:include data='blog' name='google-analytics'/>

Monday, May 28, 2018

သားအိမ်ခေါင်းကင်စာကာကွယ်ဆေး။



သားအိမ်ခေါင်း (၀ါ) သားအိမ်ဝ = Cervix
သားအိမ်ကိုယ်ထည်              = Uterus
မိန်းမကိုယ်                        = Vagina
အမျိုးသမီးမျိုးဥ                   = Ovary

အခုတလော မြန်မာနိုင်ငံမှာခေတ်စားနေတာက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်း။
ဆေးထိုးခက သိန်းကျော်ကျတာကြောင့် ဆေးထိုးသူများက ငါထိုးနိုင်တယ်ဆိုပြီးကြွားကြတယ်။
ဆေးကုမ္ပဏီတွေကလည်းအေ၇ာင်းရသွက်အောင် လူသိများတဲ့ရုပ်ရှင်ပညာရှင်တွေ၊အဆိုတော်
စတာတွေနဲ့ကြော်ငြာ (Advertise) ကြတယ်။ဓမ္မကထိကဆရာတော် တွေရဲ့တရားတော်တွေ ထဲမှာ တောင်ထဲ့ ဟောတဲ့အထိခေတ်စား လာတယ်။ တရားတော်တွေဟာ တောနယ်တွေအထိရောက်တာမို့အလွန်ကောင်းပါတယ်။ ဒါပေမဲ့ ဆေးပညာ ရှင်တွေမဟုတ်တဲ့သူတွေကိုဆေးပညာဗဟုသုတပေးမယ်ဆိုရင် အမှန်အတိုင်း ပေးသင့်ပါတယ်။  နို့မဟုတ်ရင် ကျော်ကြားအောင်လို့ညာ တဲ့ ကျော်ညာဖြစ်သွားပါမယ်။ မြန်မာအများစုကလည်း ဘယ်ဟာကိုမှတိတိကျကျလေ့လာလေ့မရှိကြဘဲ နားစွန်နားဖျားနဲ့မိုးကုတ် ဆရာတောဘုရားကြီး ဟောသလို သူများပါးစပ့်ဖျားမှာဆုံးပြီး၊ သူများယောင်တိုင်းလိုက်ယောင် အမောင်ဘာမှန်းမသိ တွေကများ ကြတယ်။

သားအိမ်ကင်ဆာမှာ သားအိမ်ကိုယ်ထည် မှာဖြစ်တဲ့ကင်ဆာနဲ့သားအိမ်ဝ (၀ါ) သားအိမ်ခေါင်း မှာ ဖြစ်တဲ့ကင်ဆာဆိုပြီး ၂ မျိုး ရှိပါတယ်။ ဒီ၂ မျိုးက လုံးဝမတူပါဘူး။ သားအိမ်ကိုယ်ထည် မှာဖြစ်တဲ့ ကင်ဆာက အပျိုကြီး တွေမှာ အဖြစ်များပြီး၊သားအိမ်ခေါင်းကင်ဆာကတော့အိမ်ထောင်ဆက်များတဲ့သူ၊ ခလေးများများမွေးခဲ့တဲ့ အမျိုးသမီးတွေမှာအဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ ကင်ဆာဖြစ်စေတဲ့ အကြောင်းတွေက မတူကြလို့ပါ။ သားအိမ်ခေါင်း ကင်ဆာက လိင်ဆက်ဆံရာက ကူးလာတဲ့ virus ပိုးတွေကြောင့်ဖြစ်တာပါ။  အခုကာကွယ်ဆေးဆိုတာကဒီ virus ပိုးတွေ မကူးဆက် အောင်ကာကွယ်တဲ့ ဆေးပါ။ ဒါကြောင့် တစ်ခါမှလိင်မဆက်ဆံဖူးတဲ့ တကဲ့အပျိုကြီးစစ်စစ်တွေမှာ ဖြစ်စရာ အကြောင်းမရှိလို့ကာကွယ်ဆေးလဲထိုးစရာမလိုပါဘူး။ ထိုးတယ်ဆိုရင်တော့ အိမ်ထောင်ပြုဖို့စဉ်းစားလို့လား ဒါမှမဟုတ် ခိုးစားဖို့ရည်ရွယ်တာလားလို့ထင်စရာဖြစ်တဲ့အတွက် ဆေးထိုးနိုင်တယ်လို့ကြွားမယ် ဆိုရင်လဲ သတိထားပြီးကြွားကြပါ၊လူပုံအလယ်မှာ ဒေါင်းက ကမိသလိုဖြစ်နေပါလိမ့်မယ်။

သားအိမ်ကိုယ်ထည်ကင်ဆာဘာကြောင့်ဖြစ်တယ်ဆိုတာမသိသေးပါဘူး။ ဒီကင်ဆာဖြစ်တဲ့သူတွေကို လေ့လာတဲ့အခါမှာအောက်ပါအချက်များနဲ့အတူတွေ့ရတာကြောင့်၎င်းတို့ကို သားအိမ်ကိုယ်ထည်ကင်ဆာ
ဖြစ်စေနိုင်တဲ့ အကြောင်း (အန္တရာယ်ဖြစ်နိုင်သောအချက်များ)တွေလို့ဖေါ်ပြကြပါတယ်။

