့ဒီလို စစ်ဆေးဖို့ အချိန်အနည်းဆုံး တစ်ပတ်ခန့်ကြာပါတယ်။

မြန်မာအားကစားသမားတွေ ဆုနဲ့လွဲသွားမှာစိုးလို့ စင်္ကပူမှာ ဆေးစစ်တဲ့ အဖြေကို မစောင့်ပဲ ဆုတံဆိပ် ပိုက်ပြီး ခတ်မြန်မြန် ပြန်ပြေးလာကြပါတယ်။

အဲ့ဒီကိစ္စဖြစ်ပြီး နောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲဝင်မဲ့ အမျိုးသမီးအားကစား သမားတိုင်းကို အမျိုးသမီး စစ်စစ်ဖြစ်ကြောင်း လိင်ဗီဇ စစ်ချက်ကို ကျမဌာနက ခရိုမိုဇုံးစစ်တဲ့  တာဝန်ယူရတာမို့။  အားကစားသမား များအပြင်၊ လိင်ပြဿနာဖြစ်နေတဲ့ အမျိုးသမီးတွေကိုလည်း မီးရပ်နဲ့သားဖွား ဆရာဝန်ကြီးတွေက တောင်းဆို လာရင်စစ်ဆေးပေးပါတယ်။

တစ်ချို့မှာ အမျိုးသမီးအင်္ဂါရော အမျိုးသားအင်္ဂါရော နှစ်မျိုးလုံးပါပါတယ်။ အဲ့ဒီလို အခါမျိုးမှာ လူနာရဲ့ ဗီဇလိင်ကို စစ်ဆေးရပါတယ်။ သူ့ဗီဇအတိုင်း သူ့ရဲ့လိင်အင်္ဂါတွေကို ခွဲစိပ် ကုသပေးပါတယ်။

    တခါကသီတာဆိုတဲ့ လူနာတစ်ဦးကို သူ့ယောက်ျားက အမျိုးသမီးနဲ့သား ဖွါးဆရာဝန် ဆီခေါ်သွားပြလို့၊ ဆရာဝန်က စစ်ဆေးကြည့်လိုက်တဲ့အခါ မဖွံ့ဖြိုးတဲ့အမျိုး သမီးအင်္ဂါ ရောအမျိုးသားအင်္ဂါရောရှိပြီး၊ သားအိမ်မရှိတာနဲ့ သူမရဲ့လိင်ဗီဇ သိချင်လို့ ပို့လိုက်တဲ့လူနာပါ။ အမျိုးသမီးဗီဇ ရှိတယ်ဆိုရင်၊ သူ့ယောက်ျားကလည်း ဆက်လက်ပေါင်းသင်းမယ်ဆိုရင်၊ ဆက်ဆံနိုင်ဖို့ ခွဲစိပ်ကုသ ပေးမှာဖြစ်ပါတယ်။

    မျိုးဥတွေဖြစ်စေတဲ့သားမျိုးအိပ် (Ovary) နဲ့ သန္ဓေသားကြီးထွားဖို့သားအိမ် (Uterus) ကိုတော့ ခွဲစိပ် ကုသလို့မရတာကြောင့် သား သမီး တော့ မရနိုင်ပါဘူး။ ခလေးမလေးက ၁၇-၁၈ အရွယ် မိန်းခလေးပါ၊ သူ့မိခင်က သူ့ မွေးတဲ့ အချိန်မှာပဲ သေဆုံးသွားပါတယ်။သူ့ဖခင် ကလည်းသူငယ်ငယ် ကပဲ ဆုံးပါးသွားပါ တယ်။ သူ့မှာအကို ၉ ယောက်ရှိပါတယ်။ အကိုတွေ ကြားမှာကြီးပြင်းလာရတော့၊ မိန်းမ ဓမ္မတာလာတာလဲ မသိ၊ ကိုယ်အင်္ဂါစုံမှန်း မစုံမှန်းလဲ မသိပဲ၊ အိမ်ထောင်ကျ မှသိရတော့တာပါ။ ဒါတောင် သူ့အမျိုးသားက ခေတ်ပညာတတ်ပြီး၊ ဆေးပညာ ဗဟုသုတ ရှိတဲ့သူမို့။ ပညာ နည်းပြီး၊တစ်ယူသန်တဲ့သူသာဆိုရင် အနှိပ်ဆက်ပဲ ခံရမလား။ လူထူး လူဆန်း ဆိုပြီး ပိုက်ဆံ ပဲရှာခိုင်းမလား မသိပါဘူး။
  
ကျမတို့ငယ်ငယ်က မေမေကပြောဘူးပါတယ်။ ခလေးတစ်ယောက် မွေးတိုင်းမေမေ ပဌမဆုံး ကြည့်တာက၊ အင်္ဂါစုံမစုံပဲတဲ့။ မေမေတို့ခေတ်က လက်သယ်ဆိုသူတွေနဲ့  အိမ်မှာမွေး ကြတာပါ။

