:include data='blog' name='google-analytics'/>

Saturday, May 26, 2018

တစ်ရွာတစ်ပုဒ်ဆန်း

ကျမ တောင်ကြီးစပ်စံထွန်းဆေးရုံကို house surgeon အဖြစ် ၁၉၇၃ ကရောက်တော့ ဆ၇ာမတစ်ဦးက ကျမကို ဗမာပြည်ကလာတဲ့ဆရာဝန်လို့မိတ်ဆက်ပေးပါတယ်။ နောက် အခါးရေသောက်မလားတဲ့။ ကျမ ကအခါးဆို တော်တော်ကြောက်ပါတယ်။ နောက်မှသိရတာ ကျမတို့ ရေနွေးကြမ်းလို့ခေါ်တာကိုသူတို့က အခါးရည်လို့ခေါ်တာကိုး။

မိုးရွာတဲ့တစ်နေ့နေ့လယ်မှာအိမ်ရှေ့ကနေ အမျိုးသမီးငယ်တစ်ဦးခေါင်းပေါ်မှာဘန်းတစ်ခုရွက်ပြီး အသံဝဲ၀ဲနဲ့ ဈေးအော်ရောင်းတာကို မသဲမကွဲ ကြားလိုက်ရတဲ့အတွက် မုန့်တစ်မျိုးမျိုးရောင်းသည်ထင်၍ ခေါ်လိုက်ပါသည်။ ဘန်းချလိုက်တော့ လားလား ခုံဖိနပ်တွေဖြစ်နေပါတယ်။ မိုးဆိုရင်စီးရတာမို့ မိုးဆိုစီး လို့
 အော်ရောင်းတာပါ။  သြ  တော်တော် demonstratif ဖြစ်တဲ့နံမည်ပါလား။
ရုပ်ရှင်ပိတ်ကားကိုလဲ တစ်ဘက်ပြတဲ့။ တော်လိုက်တာ။

တစ်နေ့ နေ့လယ် ဆရာမလေးများနဲ့ နေ့လယ်စာ အတူစားကြရင်း ဆရာမလေးတစ်ယောက်က ဆရာ (တောင်ကြီးမှာ ဆရာဝန်တွေကို ဆရာလို့ ခေါ်ကြပါတယ်) ကပ်စားမလားလို့မေးပါတယ်။ ကျမလဲ အလွန်အံ့သြသွားပါတယ်။ ကျမမှာလဲ မေမေထဲ့ပေးလိုက်တဲ့ ထမင်းဘူးပါလာတာမို့ ဘယ်သူ့ဆီကမှ ကပ်စားစရာမလိုပါဘူး။ အများနဲ့ ပျော်ပျော်ရွှင် စားချင်လို့ အတူစားတာပါ။ နဲနဲတော့ ကွျှဲမီးတိုသွားတယ်။ နောက်မှသိရတာက ကျမတို့ကတို့စရာတွေကိုတို့စားတယ်လို့ပြောပေမဲ့သူတို့က ကပ်စားတယ် လို့ပြောပါတယ်။ ကျမတို့ ထမင်းစားနေချိန် ရန်ကုန်က သူငယ်ချင်း house surgeon လည်းရောက်လာတာနဲ့ အတူဝင်စားဖို့ခေါ်လိုက်ပါတယ်။ သူ့အတွက်လဲ စားစရာတွေထဲ့ပေးပြီး ဆရာမလေးတစ်ယောက်က ဆရာ အားမနာလို့စားတာလား လို့ပြောလိုက်တဲ့အတွက်သူ့ခမျာ စားမဲ့ လက်တောင်တွန့်သွားပုံရပါတယ်။ တကယ်က အားမနာပဲစားပါလို့ ဆိုလိုတာပါ။

ကျမ ကငြိမ်ငြိမ်မနေတတ်ပဲ အားရင်တစ်ခုခုလုပ်နေတတ်လို့ အိမ်နောက်ဖေးမှာ မြေပေါက်ပြီး ခြံစိုက်ကြောင်း ဆရာမ တစ်ဦးက စကားဝိုင်းတစ်ခုမှာ ချိးမွမ်းပြောဆိုလိုက်တဲ့အချိန်မှာ နားထောင်နေသူတစ်ဦးက ဆရာက တော်တော် ရွတာ ပဲနော်တဲ့ ။ ကျမ ဘာပြန်ပြောရမယ်မသိပါ။ စိတ်ဆိုးရမှာလား ? သူတို့က အလုပ်ကြိုးစားတဲ့သူ မပျင်းတဲ့သူကို ချီးမွမ်းတဲ့စကားတဲ့ ။ ကျမတို့ ရန်ကုန်မှတော့ အထူးသဖြင့်အမျိုးသမီးတစ်ယောက်ကို ရွတယ်လို့ပြောတာ ချိးမွမ်းတာမဟုတ်ပဲ နာစရာကောင်းတဲ့ ဆဲနည်း ပါ။