အန္တရာယ်ဖြစ်နိုင်သောအချက်များ
၁။ အ၀လွန်ခြင်း။
၂။ အမျိုးသမီးဟော်မုန်း(high levels of estrogen) များခြင်း။
၃။ သားအိမ်အတွင်းသားပွါးများခြင်း။ (endometrial hyperplasia)
၎။ သွေးတိုးခြင်း (hypertension)
၅။ အမျိုးသမီးမျိုးဥရောဂါများ (polycystic ovary syndrome)
၆။ တခါမှကိုယ်ဝန်မဆောင်ဖူးခြင်း (nulliparity (never having carried a pregnancy)
၇။ မြုံခြင်း (infertility (inability to become pregnant)
၈။ အပျိုဖြစ်စောခြင်း (early menarche (onset of menstruation)
၉။ မီးရပ်ဆုံးမှုနောက်ကျခြင်း (late menopause (cessation of menstruation)
၁၀။ သားအိမ်အတွင်းအသားပိုနှင့်ကင်ဆာမဟုတ်သောရောဂါများ (endometrial polyps or other benign growths of the uterine lining)
၁၁။ ဆီချိုရောဂါ။
၁၂။ တိရစ္ဆာန်အဆီ အစားများခြင်း။
၁၃။ ကိုယ်ခန္ဓာအောက်ပိုင်းဓါတ်ေ၇ာင်ခြည်ဖြင့်ကင်ခြင်း။ (pelvic radiation therapy)
၁၄။ ရင်သားကင်ဆာ။
၁၅။ အမျိုးသမီးမျိုးဥကင်ဆာ။
၁၆။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း။
၁၇။ အသက် ၃၅ နှစ်ထက်ကြီးခြင်း။
၁၈။ အရက်သောက်ခြင်း။
ကာကွယ်ဆေးဆိုတာ ရောဂါမဖြစ်အောင်ကာကွယ်တာမို့ ရောဂါမဖြစ်အောင် ဖြစ်နိုင်ခြေ ရှိတဲ့ သူတွေကို ထိုးရပါမယ်။ ရောဂါကူးပြီးသားသူကိုထိုးလို့က ပိုက်ဆံကုန်ရုံ၊အသားနာရုံသာဖြစ်ပါမယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပြီးသားသူတွေထိုးဖို့မလိုသလို၊ ခလေးတွေလဲမွေးပြီးပြီး မိမိအိမ်ထောင်ရှင် တစ်ဦးတည်းအပေါ်မှာသစ္စာရှိရှိပေါင်းမယ်။ ကိုယ့်ခင်ပွန်းကလည်း ကိုယ်ကလွဲရင် မဖေါက်ပြန်တဲ့သူ ဆိုရင် ထိုးစရာမလိုဘူးဆိုတာ သိသာပါတယ်။ (လူပြောင်းပြီးဆက်ဆံရင်တော့ မတူတဲ့ virus ပြောင်းပြီးကူးနိုင်လို့ထိုးသင့်ပါတယ်။ ဒါမှမဟုတ်ကိုယ့်အမျိုးသားက အဆီအဆိမ့်တွင်မက ငပိရည်တို့စရာ စတာ တွေပါ စားတတ်တယ်ဆိုရင်တော့ထိုးသင့်ပါတယ်။)
ပြင်သစ်နိုင်ငံမှာ အရွယ်ရောက်စ လိင်ဆက်ဆံမှု မပြုရသေးတဲ့ မီးခေါင်းပေါက်အရွယ်တွေကို အစိုးရ ကိုယ်တိုင်က အကုန်အကျခံပြီးကာကွယ်ဆေးထိုးပေးပါတယ်။ သြစတေးလီးရာနိုင်ငံမှာ အသက် ၁၁-၁၃ နှစ်အရွယ်အပျိုပေါက်များကိုထိုးပါတယ်။ အမေရိကားမှာ ၉-၂၆ နှစ်အမျိုးသမီးများနဲ့၉-၂၁ နှစ် အမျိုးသား များကိုထိုးစေပါတယ်။ အိမ်ထောင်သယ်တွေနဲ့အရွယ်ရောက်ပြီးသူ တွေကို အစိုးရ ကလည်းထိုး မပေး ပါဘူး၊ သူတို့ကိုယ်တိုင်လည်းအကုန်ခံ၊အနာခံပြီးမထိုးကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလို လို့ပါ။ သူတို့တွေက အိမ်ထောင်သည်ပဲဖြစ်ဖြစ်၊ အိမ်ထောင်မရှိသူပဲဖြစ်ဖြစ်ကြိုက်တဲ့သူနဲ့အချိန်မရွေး အရွယ်ရောက် ကထဲကလိင်ဆက်ဆံကြတာမို့ virus မျိုးစုံနဲ့ကူးပြီး သားမို့ပါ။ ပြင်သစ်အမျိုးသမီး တစ်ယောက်ရဲ့ဘ၀မှာသူမနဲ့ဆက်ဆံခဲ့ဖူးတဲ့သူတွေကို အကုန်မှတ်မိဖို့တောင်မလွယ်ဘူးလို့ဆိုပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်းအသေးစိပ်ကိုဒီဆိုဒ်မှာ (ကာကွယ်နိုင်တဲ့ကာကွယ် ဆေးရှိတဲ့ တစ်ခုတည်းသောကင်ဆာရောဂါ) အနေနဲ့ဖေါ်ပြထားပါတယ်။

ကျမ်းကိုး
1. National Cancer Prevention Policy Australia
2. CDC. gouv
3. wikipedia

အားနာသင့်မှ အားနာရင်ကောင်းမယ်ထင်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာဖြစ်ပွါးတဲ့ရောဂါတွေဖြစ်တဲ့ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊အနာကြီးရောဂါစတာတွေနဲ့ပတ်သက်တဲ့သတေသနတွေပြုလုပ်နိုင်ဖို့အတွက် အဲ့ဒီနိုင်ငံကသုတေသနပညာရှင်တွေကိုနှစ်စဉ် Ph D ခေါ်တဲ့ပညာသင်ဆုကိုချီးမြှင့်ပါတယ်။ ဒါပေမဲ့ကျမတို့
မြန်မာနိုင်ငံကဒီအကြောင်းကိုမသိခဲ့ပါဘူး။ ၁၉၉၃ ခုနှစ်မှ ဆေးသုတေသနဦးစီးဌာန (ယခု မြန်မာပြည် အောက်ပိုင်းဆေးသုတေသနဦးစီးဌာန ) က ဒါရိုက်တာတစ်ဦး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာအစည်းအဝေး တက်ခွင့်ရတော့မှသိလာရပါတယ်။ သတင်းရလျှင်ရချင်း ဒါရိုက်တာချုပ် (DG) ကိုပြောပြပါတယ်။
ဒါရိုက်တာချုပ် ကလည်း ဌာနမှသုတေသန၀န်ထမ်းအားလုံးကိုအစည်းအဝေးခေါ်ပြီး Ph D ပညာ သင်ဆုလျှောက်ကြဖို့ပြောပါတယ်။ ၎င်းအပြင် immunology ဌာနတွင်တာဝန်ထမ်း ဆောင်နေသော ကျမနှင့်ကျမရဲ့ဆရာနှစ်ဦးလုံးကိုခေါ်ပြီး တိုးတက်နေသော ငှက်ဖျားရောဂါခုခံကာကွယ်ခြင်းပညာ (immunology of malaria) နှင့် ပတ်သက်သည့်  သုတေသနပညာသင်ဆုတင်သွင်းရန်ပြောဆိုပါတယ်။ ကျမဆရာကသူ့မှာသုတေသနလုပ်ငန်းတွေအလွန်များကြောင်း၊ ငှက်ဖျားရောဂါကိုလည်းစိတ်မ၀င်စား ကြောင်း ပြော ဆိုပါတယ်။ ကျမ ကတော့  immunology နဲ့ပတ်သက်တာဆိုအကုန်စိတ်ဝင်စားပါတယ်။ အထူးသဖြင့် သူများနဲ့လုပြီးလုပ်ရမဲ့ အလုပ်ထက် သူများမလုပ်ချင်တဲ့ လုပ်ငန်းကိုသာ အေးအေးဆေးဆေး လုပ်ချင်ပါ တယ်။ ဒါကြောင့်လုပ်မဲ့အကြောင်းဝန်ခံလိုက်ပြီး immunology of malaria နဲ့ပတ်သက်တဲ့ စာတမ်းတွေကို စာကြည့်တိုက်မှာရှာဖွေဖတ်နေပါတယ်။

ကျမတို့ ဆေးသုတေသနဦးစီးဌာန မှာဌာနခွဲပေါင်းများစွာထဲက ငှက်ဖျားရောဂါဌာနက ဆေးသုတေသန ဦးစီးဌာန စဖွင့်ကတည်းကတည်ရှိနေတဲ့ဌာနပါ။ immunology ဌာနကတော့နောက်ပေါက်တဲ့ဌာနပါ။ ငှက်ဖျားရောဂါနဲ့ပတ်သက်တဲ့သုတေသနတွေကို ငှက်ဖျားရောဂါဌာနကတဆိုက်မတ်မတ် လုပ် ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ငှက်ဖျားရောဂါပိုးနဲ့ပတ်သက်တာတွေပဲလုပ်ဖြစ်ပြီး immunology  နဲ့ပတ်သက် တာတော့ မလုပ်ဖြစ်ခဲ့ဘူးလို့ DG ကပြောပါတယ်။