      မွေးပြီးခလေးရေချိုးပေးတဲ့ အခါ၊ လက်သယ် (၀ါ) မေမေရဲ့အမေက မိန်းခလေးဆိုရင် (ကန်တော့နော်) မီးရပ်လမ်းကြောင်းပွင့်မပွင့်နဲ့ ယောက်ျားလေးဆိုရင် ကပ်ပယ်အိတ် ထဲ မှာ ဂွေးစေ့နှစ်လုံး ရှိမရှိ စမ်းသပ်ကြောင်းပြောပါတယ်။

   ဒီအချက်တွေဟာခလေးတွေရဲ့ ရှေ့ရေးအတွက် အလွန်အရေးကြီးပါတယ်။ အခုခေတ်မှာ ခေတ်ပညာ တတ်ပါတယ်ဆိုတဲ့ တစ်ချို့ဆို မီးရပ်သား ဖွါးဆရာမတွေတောင် ဒီအကြောင်းတွေမသိတာတွေ၊ မစမ်းမိတာ တွေကြောင့်ဒုက္ခရောက်ကြတဲ့ သီတာလို လူနာတွေအများကြီးပါ။ ရှေးလူကြီးတွေရဲ့ ပညာနဲ့ အကျင့် ကောင်းတွေကို ထိမ်းသိမ်းရမှာပါ။

မနန်းစိုး၊မနန်းစံလို နှစ်ယောက်ပူးနေတဲ့ ခလေးနှစ်ယောက် (Simian  twins)ကိုရွာ ကလက်သယ်က အောင်အောင်မြင်မြင် မွေးပေးခဲ့တာကို ထောက်ခြင်းဖြင့် မြန်မာ့လက်သယ်တွေရဲ့ ပညာကို အထင်သေးလို့ မရပါဘူး။ တကယ်ကျွမ်းကျင်သူနဲ့ ရမ်းကုကိုတော့ ခွဲခြားသိဖို့လိုအပ်ပါတယ်။

   အမျိုးသမီးတွေမှာ မီးရပ်လမ်းကြောင်းမပွင့်ရင်၊အရွယ်ရောက်လို့ ဓမ္မတာလာတဲ့အချိန် ဓမ္မတာသွေး တွေအပြင်မထွက်နိုင်ပဲ၊ သေဆုံးသည်အထိ ဒုက္ခရောက်နိုင်ပါတယ်။ ဒါကိုမြန်မာ အမျိုးသမီးတွေ အဓိပ္ပါယ် ကောက်မှားပြီး ဓမ္မတာမှန်မှန်မလာရင် သွေးတွေဝမ်းထဲမှာကျန်နေပြီး သေနိုင်တယ်လို့ ထင်ကြပါတယ်။
   
မွေးကာစမှာ အသားတွေက နုညံ့နေတာကြောင့် အပ်နဲ့တောင် ဖေါက်လို့ရပါတယ်။ ကျမတို့ ငယ်စဉ်က မေမေကရေချိုးစဉ် အပ်ကိုမီးကင်ပြီး (ပိုးသတ်ပြီးသားဖြစ်သွားပါတယ်) နားပေါက် ဖေါက်ပေးပါတယ်။ ခလေးက နာတောင်မနာလို့ ငိုရမှန်းတောင် မသိပါဘူးတဲ့။

အမျိုးသားတွေမှာ ဂွေးစေ့နှစ်လုံးကနေ အဖိုမျိုးဥတွေ ထုတ်ပါတယ်။ အဖိုမျိုးဥ တွေက ကိုယ်အပူ ချိန် 37 C ရှိတဲ့ဝမ်းဗိုလ်ထဲ မှာဆိုရင် သေပါတယ်။ ဒါကြောင့်ဂွေးစေ့နှစ် လုံးဟာအပူချိန်နည်းတဲ့ ကပ်ပယ်အိတ်မှာ ရှိရတာပါ။  တကယ်လို့ နှစ်ခုစလုံး အပြင်ကို မရောက်လာဘူး၊ ၀မ်းထဲမှာပဲရှိတယ်ဆိုရင်။ ခလေးမရနိုင် ပါဘူး၊ အသက်ကြီးလာရင်လဲ ၀မ်းခေါင်းအပူချိန် ကြောင့် ဂွေ့စေ့ကင်ဆာဖြစ် နိုင်ပါ တယ်။ 

       ဒီအကြောင်းနဲ့ပတ်သက်ပြီး လွမ်းမောစရာကောင်းတဲ့ ဇတ်လမ်းလေး တစ်ခုရှိ  ပါတယ်။
ဆေးကျောင်းသားတစ်ယောက်မှာ သူအလွန်ချစ်တဲ့ဇနီးမယားရှိပါတယ်။ သူ့ဇနီးကလည်း မိန်းမကောင်း မိန်းမမြတ်လေးပါ။ သူ့ကိုလည်း အလွန်ချစ်ပါတယ်။