တစ်နေ့နေ့လည် တောင်ကြီးမြို့ တောင်ဆေးရုံလို့ခေါ်တဲ့ခလေးအထူးကုဆေးခန်းမှာတာဝန်ကျ နေတုန်း ဒေသခံ အမျိုးသမီးတစ်ဦး ၃ နှစ်အရွယ် ခလေးငယ်ချီပြီးရောက်လာပါတယ်။
စာရေးသူ   ခလေးဘာဖြစ်လို့လဲ။
အမျိုးသမီး  သံစူးလို့။
စာရေးသူလဲ ခလေးရဲ့ ခြေနှစ်ချောင်းလုံးမှာသံစူးတဲ့ဒဏ်ရာရှာတာမတွေ့တာနဲ့ လက်နှစ်ဘက်မှာရှိလိုရှိငြား ရှာတော့လည်း လုံးဝ မတွေ့ပါဘူး။ ဒါနဲ့..
    သံက ဘယ်မှာစူးတာလဲ လို့ မေးလိုက်ပါ တယ်။ အမျိုးသမီးက ဗိုလ်မှာလို့ ဖြေပါတယ်။ ကျမ စိတ်ထဲမှာ ဘုရားတမိပါတယ်။ ဒီအရွယ်ခလေးဗိုက်မှာ အဆီအသားမရှိလို့ သံစူးလို့ကတော့ ဗိုလ်ထဲက အူတွေ အသဲတွေ ထိမှာသေချာလို့ပါပဲ။ ခလေးဗိုလ်သံစူးလောက်အောင် နမော်နမဲ့ နိုင်ရန်ကောလို့ အပြစ်တင်တဲ့ အသံနဲ့ ဘယ်လိုလုပ်ဗိုက် သံစူးရတာလဲလို့ မေးလိုက်ပါတယ်။
ဒီအခါမှာတော့ကျမဘေးက ဒေသခံဆရာမလေးက ကျမတို့ရဲ့ပြဿနာကို ရိပ်စားမိပြီးဝင်ဖြေပါတယ်။ သံစူးတယ်ဆိုတာ ဗိုက်ထဲက သံကောင်တွေ ကြောင့် ဗိုလ်နာတာကိုပြောတာတဲ့။ (မြန်မာပြည်အောက်ပိုင်းမှာတော့ သံထိုးတယ်လို့ ပြောပါ တယ်)။ သြ တော်ပါသေးရဲ့။


Wednesday, May 23, 2018

အင်္ဂလိပ် ဂဏန်း တစ်နဲ့ ခုနစ် ရေးနည်းအမှန်


ကျမတို့ တွေ အင်္ဂလိပ် ဂဏန်း တစ်နဲ့ ခုနစ် ကို I နဲ့  7 လို့ ရေးကြတယ်။ ပြင်သစ်ရောက်တော့ သူတို့က တစ်ကို အလံလို ထပ်မှာအစွန်းထွက်ပြီးရေးတယ်။ ခုနှစ်ကိုလည်း အလယ်မှာကန့်လန့်ဖြတ် တစ်ချောင်းထဲ့ ရေးတယ်။ တကယ်က ဂဏန်း အရေည်အတွက်ကို ဒေါင့်တွေနဲ့ကိုယ်စားပြုထားတာပါ။ တစ် ဆို ဒေါင့်တစ်ခု ဒါကြောင့် ထပ်မှာအစွန်းထွက်ပြီးရေးရင် ဒေ့င့်တစ်ခု ဖြစ်ပါတယ်။ 2 နှစ်က ဒေါင့် ချိုးရေးရင် ၂ ဒေါင့်ပါ။ 3 ကို ဒေါင့် ချိုးရေးရင် ၃ ဒေါင့်ပါ။ 4 ကို ဒေါင့် ချိုးရေးပြီး အစွန်းတွေမထွက်ရင် ၄ ဒေါင့်ပါ။ အဲ့ဒီလိုရေးကြည့်ရင် ၇ က အလယ်တန်းပါမှ ၇ ဒေါင့်ရပါတယ်။ ၈ က လေးဒေါင့် ၂ ခုထပ်ထားတာပါ။ ၀ ကတော့ ဒေါင့်မရှိပါဘူး။ 