Ph D ပညာ သင်ဆုအတွက် မိမိရဲ့ကိုယ်ရေးရာဇ၀င်၊မိမိဆောင်ရွက်မည့် သုတေသနကိုတင်သွင်းရမည့် အပြင် မိမိကိုထောက်ခံမည့်သူနှစ်ဦးကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ထောက်ခံစာတိုက်ရိုက်ပို့ရမှာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ငှက်ဖျားရောဂါဌာနက သုတေသနအရာရှိ ၄ဦးနှင့်ကျမ အားလုံးပေါင်း ၅ ဦး လျှောက်ကြမှာဖြစ်ပါတယ်။ ကျမတို့ပညာသင်ဆုအတွက်ပြင်ဆင်နေစဉ် ပြင်သစ်နိုင်ငံကနံမည်ကြီှး
ငှက်ဖျားရောဂါ ပါမောက္ခမြန်မာနိုင်ငံကိုအလည်လာရောက်မယ်လို့ သိရပါတယ်။ အဲ့ဒီပါမောက္ခက မြန်မာနိုင်ငံစစ်တက္ကသိုလ်ကပါမောက္ခတွေနဲ့ငှက်ဖျားရောဂါပူးပေါင်းဆောင်ရွက်နေတာမို့ ၎င်းတို့ရဲ့
သုတေသနလုပ်ငန်းတွေဆွေးနွေးဖို့ပါ။ ရန်ကုန်ရောက်စဉ် ဆေးသုတေသနဦးစီးဌာန ကိုလည်း လာ ရောက်လယ်ပတ်မှာဖြစ်ပါတယ်။
၎င်းလာရောက်စဉ် ကျမတို့ပညာသင်ဆုတင်သွင်းမဲ့သူများသူနဲ့တွေ့ဆုံပြီး အကြံဥာဏ်ယူဖို့ DG က ပြောဆိုပါတယ်။ (DG နဲ့ Directors များအနေနဲ့အသစ်တပ်မံဆောက်လုပ်မဲ့အဆောက်အဦး အတွက် ဌာနအပြင်သွားရမှာမို့ မတွေ့ဆုံနိုင်ကြောင်းပြောဆိုပါတယ်)။

ပြင်သစ် ပါမောက္ခ ရောက်တဲ့အခါ ကျမတို့ ၅ ဦးအပြင် ငှက်ဖျားရောဂါဌာနနဲ့အခြားဌာနမှ စိတ်ဝင်စားသူ
များစုစုပေါင်း ၂၀ ခန့်နဲ့အစည်းအဝေးခန်းမှာတွေ့ဆုံကြပါတယ်။ ကျမအနေနဲ့ ငှက်ဖျားရောဂါခုခံကာကွယ်
ခြင်းဆိုင်ရာ စာတမ်း ၂၀၀ ခန့်ဖတ်ထားပြီးပြီးမို့ ကျမ မရှင်းလင်းတာများ၊ကိုဝင်ရောက်ဆွေးနွေးပါတယ်။
ပြင်သစ် ပါမောက္ခ ကလည်းသူကျွမ်းကျင်ရာသုတေသနတွေဖြစ်နေတာမို့ ကျမနဲ့သူနှစ်ယောက်ထဲစကား
ပြောသလိုဖြစ်နေပါတယ်။ နိုင်ငံခြားကသူတေသနပညာရှင်တွေက သူတို့စိတ်ဝင်စားရာဘာသာရပ်တစ်ခုထဲ
ကိုသာ တစ်သက်လုံးလုပ်ဆောင်ကြတာများပါတယ်။ ကျမတို့နိုင်ငံမှာတော့ ပညာရှင်နည်းပါးမှု၊ပစ္စည်း
ရှားပါးမှုကြောင့် လိုအပ်ရင်လိုအပ်သလို ၀င်လုပ်ကြရတာမို့ တစ်ခုထဲကိုဇောက်ချမလုပ်နိုင်ပါဘူး။ ကျမ ဆိုရင် ဆေးသုတေသနကိုရောက်စက မွေပွေးဆိပ်သုတေသနလုပ်ခဲ့ရပြီး နောက်အသဲရောင်အသားဝါ
ရောဂါသုတေသနပြောင်းလုပ်ရပါတယ်။ နောက် AIDS ရောဂါပေါ်လာတော့ AIDS ရောဂါ သုတေသန လုပ်ချင်တဲ့သူ မရှိတာမို့ ကျမတာဝန်ယူလုပ်ခဲ့ပါတယ်။ အခု ငှက်ဖျားရောဂါစလုပ်ဖို့ပြင်ဆင်နေရပါပြီ။

ပြင်သစ် ပါမောက္ခ နဲ့တွေ့ဆုံမဲ့ စစ်တက္ကသိုလ်မှပါမောက္ခ တွေကလည်းသူနဲ့တွေ့ဖို့မအားဖြစ်နေတာကြောင့်
ရန်ကုန်ဆေးရုံကြီးကိုခေါ်သွားခဲ့တယ်လို့ပြောပါတယ်။ ကျမတို့ဆေးကျောင်းမှာ သုတေသနတွေလုပ်ဖို့
နေနေသာသာ၊သင်တောင်မသင်ခဲ့ရတဲ့အပြင် ဆေးရုံမှာတစ်နေ့တစ်နေ့အလျှင်မှီအောင်မနဲလုပ်နေရတဲ့
ဆရာဝန်တွေအနေနဲ့ သုတေသနလုပ်ဖို့လည်းအချိန်မရှိ၊လေ့လာဖို့လည်းအချိန်မရှိ (ဆေးရုံက အပြန် ဆေးခန်းပြေးနေကြရတာမို့) သုတေသနပညာရှင်ပြင်သစ် ပါမောက္ခ နဲ့ပြောစရာစကား သိပ်ရှိပုံမရပါဘူး။ ဒါကြောင့်ပြင်သစ် ပါမောက္ခက နောက်နေ့ကိုဆေးရုံကိုမသွားချင်ကြောင်း ဆေးသုတေသနကိုသာ လာလို ကြောင်းပြောပါတယ်။ ဦး... က ဒေါ်... မျက်စပစ်လိုက်လို့ ပြင်သစ် ပါမောက္ခဆေးသုတေသနကို သာ လာချင် တယ်လို့ ပြောပါတယ် (ကျမကိုချစ်လို့ စတယ်လို့ပဲ စိတ်ချမ်းသာအောင်ယူဆလိုက်ပါတယ်။)

 DG အစည်းအဝေးကပြန်ရောက်တော့ ကျမတို့ကိုခေါ်တွေ့ပါတယ်။ နောက်နေ့  ပြင်သစ် ပါမောက္ခ နဲ့တွေ့ရင် သူ့ဌာနမှာ မြန်မာပညာတော်သင်တွေလက်ခံနိုင် မနိုင်၊တကယ်လို့လက်ခံနိုင်မယ်ဆိုရင် တစ်လ ဘယ်လောက်ပေးရမယ်ဆိုတာ (ပညာတော်သင်တွေနိုင်ငံခြားဓါတ်ခွဲခန်းတွေမှာ သုတေသနလုပ်တဲ့အခါ ကုန်ကျမဲ့ ပစ္စည်းတွေအတွက်လက်ခံတဲ့ ဌာနကို တစ်လ US ဒေါလာ ၃၀၀၀ ပေးရကြောင်း တကယ်လို့သူ့ဌာနက သက်သာရင် သူ့ဌာနကိုပို့မယ်လို့ပြောပါတယ်။ နောက်တစ်ခုက ကျမတင်သွင်းမဲ့ WHO ပညာ သင်ဆုအတွက်သူ့အနေနဲ့ ထောက်ခံပေးနိုင်မပေးနိုင်ကိုလည်းမေးဖို့ပြောပါတယ်။