      တစ်နေ့မှာ  သူ့ဇနီးကကိုယ်ဝန်ရှိ နေကြောင်း ၀မ်းသာအားရ ပြောပါတယ်။ ဆေးကျောင်းသားခမြာ   ၀မ်းသာရမည့်အစား သိပ်စိတ်ဆင်းရဲ သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ ကပ်ပယ်အိပ်ထဲမှာ ဂွေးဥ နှစ်လုံးလုံး မရှိပါဘူး။ သူ့ ဇနီးကိုလည်း မေးရမှာ မမေးရက်နဲ့၊ စိတ်ပင်ပန်းမှု ကိုအပြင်းအထန် ခံစားရင်း နောက်ဆုံး မခံစား နိုင်တဲ့တစ်နေ့မှာ အဆုံးစီရင် သွားပါတယ်။

   သူ့အလောင်းကို ခွဲကြည့်တဲ့အခါမှာ၊ ၀မ်းခေါင်းတွင်းက သူ့ဂွေးဥတွေဟာ အပူချိန်များပေမဲ့  မျိုးဥတွေကို ထုတ်နေတာကို အံသြစွာ တွေ့ကြရပါတယ်။ အဲ့ဒီ အချိန်ကစပြီး ဆေးပညာမှာဘယ်တော့မှ (always) အမြဲတမ်းဆိုတဲ့ စကားကို မသုံးပဲ (almost always) များသော အားဖြင့် ဆိုတဲ့ စကားပဲသုံးပါတယ်။ ဆိုလိုတာက တစ်ချို့ လူတွေမှာချွင်းချက်ရှိ နိုင်တယ်၊ ဘယ်တော့မှ ကံသေကံမ မပြောနိုင်ဘူး ဆိုတာကို သိစေဖို့ပါ။

    ကျမရဲ့ သူငယ်ချင်း ဆရာဝန်မ တစ်ယောက်ရဲ့အမျိုး လူပျိုကြီးတစ်ယောက်၊  အသက် ၄၀ မှာဝမ်းထဲက ဆင်းမလာတဲ့ (ဂွေးဥက ၀မ်းတွင်း မှာဖြစ်ပြီး မွေးခါနီးလောက်မှ ကပ်ပယ်အိပ်ထဲကို ဆင်းလာပါတယ်)။ ဂွေးဥကင်ဆာ ဖြစ်ပြီးသေဆုံးသွားပါတယ်။ သူ့ဂွေး ဥတွေ အပြင်မှာမရှိဘူး ဆိုတာသိပေမယ့်၊ ရှက်ပြီး မပြတာကြောင့်၊ ရှောင်နိုင်တဲ့ ကင်ဆာကြောင့် မသေသင့်ပဲ သေခဲ့ရတာပါ။

   ဟီရိသြတ္တပ္ပဆိုတာကို မြန်မာတွေ အဓိပ္ပါယ်ကောက် လွဲနေကြတယ်ထင်ပါတယ်။ သူ့အဓိပ္ပါယ်က အကုသိုလ်လုပ်ရမှာ ၊ပြောရမှာ၊ ကြံရမှာကို ရှက်ရ၊ ကြောက်ရမှာပါ။ ကုသိုလ် လုပ်ရမှာ၊ ပြောရမှာ၊ ကြံရမှာကို ရှက်ရ၊ ကြောက်ရမှာမဟုတ်သလို၊ အခုလို ကိုယ့်ကျန်းမာရေး နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ရှက်ဖို့ ကြောက်ဖို့မဟုတ်ပါဘူး။