c u နဲ့ ok

fb စသုံးခါစ က c u ဆိုတာဘာမှန်းမသိခဲ့ဘူး။ နောက်မှ see you ကို အတိုရေးတာဆိုဘဲ။ တိုက်ဆိုင်လာလို့  ယနေ့အများသုံးနေတဲ့ ok ဆိုတဲ့ စကားလုံးအကြောင်းရောက်သွားတယ်။ အားလုံးအဆငြေ်ပတယ်။ ကောင်းတယ် ဆိုရင် ok  လို့သုံးကြတယ်။ ဒီစကားက ဒုတိယကမ္ဘာစစ်မှာ အမေရိကန်စစ်တပ်က စစ်ပွဲ
အခြေအနေနဲ့ ကျဆုံးမှု့တွေကိုအချိန်နဲ့ တပြေးညီ နောက်တန်းကိုသတင်းပို့တဲ့အခါမှာ အသုံးပြုရာက အများသုံးဖြစ်လာတယ်လို့မှတ်သားဖူးပါတယ်။ တကယ်က 0 ဆိုတာ အို မဟုတ်ပါဘူး ၊ ဇီရိုကိုကိုးစားပြုပါတယ်။ K ကတော့ killed ကိုကိုယ်စားပြုပါတယ်။ ဆိုလိုတာက zero killed ပါ။





စပ်စံထွန်းဆေးရုံသွေးဘဏ်မှာ သိပ်အလုပ်မများလို့ ကျမအခန်းနောက်ဘက်ကချုံတွေကို ၁၀၀ ကျပ် (ရွှေတစ်ကျပ်သား  ၂၀၀၀ ကျပ်) ပေးရှင်းခိုင်းပြီး ပန်းပင်တွေစိုက်ပါတယ်။ ရေနွေးပိုက် မရှိ တာကြောင့်။ မနက်ရေမချိုးခင်ခြံထဲဆင်းပြီး၊ မြေတွေပေါက်တူးနဲ့ပေါက်ပြီးချွေးထွက်မှရေချိုးပါတယ်။ တောင်ကြီးမြေက ဘာပင်စိုက်စိုက်ဖြစ်ပါတယ်။ ကျမခြံထဲမှာ နှင်းဆီ၊ ဒေစီပန်း၊ ဂန္ဓမာပန်း၊ လက်ထပ်ပန်း၊ နေကြာပန်းတွေအပြင် ဂေါ်ရခါးသီး၊ မြေပဲ၊အားလူး၊ကြက်သွန်ဖြူတွေလည်းစိုက်ပါတယ်။ သွေးဘဏ်မှာ ခလေးအတွက် သွေးလှူတဲ့ပစ္စည်း သတ်သတ်မရှိပါဘူး။ သွေးလှူရှင်ဆီက လူကြီးတစ်ယောက်စာအတိုင်း သွေးထုတ်ရပါတယ်။ ဒါပေမဲ့ ခလေးကိုယ်ထဲကို အကုန်သွင်းလို့မရပါဘူး။ သွေးလိုတဲ့ ခလေးလူနာ ၂ ယောက်ရှိရင် သွေးအမျိုးအစားလည်းတူရင်၊ သွေးတစ်ပုလင်းကို ခလေး ၂ယောက်ကိုခွဲပေးပါတယ်။ မဟုတ်ရင်တော့ ကျန်တဲ့သွေး တစ်ဝက်ကိုလွှင့်ပစ်လိုက်ရပါတယ်။ သွေးတွေ အလကားလွှင့်ပစ်ရမှာ နှမြောတာနဲ့ အိမ်ကို ယူလာပြီး ကျမရဲ့နှင်းဆီပင်တွေ သန်အောင်ဆိုပြီးလောင်းပါတယ်။ နောက်နေ့မနက် မှာတော့ ကျမရဲ့နှင်းဆီပင်တွေ အမြစ်တွေပေါ်ပြီးသေနေကြပါတယ်။  သွေးနံ့ကြောင့် ခွေးရက်လို့သေ ကုန်တာပါ။  မျက်တောင်မွေးတစ်ဆုံးသာ မြင်တဲ့ကျမရဲ့ အသုံးမကျမှုကြောင့်ပါပဲ။