နောက်နေပြင်သစ် ပါမောက္ခ နဲ့တွေတဲ့အခါ DG မှာထားတာတွေကိုမေးပါတယ်။ သူ့ဌာနမှာပညာသင်တွေ
လက်ခံနိုင်ကြောင်းတစ်ပြားမှပေးစရာမလိုဘူးလို့ပြောပါတယ်။ ကျမကိုထောက်ခံဖို့ကတော့ သူ့အနေနဲ့ကျမအကြောင်းမသိတာမို့ မထောက်ခံနိုင်ဘူးလို့ပြောပါတယ်။ ဒီအချက်ကကျမတို့မြန်မာတွေအတုယူရမဲ့
အချက်ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေက သူတို့မလုပ်နိုင်ရင်မလုပ်နိုင်ဘူး ဖြောင်ပဲပြောပါတယ်။ ကျမတို့က
အားနာတယ်ဆိုပြီး မလုပ်နိုင်ပဲ အင်းလို့ လက်ခံလိုက်တယ်။ နောက် မလုပ်ပေးဘူး။ ဒီတော့ အလကား နေရင်း ကတိပျက်တာ၊လိမ်ပြောတာဖြစ်သွားတယ်။ တစ်ဘက်သားမှာလည်း ရမယ်ထင်ပြီး ကျန်တဲ့ရနိုင်တဲ့
သူဆီက အကူအညီမတောင်းဖြစ်ဘူး၊ သိတဲ့အချိန်ကျတော့ အကူအညီတောင်းဖို့အချိန်မရှိတော့ဘူး။
နှစ်ဦးနှစ်ဘက်လုံး နစ်နာတာမို့ အားနာသင့်မှအားနာသင့်ပါတယ်။ မပေးနိုင်တာ ကိုမပေးနိုင်ဘူးလို့ ယဉ်ယဉ် ကျေးကျေးပြောဖို့လိုတယ်လို့ထင်ပါတယ်။






Saturday, May 26, 2018

တစ်ရွာတစ်ပုဒ်ဆန်း

ကျမ တောင်ကြီးစပ်စံထွန်းဆေးရုံကို house surgeon အဖြစ် ၁၉၇၃ ကရောက်တော့ ဆ၇ာမတစ်ဦးက ကျမကို ဗမာပြည်ကလာတဲ့ဆရာဝန်လို့မိတ်ဆက်ပေးပါတယ်။ နောက် အခါးရေသောက်မလားတဲ့။ ကျမ ကအခါးဆို တော်တော်ကြောက်ပါတယ်။ နောက်မှသိရတာ ကျမတို့ ရေနွေးကြမ်းလို့ခေါ်တာကိုသူတို့က အခါးရည်လို့ခေါ်တာကိုး။

မိုးရွာတဲ့တစ်နေ့နေ့လယ်မှာအိမ်ရှေ့ကနေ အမျိုးသမီးငယ်တစ်ဦးခေါင်းပေါ်မှာဘန်းတစ်ခုရွက်ပြီး အသံဝဲ၀ဲနဲ့ ဈေးအော်ရောင်းတာကို မသဲမကွဲ ကြားလိုက်ရတဲ့အတွက် မုန့်တစ်မျိုးမျိုးရောင်းသည်ထင်၍ ခေါ်လိုက်ပါသည်။ ဘန်းချလိုက်တော့ လားလား ခုံဖိနပ်တွေဖြစ်နေပါတယ်။ မိုးဆိုရင်စီးရတာမို့ မိုးဆိုစီး လို့
 အော်ရောင်းတာပါ။  သြ  တော်တော် demonstratif ဖြစ်တဲ့နံမည်ပါလား။
ရုပ်ရှင်ပိတ်ကားကိုလဲ တစ်ဘက်ပြတဲ့။ တော်လိုက်တာ။

တစ်နေ့ နေ့လယ် ဆရာမလေးများနဲ့ နေ့လယ်စာ အတူစားကြရင်း ဆရာမလေးတစ်ယောက်က ဆရာ (တောင်ကြီးမှာ ဆရာဝန်တွေကို ဆရာလို့ ခေါ်ကြပါတယ်) ကပ်စားမလားလို့မေးပါတယ်။ ကျမလဲ အလွန်အံ့သြသွားပါတယ်။ ကျမမှာလဲ မေမေထဲ့ပေးလိုက်တဲ့ ထမင်းဘူးပါလာတာမို့ ဘယ်သူ့ဆီကမှ ကပ်စားစရာမလိုပါဘူး။ အများနဲ့ ပျော်ပျော်ရွှင် စားချင်လို့ အတူစားတာပါ။ နဲနဲတော့ ကွျှဲမီးတိုသွားတယ်။ နောက်မှသိရတာက ကျမတို့ကတို့စရာတွေကိုတို့စားတယ်လို့ပြောပေမဲ့သူတို့က ကပ်စားတယ် လို့ပြောပါတယ်။ ကျမတို့ ထမင်းစားနေချိန် ရန်ကုန်က သူငယ်ချင်း house surgeon လည်းရောက်လာတာနဲ့ အတူဝင်စားဖို့ခေါ်လိုက်ပါတယ်။ သူ့အတွက်လဲ စားစရာတွေထဲ့ပေးပြီး ဆရာမလေးတစ်ယောက်က ဆရာ အားမနာလို့စားတာလား လို့ပြောလိုက်တဲ့အတွက်သူ့ခမျာ စားမဲ့ လက်တောင်တွန့်သွားပုံရပါတယ်။ တကယ်က အားမနာပဲစားပါလို့ ဆိုလိုတာပါ။

ကျမ ကငြိမ်ငြိမ်မနေတတ်ပဲ အားရင်တစ်ခုခုလုပ်နေတတ်လို့ အိမ်နောက်ဖေးမှာ မြေပေါက်ပြီး ခြံစိုက်ကြောင်း ဆရာမ တစ်ဦးက စကားဝိုင်းတစ်ခုမှာ ချိးမွမ်းပြောဆိုလိုက်တဲ့အချိန်မှာ နားထောင်နေသူတစ်ဦးက ဆရာက တော်တော် ရွတာ ပဲနော်တဲ့ ။ ကျမ ဘာပြန်ပြောရမယ်မသိပါ။ စိတ်ဆိုးရမှာလား ? သူတို့က အလုပ်ကြိုးစားတဲ့သူ မပျင်းတဲ့သူကို ချီးမွမ်းတဲ့စကားတဲ့ ။ ကျမတို့ ရန်ကုန်မှတော့ အထူးသဖြင့်အမျိုးသမီးတစ်ယောက်ကို ရွတယ်လို့ပြောတာ ချိးမွမ်းတာမဟုတ်ပဲ နာစရာကောင်းတဲ့ ဆဲနည်း ပါ။