ကျန်းမာရေးဗဟုသုတတွေရကြပြီးကျန်းမာရွင်လန်းကြပါစေ။

Monday, June 4, 2018

သွေးနဲ့အ၇က်လဲကြသူများ။

လွန်ခဲ့သောအနှစ် ၄၀ ကစပ်စံထွန်းဆေးရုံမှာ မီး ၂၄ နာရီမလာတဲ့အတွက် သွေးဘဏ်မှာသွေးလှူရှင်တွေရဲ့သွေးတွေကိုအလှူခံပြီးသိမ်းထားလို့မရတာကြောင့် သွေးလိုသော ခွဲစိပ်လူနာများ၊သွေးသွင်းရန်လိုသောလူနာတွေအတွက် သွေးကို နေ့ချင်းဖေါက်စစ်ရပါတယ်။ လူနာအများစုကလဲခရီးဝေးကလာရောက်ကြရသူများဖြစ်တာကြောင့် လူနာအတွက်သွေးလှူမဲ့ မိတ်ဆွေများ၊ဆွေမျိုးများမရှိတာကြောင့် ဆေးရုံမှ အလုပ်သမားများထံက ၀ယ်ယူကြပါတယ်။ ဒီကိစ္စကတရားမ၀င်ပေမဲ့ အခြေအနေကြောင့် မျက်စိမှတ်နေရပါတယ်။ စေတနာရှင်ဆိုသူ သွေးလှူရှင်တွေကများသောအားဖြင့် အရက်သောက်သူများဖြစ်ပြီး အရက်ဖိုးရအောင် မိမိတို့ရဲ့သွေးကိုရောင်းစားကြသူတွေပါ။ အဖိုးတန်တဲ့သွေးကို အဖိုးမတန်ထဲ့အရက်နဲ့လဲစားနေတာကာရကံရှင်ကိုယ်တိုင်ကသိကြပါတယ် ဒါပေမဲ့ အရက်ဆွဲပြီဆိုတော့ အမှားအမှန်ဘာမှမစဉ်းစားနိုင်၊မှန်တာမှန်သိပေမဲ့လဲမလုပ်နိုင်ပဲ။ တဏှာ၊ဥပဒါန်ရဲ့ဆွဲဆောင်မှူနောက်လိုက်ကြရသူတွေပါ။ အဲ့ဒီသွေးလှူရှင်တွေကိုသွေးလှူရှင်ကပ်ပြားပေးထားပါတယ်။သွေးလှူတဲ့စေတနာကို အသိအမှတ်ပြုဖို့ထက် သူတို့ဘယ်တုန်းကသွေးလှူပြီးပြီးဆိုတာသိရအောင်လို့ပါ။ သွေးလှူထားတာ ၃ လမပြည့်သေးရင်၊ ပေးမလှူပါဘူး။ နောက်ပြီးသွေးလှူရှင်တွေကို လက်ဆောင်အဖြစ်ပေးတဲ့ကြက်ဥနဲ့အားဆေးတွေကိုလဲ စားစေချင်လို့ပါ။ သွေးလှူရှင်တွေထဲမှာ ဓါတ်ခွဲခန်းက technician တွေနဲ့စာရေးတွေလဲပါ ပါတယ်။ တနေ့ အပြင်လူနာဌာနနဲ့အရေးပေါ်တာဝန်ကျဆရာဝန်ခွင့်ယူလို့လူစားဝင်ရောက်တာဝန်ထမ်းဆောင်စဉ် တိုက်တိုက်ဆိုင်ဆိုင်စာရေးကြီး ရုတ်တရက်သေဆုံးပြီးဆေးရုံရောက်လာတာနဲ့တာဝန်အရ ရင်ခွဲစစ်ဆေးရပါတယ်။ စာေ၇းကြီးကသဘောကောင်းပြီးညနေဘက်ဆို အချမ်းပြေဟုဆိုက တစ်ခွက်တစ်ဖါလားမော့ပြီးဆေးရုံကိုေ၇ာက်လာတတ်ပါတယ်။ ရင်ခွဲစစ်ဆေးတဲ့အခါ အရက်သောက်သူတို့ထုံစံအတိုင်းအသဲက၀ါပြီးကြီးနေပါတယ်။ အသဲအဆီပိတ် ( fatty liver) နေတဲ့အခြေအနေပါ။ ဒါပေမဲ့ ဒီရောဂါကသေစေလောက်အောင်မဆိုးသေးပါဘူး။ ဒါပေမဲ့ ဥဏှောက်ဖွင့်လိုက်တော့ ဥဏှောက်ရောင်ပြီး၊ဥဏှောက်ရဲ့အောက်ပိုင်းအသက်ရှင်မှူနဲ့သက်ဆိုင်တဲ့ ( vital centers) နေရာက
သူ့ကိုကာကွယ်ပေးတဲ့အပြင်ဇက်ရိုးတွေထဲကျွန်ကျလို့သေဆုံးခဲ့တယ်ဆိုတာတွေ့ရှိရပါတယ်။ စာရေးကြီးက ဈေးပေါ်ပေါ်နဲ့ရတဲ့အရက်ကိုဝယ်သောက်ခဲ့ရာမှ ခုလိုသေဆုံးခဲ့ရတာပါ။ သာမန်အရက်က ဓါတုဗေဒအရ ethy alcohol (drinking alcohol) သောက်လို့ရတဲ့အရက်လို့ခေါ်ပါတယ်။ သူကချက်ချင်းကြီးမသေစေဘဲ၊ ဖြေး ဖြေးခြင်းညှင်းသတ်တာပါ။ အရက်ပျံလို့ခေါ်တာက methy alcohol ပါ။ အရက်ပျံကအလွန်အဆိပ်ပြင်းပါတယ်။ အမြင်အာရုံကြော် (optic nerve)  ကိုဖျက်ဆီးပါတယ်။  ဥဏှောက်ကိုချက်ချင်းရောင်စေပါတယ်။ အရက်ရောင်းသူတွေက ဈေးပေါ်တဲ့ အရက်ပျံကို ethy alcohol ထဲ ရော်ရောင်းခဲ့တာပါ။
methy alcohol 10 ml က မျက်စေ့ထာဝရကန်းစေပါတယ်။
methy alcohol 30 ml ကနာရီပိုင်းအတွင်းသေစေပါတယ်။
Fatal dose (သေစေနိုင်တဲ့ပမာဏ) 0.5 mg/kg body weight/day