         ခြံထဲက ပန်းတွေနဲ့ ဘုရားပန်းတင်၊ဧည့်ခန်းပန်းအိုးထိုးရတာအလွန်စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ခြံထဲက ပန်းတွေအရမ်းပွင့်သလို၊ရာသီဥတုကလည်းအေးတာမို့ ဘုရားပန်းတွေ၊ဧည့်ခန်းက ပန်းတွေက လည်း ၃-၄ ရက်နေလည်းမညိုးဘူး။ အဲ့ဒီအချိန်က တောင်ကြီးမြို့ပေါ်မှာ ပန်းကပ်စရာဘုရားလည်းမရှိဘုး။ ဒီတော့ အခန်းတိုင်းမှာ ပန်း တွေဝေနေအောင်ထိုးထားပါတယ်။

             ကြက်သွန်ဖြူ ဥတစ်လုံး တစ်ပိဿာဝယ်ပြီး ကျမခြံမှာစိုက်ပါတယ်။ ကြက်သွန်ဖြူတွေ တူးဖို့ အချိန်ကျလို့ တူးတော့ ကြက်သွန်ဖြူ ပိန်ညောင်ညောင် ၂၅ ကျပ်သား သာရပါတယ်။ ကျမ မြေဆွတာ မမွလို့ လို့ ပြောပါတယ်။ အဖေက တော့ အားပေးပါတယ်။ သမီး ကြက်သွန်ဖြူတွေ က အစိမ်းတို့စားလို့ရတယ် မစပ်ဘူးတဲ့။

         မြေပဲနဲ့ အားလူးလဲ ဒီလိုပါပဲ ။ စိုက်ပျိုးရေးလုပ်လို့ သီးနှံ့တွေ မတိုးပွါးလာပဲ လျော့နည်းကုန်လို့ ကျမ အဲ့ဒါတွေ မစိုက်တော့ပါဘူး။ ဂေါရခါးသီးကတော့ စိုက်စရာတောင်မလိုဘူး။ ခြံစည်းရိုးနားမှာချထားရုံနဲ့ အပင်ပေါက်ပြီးခြံစည်းရိုးကိုနွယ်သွားပါတယ်။ နေကြာပင်ကလည်း စိုက်လို့ အလွန်လွယ်ပါတယ်။ မြေတွင်းသေးသေးလေးဖြစ်အောင် ဒုတ်နဲ့ကလော်ပြီး နေကြာစေ့တစ်စေ့ထဲ့၊ မြေကြီးပြန်အုပ်ပြီး ဖနောင့်နဲ့ဖိလိုက်ရုံပဲ။ နေကြာစေ့တစ်ပွင့်ကနေ နေကြာစေ့တွေ နို့ဆီဘူးတစ်လုံးစာလောက်ရပါတယ်။ ဆရာဝန် quarter ကအိမ်ခန်းတွေက တော်တော်ကျယ်ပါတယ်။ ထမင်းချက်ခန်း၊ ဧည့်ခန်း၊ အိပ်ခန်း ၂ခုနဲ့ အပြင်    ၀ရမ်တာပါ ပါတယ်။ ကျမတို့ပြောင်းလာကာစက တစ်ခန်းနဲ့တစ်ခန်းကူရတာ ခြေထောက် တောင် ညောင်း လာပါတယ်။ မေမေနဲ့ကျမကအိပ်ခန်းတစ်ခုက နှစ်ယောက်အိပ်ခုတင်မှာအတူတူအိပ်ပါတယ်။ ကျန်အိပ်ခန်းမှာ ကွတ်ပစ် တစ်လုံး ရှိပါတယ်။ တစ်နေ့ နေကြာစေ့တွေ အခြောက်လှမ်းပြီး၊ သိပ်မခြောက်သေးတာနဲ့ ကွတ်ပစ်ပေါ်မှာ ဇကာနဲ့တင်ထားပါတယ်။ မနက်ကျတော့ နေကြာစေ့တွေ အားလုံး အခွံတွေပဲကျန်ပါတော့တယ်။ ညက ကြွက်တွေ နေကြာစေ့တွေကို အခွံ နွာစား သွားကြတာ အံ့သြစွာတွေ့လိုက်ရပါတယ်။  တိရစ္ဆန်ဆိုပေမဲ့ စားလို့ကောင်းတဲ့အဆံနဲ့ စားလို့မရတဲ့ အခွံ ဆိုတာခွဲခြား သိပါလား ?