တစ်နေ့နေ့လည် တောင်ကြီးမြို့ တောင်ဆေးရုံလို့ခေါ်တဲ့ခလေးအထူးကုဆေးခန်းမှာတာဝန်ကျ နေတုန်း ဒေသခံ အမျိုးသမီးတစ်ဦး ၃ နှစ်အရွယ် ခလေးငယ်ချီပြီးရောက်လာပါတယ်။
စာရေးသူ   ခလေးဘာဖြစ်လို့လဲ။
အမျိုးသမီး  သံစူးလို့။
စာရေးသူလဲ ခလေးရဲ့ ခြေနှစ်ချောင်းလုံးမှာသံစူးတဲ့ဒဏ်ရာရှာတာမတွေ့တာနဲ့ လက်နှစ်ဘက်မှာရှိလိုရှိငြား ရှာတော့လည်း လုံးဝ မတွေ့ပါဘူး။ ဒါနဲ့..
    သံက ဘယ်မှာစူးတာလဲ လို့ မေးလိုက်ပါ တယ်။ အမျိုးသမီးက ဗိုလ်မှာလို့ ဖြေပါတယ်။ ကျမ စိတ်ထဲမှာ ဘုရားတမိပါတယ်။ ဒီအရွယ်ခလေးဗိုက်မှာ အဆီအသားမရှိလို့ သံစူးလို့ကတော့ ဗိုလ်ထဲက အူတွေ အသဲတွေ ထိမှာသေချာလို့ပါပဲ။ ခလေးဗိုလ်သံစူးလောက်အောင် နမော်နမဲ့ နိုင်ရန်ကောလို့ အပြစ်တင်တဲ့ အသံနဲ့ ဘယ်လိုလုပ်ဗိုက် သံစူးရတာလဲလို့ မေးလိုက်ပါတယ်။
ဒီအခါမှာတော့ကျမဘေးက ဒေသခံဆရာမလေးက ကျမတို့ရဲ့ပြဿနာကို ရိပ်စားမိပြီးဝင်ဖြေပါတယ်။ သံစူးတယ်ဆိုတာ ဗိုက်ထဲက သံကောင်တွေ ကြောင့် ဗိုလ်နာတာကိုပြောတာတဲ့။ (မြန်မာပြည်အောက်ပိုင်းမှာတော့ သံထိုးတယ်လို့ ပြောပါ တယ်)။ သြ တော်ပါသေးရဲ့။


Wednesday, May 23, 2018

အင်္ဂလိပ် ဂဏန်း တစ်နဲ့ ခုနစ် ရေးနည်းအမှန်


ကျမတို့ တွေ အင်္ဂလိပ် ဂဏန်း တစ်နဲ့ ခုနစ် ကို I နဲ့  7 လို့ ရေးကြတယ်။ ပြင်သစ်ရောက်တော့ သူတို့က တစ်ကို အလံလို ထပ်မှာအစွန်းထွက်ပြီးရေးတယ်။ ခုနှစ်ကိုလည်း အလယ်မှာကန့်လန့်ဖြတ် တစ်ချောင်းထဲ့ ရေးတယ်။ တကယ်က ဂဏန်း အရေည်အတွက်ကို ဒေါင့်တွေနဲ့ကိုယ်စားပြုထားတာပါ။ တစ် ဆို ဒေါင့်တစ်ခု ဒါကြောင့် ထပ်မှာအစွန်းထွက်ပြီးရေးရင် ဒေ့င့်တစ်ခု ဖြစ်ပါတယ်။ 2 နှစ်က ဒေါင့် ချိုးရေးရင် ၂ ဒေါင့်ပါ။ 3 ကို ဒေါင့် ချိုးရေးရင် ၃ ဒေါင့်ပါ။ 4 ကို ဒေါင့် ချိုးရေးပြီး အစွန်းတွေမထွက်ရင် ၄ ဒေါင့်ပါ။ အဲ့ဒီလိုရေးကြည့်ရင် ၇ က အလယ်တန်းပါမှ ၇ ဒေါင့်ရပါတယ်။ ၈ က လေးဒေါင့် ၂ ခုထပ်ထားတာပါ။ ၀ ကတော့ ဒေါင့်မရှိပါဘူး။ 

c u နဲ့ ok

fb စသုံးခါစ က c u ဆိုတာဘာမှန်းမသိခဲ့ဘူး။ နောက်မှ see you ကို အတိုရေးတာဆိုဘဲ။ တိုက်ဆိုင်လာလို့  ယနေ့အများသုံးနေတဲ့ ok ဆိုတဲ့ စကားလုံးအကြောင်းရောက်သွားတယ်။ အားလုံးအဆငြေ်ပတယ်။ ကောင်းတယ် ဆိုရင် ok  လို့သုံးကြတယ်။ ဒီစကားက ဒုတိယကမ္ဘာစစ်မှာ အမေရိကန်စစ်တပ်က စစ်ပွဲ
အခြေအနေနဲ့ ကျဆုံးမှု့တွေကိုအချိန်နဲ့ တပြေးညီ နောက်တန်းကိုသတင်းပို့တဲ့အခါမှာ အသုံးပြုရာက အများသုံးဖြစ်လာတယ်လို့မှတ်သားဖူးပါတယ်။ တကယ်က 0 ဆိုတာ အို မဟုတ်ပါဘူး ၊ ဇီရိုကိုကိုးစားပြုပါတယ်။ K ကတော့ killed ကိုကိုယ်စားပြုပါတယ်။ ဆိုလိုတာက zero killed ပါ။





စပ်စံထွန်းဆေးရုံသွေးဘဏ်မှာ သိပ်အလုပ်မများလို့ ကျမအခန်းနောက်ဘက်ကချုံတွေကို ၁၀၀ ကျပ် (ရွှေတစ်ကျပ်သား  ၂၀၀၀ ကျပ်) ပေးရှင်းခိုင်းပြီး ပန်းပင်တွေစိုက်ပါတယ်။ ရေနွေးပိုက် မရှိ တာကြောင့်။ မနက်ရေမချိုးခင်ခြံထဲဆင်းပြီး၊ မြေတွေပေါက်တူးနဲ့ပေါက်ပြီးချွေးထွက်မှရေချိုးပါတယ်။ တောင်ကြီးမြေက ဘာပင်စိုက်စိုက်ဖြစ်ပါတယ်။ ကျမခြံထဲမှာ နှင်းဆီ၊ ဒေစီပန်း၊ ဂန္ဓမာပန်း၊ လက်ထပ်ပန်း၊ နေကြာပန်းတွေအပြင် ဂေါ်ရခါးသီး၊ မြေပဲ၊အားလူး၊ကြက်သွန်ဖြူတွေလည်းစိုက်ပါတယ်။ သွေးဘဏ်မှာ ခလေးအတွက် သွေးလှူတဲ့ပစ္စည်း သတ်သတ်မရှိပါဘူး။ သွေးလှူရှင်ဆီက လူကြီးတစ်ယောက်စာအတိုင်း သွေးထုတ်ရပါတယ်။ ဒါပေမဲ့ ခလေးကိုယ်ထဲကို အကုန်သွင်းလို့မရပါဘူး။ သွေးလိုတဲ့ ခလေးလူနာ ၂ ယောက်ရှိရင် သွေးအမျိုးအစားလည်းတူရင်၊ သွေးတစ်ပုလင်းကို ခလေး ၂ယောက်ကိုခွဲပေးပါတယ်။ မဟုတ်ရင်တော့ ကျန်တဲ့သွေး တစ်ဝက်ကိုလွှင့်ပစ်လိုက်ရပါတယ်။ သွေးတွေ အလကားလွှင့်ပစ်ရမှာ နှမြောတာနဲ့ အိမ်ကို ယူလာပြီး ကျမရဲ့နှင်းဆီပင်တွေ သန်အောင်ဆိုပြီးလောင်းပါတယ်။ နောက်နေ့မနက် မှာတော့ ကျမရဲ့နှင်းဆီပင်တွေ အမြစ်တွေပေါ်ပြီးသေနေကြပါတယ်။  သွေးနံ့ကြောင့် ခွေးရက်လို့သေ ကုန်တာပါ။  မျက်တောင်မွေးတစ်ဆုံးသာ မြင်တဲ့ကျမရဲ့ အသုံးမကျမှုကြောင့်ပါပဲ။