Sunday, June 3, 2018

ကာကွယ်လို့ရတဲ့တစ်ခုတည်းသောကင်ဆာ။


လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ကင်ဆာဆေးရုံကိုအမျိုးသမီးလူနာတစ်ယောက် ရောက်လာတယ် ဆိုရင် အိမ်ထောင်သည်လား၊ အပျိုကြီးလား ဆိုတာမေးလိုက်ရုံနဲ့တင် ဘာကင်ဆာဆိုတာ အတတ်ပြောနိုင် လောက်အောင် အမျိုးသမီးတွေမှာအဖြစ်အများဆုံးကင်ဆာက သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ပါ။ သားအိမ်ခေါင်း ကင်ဆာက အိမ်ထောင်သည်တွေမှာဖြစ်ပြီး၊ ရင်သားကင်ဆာကအပျိုကြီးတွေမှာဖြစ်ပါ တယ်။ နိုင်ငံခြားမှာတော့ အပျိုကြီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ အပျိုကြီးဆိုတာတွေနဲ့ကျမတို့အပျိုကြီးတွေမတူလို့ပါပဲ။ သူတို့ဆီမှာက တရားဝင်တစ်ခါမှ လက်မထပ်ဖူး တဲ့သူတွေကို အပျိုကြီးလို့ခေါ်တာပါ။ လက်မထပ်ဖူးပေမဲ့ အပျိုဖြစ်တာနဲ့လိင်ဆက်ဆံကြတဲ့ သူတွေပါ။ အာရှလို့ခေါ်တဲ့ ဂျပန်နိုင်ငံမှာတောင် လွန်ခဲ့တဲ့ အနှစ် ၃၀ ကျမရောက်ခဲ့စဉ်က အသက် ၁၂ နှစ် အရွယ် ဂျပန်မိန်းကလေးတိုင်း လိင်ဆက်ဆံဖူး တယ်ဆိုတဲ့ ဆောင်းပါး ဖတ်ခဲ့ ရပါတယ်။ ကျမတို့မြန်မာ အမျိုးသမီးအများစုက အိမ်ထောင်ကျမှသာ ဆက်ဆံကြတာပါ။ ဒီလှပယဉ်ကျေးတဲ့ အကျင့်လေးကြောင့် ကျမတို့ အပျိုကြီး တွေမှာ သားအိမ်ခေါင်း ကင်ဆာမဖြစ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သားအိမ်ခေါင်း ကင်ဆာက လိင်ဆက်ဆံရာက ကူးဆက်လာတဲ့ ဗိုင်းရပ်ပိုးမျိုးဖြစ်တဲ့ Human Papilloma Virus ခေါ်တဲ့ ပိုးကြောင့်ဖြစ်တာမို့ပါ။

ကျမတို့ခေတ်တုန်းကတော့ ဒီကင်ဆာဘာကြောင့်ဖြစ်တယ်ဆိုတာတိတိကျကျမသိခဲ့ကြပါဘူး။ လိင် ဆက်ဆံဖက်များခြင်း ၊ခလေးများခြင်း၊ မျိုးရိုး ထဲတွင် သားအိမ်ခေါင်း ကင်ဆာရှိခြင်း၊ ငယ်ငယ်နဲ့ အိမ်ထောင်ကျသူတို့နဲ့ ဆက်နွယ်နေ တာကိုသာတွေ့ ခဲ့ရပါတယ် ။ ယခု အခါမှာတော့ Human Papilloma Virus ဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်း အချက် ဖြစ်ပြီး။ လိင် ဆက်ဆံဖက်များခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ HIV ပိုးဝင်ခြင်း၊ Chlamydia ပိုးဝင်ခြင်း ၊ စိတ်ဖိစီးမှုနှင့် ဆက်နွယ်နေ သောအခြေအနေများ ၊ အစားအသောက် ၊ ဟော်မုန်းပါသော သားဆက်ခြားဆေးများ ၊ စတာတွေက သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေဖို့ ပန့်ပိုးကြတဲ့ အကြောင်း တွေ (Cofactors) ဖြစ်တယ်လို့သိရပါပြီ။

       သားအိမ်ခေါင်းကင်ဆာကို အင်္ဂလိပ်လို Cervical cancer လို့ခေါ်ပါတယ်။ ဒီကင်ဆာဟာ သားအိမ်ရဲ့အ၀ (Uterus Cervix) မှာ ရှိတဲ့ ဆဲလ်တွေကနေ ကင်ဆာဖြစ်တာပါ။ HPV ဗိုင်းရပ်စ်မှာ အမျိုးအစားပေါင်း ၂၀၀ အထိရှိပြီး လူ့ခန္ဒာကိုယ်အနှံ့မှာ ရောဂါဖြစ်စေနိုင်ပါတယ်။ အဲဒီထဲက သားအိမ်ခေါင်းကင်ဆာ ကိုဖြစ်စေတဲ ဗိုင်းရပ်စ်ပိုးအမျိုးပေါင်း ၁၅ မျိုးရှိပါတယ်။ (၁၆၊ ၁၈၊ ၃၁၊ ၃၃၊ ၃၅၊ ၃၉၊ ၄၅၊ ၅၁၊ ၅၂၊ ၅၆၊ ၅၈၊ ၅၉၊ ၆၈၊ ၇၃၊ ၈၂ ) တို့ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပိုးမျိုးပေါင်း ၃၇ မျိုးနဲ့စမ်းသပ်ရာ မှာ သားအိမ်ခေါင်းကင်ဆာ အဖြစ်အများဆုံး၊ ဗိုင်းရပ်စ်မျိုးက နံပါတ် ၅၂ ဖြစ်ပြီ်း၊ဒုတိယ အဖြစ်အများဆုံး နံပါတ် ကတော့ ၃၁ လို့ဆိုပါတယ်။