         တနေ့မနက် စတော်ဘယ်ရီသီးတွေ သီးနေတာတွေ့လို ဘယ်နှစ်လုံးလဲလို့ရေတွက်ပြီး ၀မ်း သာ အားရ ဆေးရုံ ကိုထွက်သွားခဲ့ပါတယ်။ ထမင်းစားချိန်ပြန်လာတော့ ထမင်းမစားသေးပဲ စတော်ဘယ်ရီ သီးတွေ ထပ်သီးလာဆိုတာကြည့်ဖို့ ခြံထဲဆင်းခဲ့ပါတယ်။ ဒါပေမဲ့ တိုးဖို့နေနေသာသာ မနက်က စတော်ဘယ်ရီသီးတွေ တောင်မရှိတော့ပါဘူး။ ပရောဆိတ်တွေ စားသွား လို့ ကုန်ပါပြီ။ ပရောဆိတ် မစားနိုင်အောင် အသီးတွေအောက်က ကေါက်ရိုးတွေခံထားရတယ်တဲ့။ ကျွမ်းကျင်ရာလိမ္မာ ဆိုတာ သိပ်မှန်တာပဲ။

         ပြောင်းဖူးပင်ကလည်းစိုက်လို့လွယ်ပါတယ်။ နေကြာပင်လိုပဲစိုက်ရပါတယ်။ တစ်ပင်က နှစ်ဖူး၊သုံးဖူးလောက်သီးပါတယ်။ ခြံထဲက လတ်လတ်ဆတ်ဆတ်ခူးပြီးဖုတ်စားတာမို့ အလွန်ချိုပါတယ်။ အစားကောင်းစားရရင် ချစ်သူ ခင်သူတွေသတိရတတ်တဲ့အတိုင်း ရန်ကုန်က အဖေနဲ့ညီမတွေဆီကို စိုက်ခင်းတွေက သွားဝယ်ပြီး ရထားနဲ့ ပို့လိုက်ပါတယ်။ အိမ်က စာပြန်လာပါတယ်။ နောက်မပို့နဲ့တဲ့ ပြောင်းဖူးတွေကခြောက်နေလို့ အမှိုက်ပုံဆီတိုက်ရိုက်သွားပို့ရတယ်တဲ့။


         ဂေါ်ရခါးညွန့်တွေ၊ဖရုံညွန့်တွေကလည်း လတ်ဆတ်လို့ အလွန်ချိုပါတယ်။ အမအကြီးဆုံးက ဂေါ်ရခါးညွန့်ကြိုက်တာမို့ ရန်ကုန်ပြန်ရင် မြေသောက်ရေအိုးတစ်လုံးဝယ်ပြီးအထဲမှာ ဂေါ်ရခါးညွန့် တွေထဲ့ပြီးရန်ကုန်ကိုရထား (၀ါ) ကားနဲ့သယ်သွားရင် ရန်ကုန်အထိ လတ်ဆတ်နေပါတယ်။