         ခြံထဲက ပန်းတွေနဲ့ ဘုရားပန်းတင်၊ဧည့်ခန်းပန်းအိုးထိုးရတာအလွန်စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ခြံထဲက ပန်းတွေအရမ်းပွင့်သလို၊ရာသီဥတုကလည်းအေးတာမို့ ဘုရားပန်းတွေ၊ဧည့်ခန်းက ပန်းတွေက လည်း ၃-၄ ရက်နေလည်းမညိုးဘူး။ အဲ့ဒီအချိန်က တောင်ကြီးမြို့ပေါ်မှာ ပန်းကပ်စရာဘုရားလည်းမရှိဘုး။ ဒီတော့ အခန်းတိုင်းမှာ ပန်း တွေဝေနေအောင်ထိုးထားပါတယ်။

             ကြက်သွန်ဖြူ ဥတစ်လုံး တစ်ပိဿာဝယ်ပြီး ကျမခြံမှာစိုက်ပါတယ်။ ကြက်သွန်ဖြူတွေ တူးဖို့ အချိန်ကျလို့ တူးတော့ ကြက်သွန်ဖြူ ပိန်ညောင်ညောင် ၂၅ ကျပ်သား သာရပါတယ်။ ကျမ မြေဆွတာ မမွလို့ လို့ ပြောပါတယ်။ အဖေက တော့ အားပေးပါတယ်။ သမီး ကြက်သွန်ဖြူတွေ က အစိမ်းတို့စားလို့ရတယ် မစပ်ဘူးတဲ့။

         မြေပဲနဲ့ အားလူးလဲ ဒီလိုပါပဲ ။ စိုက်ပျိုးရေးလုပ်လို့ သီးနှံ့တွေ မတိုးပွါးလာပဲ လျော့နည်းကုန်လို့ ကျမ အဲ့ဒါတွေ မစိုက်တော့ပါဘူး။ ဂေါရခါးသီးကတော့ စိုက်စရာတောင်မလိုဘူး။ ခြံစည်းရိုးနားမှာချထားရုံနဲ့ အပင်ပေါက်ပြီးခြံစည်းရိုးကိုနွယ်သွားပါတယ်။ နေကြာပင်ကလည်း စိုက်လို့ အလွန်လွယ်ပါတယ်။ မြေတွင်းသေးသေးလေးဖြစ်အောင် ဒုတ်နဲ့ကလော်ပြီး နေကြာစေ့တစ်စေ့ထဲ့၊ မြေကြီးပြန်အုပ်ပြီး ဖနောင့်နဲ့ဖိလိုက်ရုံပဲ။ နေကြာစေ့တစ်ပွင့်ကနေ နေကြာစေ့တွေ နို့ဆီဘူးတစ်လုံးစာလောက်ရပါတယ်။ ဆရာဝန် quarter ကအိမ်ခန်းတွေက တော်တော်ကျယ်ပါတယ်။ ထမင်းချက်ခန်း၊ ဧည့်ခန်း၊ အိပ်ခန်း ၂ခုနဲ့ အပြင်    ၀ရမ်တာပါ ပါတယ်။ ကျမတို့ပြောင်းလာကာစက တစ်ခန်းနဲ့တစ်ခန်းကူရတာ ခြေထောက် တောင် ညောင်း လာပါတယ်။ မေမေနဲ့ကျမကအိပ်ခန်းတစ်ခုက နှစ်ယောက်အိပ်ခုတင်မှာအတူတူအိပ်ပါတယ်။ ကျန်အိပ်ခန်းမှာ ကွတ်ပစ် တစ်လုံး ရှိပါတယ်။ တစ်နေ့ နေကြာစေ့တွေ အခြောက်လှမ်းပြီး၊ သိပ်မခြောက်သေးတာနဲ့ ကွတ်ပစ်ပေါ်မှာ ဇကာနဲ့တင်ထားပါတယ်။ မနက်ကျတော့ နေကြာစေ့တွေ အားလုံး အခွံတွေပဲကျန်ပါတော့တယ်။ ညက ကြွက်တွေ နေကြာစေ့တွေကို အခွံ နွာစား သွားကြတာ အံ့သြစွာတွေ့လိုက်ရပါတယ်။  တိရစ္ဆန်ဆိုပေမဲ့ စားလို့ကောင်းတဲ့အဆံနဲ့ စားလို့မရတဲ့ အခွံ ဆိုတာခွဲခြား သိပါလား ?

         တနေ့မနက် စတော်ဘယ်ရီသီးတွေ သီးနေတာတွေ့လို ဘယ်နှစ်လုံးလဲလို့ရေတွက်ပြီး ၀မ်း သာ အားရ ဆေးရုံ ကိုထွက်သွားခဲ့ပါတယ်။ ထမင်းစားချိန်ပြန်လာတော့ ထမင်းမစားသေးပဲ စတော်ဘယ်ရီ သီးတွေ ထပ်သီးလာဆိုတာကြည့်ဖို့ ခြံထဲဆင်းခဲ့ပါတယ်။ ဒါပေမဲ့ တိုးဖို့နေနေသာသာ မနက်က စတော်ဘယ်ရီသီးတွေ တောင်မရှိတော့ပါဘူး။ ပရောဆိတ်တွေ စားသွား လို့ ကုန်ပါပြီ။ ပရောဆိတ် မစားနိုင်အောင် အသီးတွေအောက်က ကေါက်ရိုးတွေခံထားရတယ်တဲ့။ ကျွမ်းကျင်ရာလိမ္မာ ဆိုတာ သိပ်မှန်တာပဲ။

         ပြောင်းဖူးပင်ကလည်းစိုက်လို့လွယ်ပါတယ်။ နေကြာပင်လိုပဲစိုက်ရပါတယ်။ တစ်ပင်က နှစ်ဖူး၊သုံးဖူးလောက်သီးပါတယ်။ ခြံထဲက လတ်လတ်ဆတ်ဆတ်ခူးပြီးဖုတ်စားတာမို့ အလွန်ချိုပါတယ်။ အစားကောင်းစားရရင် ချစ်သူ ခင်သူတွေသတိရတတ်တဲ့အတိုင်း ရန်ကုန်က အဖေနဲ့ညီမတွေဆီကို စိုက်ခင်းတွေက သွားဝယ်ပြီး ရထားနဲ့ ပို့လိုက်ပါတယ်။ အိမ်က စာပြန်လာပါတယ်။ နောက်မပို့နဲ့တဲ့ ပြောင်းဖူးတွေကခြောက်နေလို့ အမှိုက်ပုံဆီတိုက်ရိုက်သွားပို့ရတယ်တဲ့။


         ဂေါ်ရခါးညွန့်တွေ၊ဖရုံညွန့်တွေကလည်း လတ်ဆတ်လို့ အလွန်ချိုပါတယ်။ အမအကြီးဆုံးက ဂေါ်ရခါးညွန့်ကြိုက်တာမို့ ရန်ကုန်ပြန်ရင် မြေသောက်ရေအိုးတစ်လုံးဝယ်ပြီးအထဲမှာ ဂေါ်ရခါးညွန့် တွေထဲ့ပြီးရန်ကုန်ကိုရထား (၀ါ) ကားနဲ့သယ်သွားရင် ရန်ကုန်အထိ လတ်ဆတ်နေပါတယ်။