အနောက်နိုင်ငံကသားအိမ်ခေါင်းကင်ဆာ ၇၀ ရာခိုင်နှုန်းက ၁၆ နဲ့ ၁၈ တို့ဖြစ်ပြီး၊ ၆ နဲ့ ၁၁ က လိင်အင်္ဂါကြွက်နို့တွေဖြစ်စေတာတွေ့ရပါတယ်။ ဒါကြောင့် သူတို့ထုတ်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး  ၂မျိုးဖြစ်တဲ့ Gardasil နဲ့ Cervarix မှာ Cevarix ဆေးက ၁၆ နဲ့ ၁၈ ကိုကာကွယ်နိုင်ပြီး။ Gardasil က ပိုး ၄ မျိုးလုံးကို ကာကွယ်နိုင်အောင်လုပ်ထားပါတယ်။ ဒါပေမဲ့ ဘယ်ကာကွယ်ဆေးကမှ  အပြည့်အ၀ ရောဂါမဖြစ်အောင် မကာကွယ်နိုင် ပါဘူး။ ပြီးတော့ ဒီဆေး တွေပာာ ကာကွယ်ဆေး သက်သက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပြီးသူတွေမှာထိုးရင်တော့ ဘာမှအကျိုးမထူးနိုင်ပါဘူး။
သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာများ။
အစောပိုင်းမှာ ဘာလက္ခဏာမှ မပြပဲ ရှိနေနိုင်ပါတယ်။ မူမမှန်သွေး ဆင်းမှု ၊ အမျိုးသားနဲ့ အတူနေ သည့်အခါ သွေးဆင်းခြင်း၊ နာကျင်ခြင်းတွေဟာ သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ် ။ ပိုမိုးဆိုးရွားတဲ့ အဆင့်ရောက် နေပြီ ဆိုရင်တော့ ၀မ်းဗိုက် ၊ အဆုတ်နဲ့ နေရာ တော်တော် များများ မှာ ပျံ့နှံ့ခြင်း (Metastases) တွေဖြစ်ပြီး၊ အစားအသောက်ပျက်ခြင်း ၊ ပိန်ချုံးခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ တင်ပ ဆုံရိုးအတွင်းကိုက်ခဲခြင်း ၊ ခါးနာခြင်း ၊ ခြေထောက်များနာခြင်း ၊ ခြေထောက်များရောင်လာခြင်း ၊ သွေးအလွန် အမင်းဆင်းခြင်း ၊ အရိုးကျိုးခြင်းများ ၊ တခါတရံ မိန်းမကိုယ်မှ ဆီး သို့မဟုတ် မစင်များ ထွက်ကျခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ နိုင်ပါတယ် ။
သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်နိုင်သလဲ။၁ ။ Screening ပြုလုပ်ခြင်း (ကင်ဆာဖြစ်ဖြစ်ချင်းသိအောင်စစ်ဆေးခြင်းဖြစ်ပါတယ်)။
Pap smear ခေါ်သားအိမ်ဝမှဆဲလ်များကိုကင်ဆာဖြစ်၊မဖြစ် စစ်ဆေးခြင်းဖြစ်ပါတယ်။ ၃ နှစ် တစ်ကြိမ် ငါးနှစ်တစ်ကြိမ် စစ်ဆေးပေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းကို ၈၀% အထိလျော့ချပေးတာတွေ့ရပါတယ်။ သားအိမ်ခေါင်းကင်ဆာကို စောစီးစွာသိရှိပါကလည်း မျိုးပွားနိုင်မှု စွမ်းရည်ကို အနည်းငယ်ထိခိုက်နိုင်ရုံကလွဲလို့ မခွဲမစိတ်ရပဲ ကုသမှုတွေပေးနိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားသူများလည်း Pap smear စစ်ဆေး သင့်ပါတယ်။

၂ ။ ကွန်ဒုံးအသုံးပြုခြင်း
ကွန်ဒုံးဟာ HPV ကိုကာကွယ်ပေးနိုင်တယ် မပေးနိုင်ဘူးဆိုတာတိတိကျကျ မသိသေးပါဘူး။ ဒါပေမဲ့ genital wart (လိင်အဂါင်္တွင်ဖြစ်သော ကြွက်နို့ ) နဲ့တခြား ရောဂါပိုးတွေ ဖြစ်တဲ့ Chlamydia၊ ဆစ်ဖလစ်(Syphilis)၊ 
ဂနို(gonorrhoea) စတာတွေနဲ့ သုတ်ရည် (Semen) ကို ကာကွယ် ပေးနိုင် ပါတယ်။  သုတ်ရည်ဟာ ကင်ဆာဖြစ်အောင်ပန့်ပိုးနိုင်တယ်လို့ ယူဆကြပါတယ်။