         သစ်တော်သီးတွေလှိုင်လှိုင်ပေါ်တော့ ထုံစံအတိုင်း ရန်ကုန်ပို့ချင်စိတ်တွေပ်ါလာပါတယ်။ ဒါပေမဲ့ ပြောင်းဖူးလိုဖြစ်မှာစိုးတာနဲ့ ပို့ချင်တဲ့စိတ်အောင့်ထားရပါတယ်။ တစ်နေ့မနက် ဆေးရုံအသွား အပြင်လူနာ ဌာနအ၀င်မှာ လူရွယ်တစ်ယောက်က ဆရာမ နေကောင်းလားလို့နှုတ်ဆက်ပါတယ်။ ကျမ ဘယ်သူဆိုတာ မ မှတ်မိပါဘူး။ အပြင်လူနာဌာနမှာတာဝန်ကျစဉ်ကတစ်နေ့တစ်နေ့ လူ တစ်ရာ လောက်တွေ့နေရတာ ဆိုတော့ဘယ်လိုမှမမှတ်မိနိုင်ပါ ဘူး။ ဒါနဲ့ လူနာတစ်ယောက်ယောက်ဖြစ်မှာပဲဆိုပြီး နေကောင်းလာ ဘာလား ဆိုပြီးရောချပါတယ်။ လူရွယ်က ကျမ ရောကော် သောကော်လုပ်တာ ရိပ်မိသွားပြီး ဆရာမ ကျနော် လူနာမဟုတ်ပါဘူး။ ဆရာမ အဖေဆီမှာ ဒရိုင်ဘာလုပ်ဖူးတယ်လေတဲ့။ ကျမအဖေက ကုန်ကားတွေထောင်ထားပါတယ်။ သမီး လေးယောက်ရှိတာမို့ အိမ်ကိုသူ့ကားတွေရောကားဒရိုင်ဘာ တွေရော မလာစေပါဘူး။ ဒီလူကတော့ ဘယ်တုံးက ကျမကိုမြင်ဖူးသွားမှန်းမသိပါဘူး။ ကျမအဖေ လည်းအခု ကားတွေရောင်းပြစ်ပြီး အငြိမ်းစားယူနေပါပြီ။ လူရွယ်ကထပ်ပြောပါတယ်။ အခုကျနော် ကုန်စိမ်းကားတွေမောင်းနေပါတယ်။ မနက်ရန်ကုန်ု ကုန်စိမ်းတွေအရောက် တစ်ညလုံးမောင်းပါတယ်။ ဆရာမ အိမ်ကိုပေးချင်တာရှိရင်ပေးပါတဲ့။ ၀မ်းသာလိုက်တာ။ ချက်ချင်း ဆေးရုံနောက်က သစ်တောခြံသွား
ဝယ်ပြီးဆေးရုံမှာတင်ထုပ်ပိုးပေးလိုက်ပါတယ်။ အိမ်က စာပြန်လာပါတယ်။ သစ်တော်သီးတွေ သိပ်ကောင်းတာပဲတဲ့။ လာပို့တဲ့သူကပြောသွားတယ်တဲ့ ဆရာဝန်လို့မပြောရဘူး။ အထုပ်ကို ပလပ်စတာတွေနဲ့ ကပ်ထားတယ်တဲ့။ သြ ဆေးရုံမှာတင်ချက်ချင်းထုပ်ပိုးပေးလိုက်ရတာ သူ သိမှ မသိပဲ။

Tuesday, May 22, 2018

ချစ်တတ်ရဲ့လား ?


  ချစ်ချစ်ဆိုတာမီးယပ်နဲ့ သားဖွားအထူးကုဆရာဝန်ကြီးနဲ့ ခွဲစိပ်အထူးကု ဆရာဝန်ကြီး တို့ရဲ့တစ်ဦးတည်းသောသမီးလေးပါ။ ချစ်လွန်းလို့နံမည်တောင် မခေါ်ရက်လို့ ချစ်ချစ်လို့ သာ အမည်တွင်ခဲ့ပါတယ်။ ချစ်ချစ်ရဲ့အဖေနဲ့ အမေတို့တစ်လှည့်ဆီ နိုင်ငံရပ်ခြား ပညာတွေသွား ဆည်းပူးနေရတာမို့ သားသမီး မယူနိုင်သေးပဲဆိုင်းငံထားခဲ့ရတာ။

  နောက်ဆုံး မေမေနိုင်ငံခြားကပြန်လာလာချင်းမွေးခဲ့ရတဲ့ အဖိုးတန်ချစ်သမီးလေးပါ။ မိဘနှစ်ပါးအချစ်ပိုလိုက်တာများကတော့ သမီးကို လေစိမ်း တိုက်မှာ ခြင်ကိုက်မှာစိုးလို့ အထူးခြင်လုံ အခန်းမှာထားတာပါ။ လေမခ နေမခ ရွှေပေါ် မြတင်ပါ။ အိမ်မှာကူညီပေးတဲ့ ခလေးမလေးတွေတောင် ချစ်ချစ်နားမကပ်ရပါဘူး။

  မိတ်ဆွေတွေကလည်း ဆရာဝန်အသိုင်းအ၀ိုင်းကဆိုတော့ သူတို့ဆေးရုံကပါလာတဲ့ ရောဂါတွေကူးမှာစိုးလို့ မချီမပိုးအောင်လို့ သမီးလေး အိပ်နေတယ်ဆိုပြီးညာ ပြောရတာက လည်း  အခါခါပါပဲ။

   မိခင်တစ်ယောက်အနေနဲ့ ချစ်ချစ်ကိုနို့ချိုတိုက်ကျွေးချင်ပေမဲ့ ဆေးရုံတာဝန် က တစ်ဖက်၊ ဆေးကျောင်းမှာစာသင်ရတာကတစ်ဘက်မို့ မအားလပ်ပါဘူး။ နောက်ပြီးတော့ ဆေးရုံကရောဂါ တွေလည်းသမီးလေးကိုကူးမှာစိုးပါတယ်။

  ဒီလိုနဲ့ တစ်နေ့မှာတော့ တောက ငယ်ကြောက်အဒေါ် သမီးလေးကိုကြည့်ရအောင် ရောက်လာပါတယ်။ ကျမဘာမှမပြောနိုင်ခင်၊ မတားနိုင်ခင် သမီးလေးရဲ့ အခန်းထဲဝင်သွားပြီး သမီးလေးကို အပြင်ချီထုတ်လာပါတယ်။ ပါးစပ်ကလည်း ညီးတို့က ခလေးကိုအမှောင်ထဲမှာ ထားထားတယ်၊ လေကောင်းလေသန့်လည်းမရဘူး။ ခလေးဆိုတာမြေထိမှ ကျန်းမာတာတဲ့။

   သမီးလေးကိုတွေ့လိုက်တဲ့ ခဏမှာတော့ ကျမမျက်စိတွေ မူးမိုက်သွားပါတော့တယ်။ သမီးလေး တစ်ကိုယ်လုံးဝါနေပါတယ်။ သမီးလေးကို ချက်ချင်းဆေးရုံခေါ်သွားပြီး သွေး ကောင်း တွေနဲ့ သမီးလေးရဲ့ ၀ါနေတဲ့သွေးတွေပြောင်းလဲကုသ (exchange transfusion) ပါတယ်။

  သမီးကိုယ် ထဲကသွေးတွေကတော့၊ အ၀ါရောင်အဆိပ်တွေမရှိတော့ပါဘူး။ ဒါပေမဲ့ အ၀ါရောင်အဆိပ်တွေက သမီးရဲ့နုနယ်တဲ့ ဥဏှောက်ကို ရောက်သွားပြီး ဖျက်စီးလိုက်တာ မို့ သမီးလေးဘ၀ ဆုံးရပါပြီ။ သမီးလေးတစ်ဘ၀လုံး ဥဏှောက်ပျက်နေတဲ့ ရောဂါသည်မလေး ဘ၀နဲ့ နေရတော့ မှာပါ။ ကျမဘယ်လိုဖြေရပါ့မလဲ။ ကျမသမီးလေးလို ဘ၀မဆုံးကြရအောင် ဒီပညာပေးဆောင်းပါးလေးကိုဝေငှရင် ချစ်ချစ်လိုဘ၀နဲ့ ကျမလို ဘ၀မျိုးမရောက်ကြပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

   ချစ်ချစ်လိုမွေးကာစ ခလေးတွေအသားဝါတာကို(Neonatal jaundice) နီရိုနေတဲ ဂျွန်တစ် လို့ခေါ်ပါတယ်။ မွေးကာစ ခလေးငယ်တွေ၊ အထူးသဖြင့် လမစေ့ပဲမွေးတဲ့ခလေးတွေ မှာ မွေးပြီးတစ်ပတ်လောက်မှာ အသားအနည်းငယ် ၀ါ” တတ်ပါတယ်။ သူတို့ရဲ့အသဲက ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အတွက် ကိုယ်ထဲကသွေးဥနီအသေတွေကထွက်လာတဲ့ အ၀ါရောင်အဆိပ်တွေကို မချေဖျက်နိုင်သေးလို့ပါ။ အသက်နည်းနည်းရလာတာနဲ့အမျှ အသဲ လည်းကြီးထွားလာပြီးသူ့လုပ်ငန်းကို ကောင်းကောင်းဆောင်ရွက်နိုင်တဲ့အခါ အ၀ါရောင်တွေ တစ်ဖြည်းဖြည်း ပျောက်သွားပါတယ်။

  အသားဝါတာကို သဘာဝအလင်းရောင်မှာမှမြင်နိုင်ပါတယ်။ ဓါတ်မီးရောင် အောက် မှာမမြင်ပါဘူး။ ဒါကြောင့်အချစ်ပိုပြီး မီးရောင်အောက်မှာ ထားခဲ့တဲ့သမီးလေးရဲ့အသားတွေ ၀ါတာ ကျမသတိမထားမိခဲ့ပါဘူး။

  ကိုယ်ခန္ဓာရဲ့ သွေးထဲကအဆိပ်တွေဥဏှောက်ထဲမရောက် အောင်တားဆီးတဲ့ (Blood Brain Barrier) ဆိုတာရှိပါတယ်။ အဲ့ဒီကာဗါ (Barrier) ကမွေးကာစ ခလေးတွေမှာသိပ် မဖွံ့ဖြိုး ပါဘူး။ ဒါကြောင့်အ၀ါရောင်အဆိပ်တွေခလေးရဲ့ဥဏှောက်ကိုရောက်သွားပြီးဖျက်စီးလို့ ကာနစ်တရက် (Kernicterus) ခေါ်တဲ့ချစ်ချစ်လို ဥဏှောက်ပျက်တဲ့ ဘ၀ရောက်ရ ပါတယ်။ လူကြီးတွေမှာတော့(Blood Brain Barrier) ကောင်းတာကြောင့် အ၀ါရောင်အဆိပ်တွေ သိပ် များလာလို့အသားတွေ ဆနွင်းခဲလိုသာ ၀ါ” သွားမယ် ဥဏှောက်ကိုတော့မရောက်နိုင်လို့ ဥဏှောက်ပျက်တဲ့ ရောဂါ မဖြစ်ပါဘူး။

  (Neonatal jaundice)က၊ လမစေ့ပဲ မွေးတဲ့ခလေးတွေအပြင် အမေနို့မတိုက်တဲ့ ခလေးတွေမှာအဖြစ်များပါတယ်။ အမေနို့က နို့ဘူးတွေလို နို့များများမထွက်ပါဘူး။ ဒါကြောင့် အမေနို့ တိုက်တဲ့ခလေးတွေဟာ ဗိုက်မ၀လို့ ခဏခဏစို့ပါတယ်။ နို့စို့တဲ့အခါ ကလေးရဲ့ အူလမ်းကြောင်း လှုပ်ရှား (bowel movement) ပါတယ်။ နို့ခဏခဏ စို့တဲ့ခလေးမှာ အူလမ်းကြောင်းလှုပ်ရှားမှုများလို့ အဆိပ်ဝါတွေကို ၀မ်းက ပိုမိုစွန့်ပြစ် နိုင်ပါတယ်။

   မွေးကာစခလေးတွေရဲ့ အူတွေမှာ ပိုးတွေမရှိသေးပါဘူး။ သဘာဝအူပိုးများလို့ခေါ်တဲ့ ကျမတို့အူထဲမှာရှိတဲ့မိတ်ဆွေပိုးတွေ (Bacterial flora) က အူထဲကိုရောက်လာတဲ့ အဆိပ်ဝါ တွေကိုချေဖျက်ပေးပါတယ်။

  မွေးစခလေးတွေမှာတစ်ဖြည်းဖြည်းနဲ့ ပတ်ဝန်ကျင်ကပိုးတွေစားမိပြီး (Bacterial flora) ခေါ်တဲ့မိတ်ဆွေပိုးတွေအူထဲကိုရောက်လာပါတယ်။ သမီးကိုအချစ်ပိုပြီး၊ ပိုးမ၀င်အောင် ဂရုစိုက်တာလွန်သွားလို့ မိတ်ဆွေပိုးတွေရဲ့ အဆိပ်ဝါတွေကို ကူညီချေပေးခြင်းကိုလည်း မရခဲ့ တာကြောင့် အဆိပ်ဝါ တွေရက်ပိုင်းအတွင်းမှာ များလာပြီးဥဏှောက်ထဲရောက်ကုန်တာပါ။

   စောစောက ၀ါတာကိုသိရင်(အဆိပ်ဝါတွေဥဏှောက်ထဲမရောက်ခင်) ခလေးကိုနေ အလင်းရောင်မှာထားခြင်း (၀ါ) အပြာရောင်မီးရောင်အောက်မှာ ထားခြင်း( Phototherapy) ဖြင့် အဆိပ်ဝါတွေကိုချေဖျက်နိုင်ပါတယ်။

     ၎င်းအပြင် အရည် (၀ါ) နို့များများတိုက်ပေးခြင်းတို့ ဖြင့် လွယ်ကူစွာကုသနိုင်ပါ တယ်။ အခုတော့

အပြင်ပန်းကြည့်ရင်၊ အချစ်လွန်လို့ မရောက်သင့်တဲ့ ဒုက္ခရောက်ရတယ်ပေါ့။ တကယ် ကတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ မင်းသားခေါင်းစွပ်ထားတဲ့၊ လောဘ၊ တဏှာ ဆိုတဲ့ အမိုက်တိုက်က မေမေတတ်သိထားတဲ့ လောကီဆေးပညာတွေကိုဖုံးလို့ဖြစ်ရတာပါ။





ဥဏှောက်အောက်ပိုင်းတွင်အ၀ါရောင်အဆိပ်များစွန်းနေပုံ။