၃ ။ Vaccine ထိုးခြင်း။
ဘယ်သူတွေမှာထိုးသင့်သလဲ။
ဒီကာကွယ်ဆေးက ပိုးကိုယ်ထဲမ၀င်ခင်ထိုးရမှာဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေကတော့သူတို့ရဲ့ လိင် ဆက်ဆံမှုပေါ်မူတည်ပြီး အသက် ၉နှစ်က စပြီး ထိုးဖို့တိုက်တွန်းပါတယ်။ ပြင်သစ် နိုင်ငံမှာတော့ မီးကောင်ပေါက်တွေကို အစိုးရက အလကားထိုးပေးပါတယ်။ ဒီဆေးကို အမျိုးသားတွေမှာလည်း
 ထိုးနိုင် ပါတယ်။ အမျိုးသားတွေမှာဖြစ်တဲ့ ငယ်ပါပေါ်ရှိ ကြွက်နို့နဲ့ ငယ်ပါကင်ဆာ (cancer of the penis) ကိုကာကွယ်နိုင်ပါတယ်။ ငယ်ပါကင်ဆာက မြန်မာ အမျိုးသားတွေမှာအဖြစ်များတာ တွေ့ရပါတယ်။ ကုလားရှင်ပြုတယ်ဆိုတဲ့ ငယ်ပါထိပ်ကအရေပြားကိုငယ်စဉ်ကလှီးဖြတ်ထားတဲ့ သူများမှာ ငယ်ပါကင်ဆာ မဖြစ်ပါဘူး။ ငယ်ပါကင်ဆာဟာ မသန့်ရှင်းသောသူများမှာအဖြစ်များပါတယ်။ တိုးတက်သော နိုင်ငံများမှ အမျိုးသားများတကိုယ်ရေသန့်ရှင်းရေးကိုအလွန်ဂရုစိုက်ကြပါတယ်။ သူတို့ဆီမှာ ငယ်ပါကင်ဆာ အဖြစ် အလွန်နည်းပါတယ်။

         တကယ်လို့ အိမ်ထောင်သည်အမျိုးသားက ဒီကာကွယ်ဆေးထိုးထားပြီးသူ့ဇနီးမယားကလည်း မိမိလင်သားမှတစ်ပါး အခြားသူများနဲ့မဆက်ဆံဘူးဆိုရင် အမျိုးသမီးအနေနဲ့ ပိုးကူးစရာ အကြောင်းမရှိပါ ဘူး။ ဒါကြောင့်ကျမအမြင်တော့ မြန်မာအမျိုးသမီးငယ်တွေထိုးမဲ့အစား မြန်မာအမျိုးသားတွေထိုးရင် တစ်ချက် ခုတ်နှစ်ချက်ပြတ်မဲ့နည်း လို့မြင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ အနောက်နိုင်ငံယဉ်ကျေးမှုက   အရှေ့နဲ့ အနောက်ဆိုတဲ့အတိုင်း အလွန်ကွာခြားပါတယ်။ အထူးသဖြင့် လိင်ဆက်ဆံတာနဲ့ပတ်သက်တဲ့ နေရာမှာ အလွန့်အလွန်ကွာပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကြောင့်ကူးဆက်ပြန့်ပွါးတဲ့ ရောဂါတွေကို ဖြေရှင်းတဲ့နေရာမှာ သူတို့လို ပုံတူကူးလို့ မရပါဘူး။ ကျမပြင်သစ်ရောက်စက အလုပ်တူတူ လုပ်ဖက် ပြင်သစ်မ နဲ့စကားပြောရာက သူ့အမေကသူ့ကို ယောက်ျား ယူမယ်ဆိုရင် မစမ်းသပ်ပဲမယူနဲ့လို့ သင်တယ် တဲ့။ ဆိုလိုတာက မဆက်ဆံကြည့်ပဲ မယူရဘူးတဲ့။ ကျမ မယုံလို့ ကျန်တဲ့သူတွေမေးကြည့်တော့ အားလုံးက ဟုတ်တယ်လေတဲ့။  နောက် အံ့သြသင့်ရတဲ့ စကားကတော့ လူငယ်ချင်းဖြစ်ဖြစ်၊အိမ်ထောင်သည်ဖြစ်ဖြစ်၊အမျိုးသားက ခလေးယူဖို့သဘောတူမှ ခလေးရတဲ့ အခါ အမျိုးသားက ခလေးရဲ့ကုန်ကျစရိတ် တစ်ဝက် ကိုတာဝန်ယူတယ်တဲ့၊မဟုတ်ရင် ခလေးက အမျိုးသမီးဗိုလ်ထဲမှာရှိတာ သူမလက်ခံလို့ရတာမို့ သူမ တာဝန်တဲ့။ ဒီထက်အံသြဖို့ကောင်းတာက သူဌေးတစ်ဦးကသူ့သမီး ၁၈ နှစ်ပြည့်ပွဲမှာ လိင်ဆက်ဆံမှု ကျွမ်းကျင်သူ (ဖါခေါင်း) ကိုသူ့သမီးကိုသင်တန်းပေး ဖို့ ခေါ်ပေးတယ်တဲ့။ (ပြင်သစ်မှာ အသက် ၁၈ နှစ်ပြည့် ရင်သူ့ဘာသာကြိုက်သလိုလုပ်နိုင်တယ်။ မိဘအနေနဲ့ဘာမှပြောပိုင်ခွင့်မရှိဘူး။ သူ့ဘ၀ သူသာပိုင်တယ်တဲ့။ လိင်ကိစ္စမကျွမ်းကျင်လို့ယောက်ျားပစ်မသွားအောင်သင်ပေးတာတဲ့။ ကျမတို့ဆီမှာ မိန်းမပျိုလေးတွေ အိမ်ထောင်မှုတတ်ကျွမ်းအောင်မိခင်က သွန်သင်တဲ့ သဘောမျိုးလိုဖြစ်ပါတယ်။)
ဘယ်သူတွေမှာမထိုးရဘူးလဲ။
ကာကွယ်ဆေးမှာပါတဲ့အရာတွေနဲ့ ဓါတ်မတည့်တဲ့သူတွေထိုးလို့မရပါဘူး။ အထူးသဖြင့် Gardasil ပာာ တစေး (Yeast) ကထုတ်တာဖြစ်တဲ့အတွက် အဲဒါနဲ့ မတည့်တဲ့ သူတွေထိုးလို့ မရပါဘူး။ နာမကျန်းဖြစ် နေတဲ့ သူတွေ နာမကျန်းဖြစ်နေချိန်မှာမထိုးဘဲ နေကောင်းလာမှထိုးရပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဒီဆေးရဲ့ဆိုးကျိုးဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို သေချာမသိသေးတဲ့အတွက် ကိုယ်ဝန်ဆောင်ေ တွမှာ ထိုးဖို့ကို အားမပေးပါဘူး။ ကိုယ်ဝန်မရှိချိန်မှာထိုးပြီး ကိုယ်ဝန်ဆောင်လို့ရပါတယ်။ အဲဒီအတွက်ဆိုး ကျိုး မရှိပါဘူး။
ဘယ်နှစ်ကြိမ်ထိုးရမလဲ။ ဘယ်သူနဲ့ထိုးရမလဲ။ ဘယ်မှာသွားထိုးရမလဲ။၃ကြိမ်ထိုးရပါတယ်။ ပထမဆုံးတစ်ကြိမ်၊ ၁-၂လအကြာမှာတစ်ကြိမ်၊ ၆လအကြာမှာတစ်ကြိမ်ထိုးရပါတယ်။ ဘယ်ဆရာဝန်နဲ့မဆိုထိုးလို့ရပါတယ်။ အသား ဆေးဖြစ်လို့ လက်မောင်း ဒါမှမပာုတ် တင်ပါးမှာထိုးလို့ရ ပါတယ်။ မိမိဘာသာဆေးဝယ်ပြီး ဆေးခန်းတစ်ခုခုမှာသွားထိုးခိုင်းလို့ရပါတယ်။ အခုထိတော့ ဆိုးဆိုး ရွားရွားဆိုးကျိုးမရှိသေးပါဘူး။ သုံးခါထိုးပြီးရင် ၄-၆နှစ် အထိကာကွယ်မှုရှိတယ်လို့ ဆိုပါတယ်။

ဘယ်လောက်ကုန်ကျမလဲ။

၃ ကြိမ်အတွက် အမေရိကန်ဒေါလာ ၄၀၀ မှ ၁၀၀၀။

၎ ။ အာဟာရ
ဗီတာမင်အေ ၊ ဗီတာမင် ဘီတွဲ ၊ ဗီတာမင်စီ ၊ ဗီတာမင်အီးနဲ့ ဘီတာကာရိုတင်းတွေဟာ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေတဲ့ အာဟာရဓါတ်တွေဖြစ်ပါတယ် ။



ကျမ်းကိုး။

၁။ သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ပါ http://mhuthaw.blogspot.fr/2012/06/blog-post_5821.html
၂။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်း http://saintsanyae.blogspot.fr/2012/07/blog-post_2647.html
၃။ သိကောင်းစရာ သားအိမ်ခေါင်းကင်ဆာ http://www.facebook.com/notes/pun-hlaing-hospital/
၎။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးသင့် မထိုးသင့် HTTP://WWW.MYANMAR.MMTIMES.COM/2011/NEWS/526/NEWS23.HTML                         ၅။ သားအိမ်ခေါင်းကင်ဆာ (သို့မဟုတ်) Silent Killer http://www.thettantcho.com/
၆။ http://en.wikipedia.org/wiki/Cervical_cancer