         သစ်တော်သီးတွေလှိုင်လှိုင်ပေါ်တော့ ထုံစံအတိုင်း ရန်ကုန်ပို့ချင်စိတ်တွေပ်ါလာပါတယ်။ ဒါပေမဲ့ ပြောင်းဖူးလိုဖြစ်မှာစိုးတာနဲ့ ပို့ချင်တဲ့စိတ်အောင့်ထားရပါတယ်။ တစ်နေ့မနက် ဆေးရုံအသွား အပြင်လူနာ ဌာနအ၀င်မှာ လူရွယ်တစ်ယောက်က ဆရာမ နေကောင်းလားလို့နှုတ်ဆက်ပါတယ်။ ကျမ ဘယ်သူဆိုတာ မ မှတ်မိပါဘူး။ အပြင်လူနာဌာနမှာတာဝန်ကျစဉ်ကတစ်နေ့တစ်နေ့ လူ တစ်ရာ လောက်တွေ့နေရတာ ဆိုတော့ဘယ်လိုမှမမှတ်မိနိုင်ပါ ဘူး။ ဒါနဲ့ လူနာတစ်ယောက်ယောက်ဖြစ်မှာပဲဆိုပြီး နေကောင်းလာ ဘာလား ဆိုပြီးရောချပါတယ်။ လူရွယ်က ကျမ ရောကော် သောကော်လုပ်တာ ရိပ်မိသွားပြီး ဆရာမ ကျနော် လူနာမဟုတ်ပါဘူး။ ဆရာမ အဖေဆီမှာ ဒရိုင်ဘာလုပ်ဖူးတယ်လေတဲ့။ ကျမအဖေက ကုန်ကားတွေထောင်ထားပါတယ်။ သမီး လေးယောက်ရှိတာမို့ အိမ်ကိုသူ့ကားတွေရောကားဒရိုင်ဘာ တွေရော မလာစေပါဘူး။ ဒီလူကတော့ ဘယ်တုံးက ကျမကိုမြင်ဖူးသွားမှန်းမသိပါဘူး။ ကျမအဖေ လည်းအခု ကားတွေရောင်းပြစ်ပြီး အငြိမ်းစားယူနေပါပြီ။ လူရွယ်ကထပ်ပြောပါတယ်။ အခုကျနော် ကုန်စိမ်းကားတွေမောင်းနေပါတယ်။ မနက်ရန်ကုန်ု ကုန်စိမ်းတွေအရောက် တစ်ညလုံးမောင်းပါတယ်။ ဆရာမ အိမ်ကိုပေးချင်တာရှိရင်ပေးပါတဲ့။ ၀မ်းသာလိုက်တာ။ ချက်ချင်း ဆေးရုံနောက်က သစ်တောခြံသွား
ဝယ်ပြီးဆေးရုံမှာတင်ထုပ်ပိုးပေးလိုက်ပါတယ်။ အိမ်က စာပြန်လာပါတယ်။ သစ်တော်သီးတွေ သိပ်ကောင်းတာပဲတဲ့။ လာပို့တဲ့သူကပြောသွားတယ်တဲ့ ဆရာဝန်လို့မပြောရဘူး။ အထုပ်ကို ပလပ်စတာတွေနဲ့ ကပ်ထားတယ်တဲ့။ သြ ဆေးရုံမှာတင်ချက်ချင်းထုပ်ပိုးပေးလိုက်ရတာ သူ သိမှ မသိပဲ။

Tuesday, May 22, 2018

ချစ်တတ်ရဲ့လား ?


  ချစ်ချစ်ဆိုတာမီးယပ်နဲ့ သားဖွားအထူးကုဆရာဝန်ကြီးနဲ့ ခွဲစိပ်အထူးကု ဆရာဝန်ကြီး တို့ရဲ့တစ်ဦးတည်းသောသမီးလေးပါ။ ချစ်လွန်းလို့နံမည်တောင် မခေါ်ရက်လို့ ချစ်ချစ်လို့ သာ အမည်တွင်ခဲ့ပါတယ်။ ချစ်ချစ်ရဲ့အဖေနဲ့ အမေတို့တစ်လှည့်ဆီ နိုင်ငံရပ်ခြား ပညာတွေသွား ဆည်းပူးနေရတာမို့ သားသမီး မယူနိုင်သေးပဲဆိုင်းငံထားခဲ့ရတာ။

  နောက်ဆုံး မေမေနိုင်ငံခြားကပြန်လာလာချင်းမွေးခဲ့ရတဲ့ အဖိုးတန်ချစ်သမီးလေးပါ။ မိဘနှစ်ပါးအချစ်ပိုလိုက်တာများကတော့ သမီးကို လေစိမ်း တိုက်မှာ ခြင်ကိုက်မှာစိုးလို့ အထူးခြင်လုံ အခန်းမှာထားတာပါ။ လေမခ နေမခ ရွှေပေါ် မြတင်ပါ။ အိမ်မှာကူညီပေးတဲ့ ခလေးမလေးတွေတောင် ချစ်ချစ်နားမကပ်ရပါဘူး။

  မိတ်ဆွေတွေကလည်း ဆရာဝန်အသိုင်းအ၀ိုင်းကဆိုတော့ သူတို့ဆေးရုံကပါလာတဲ့ ရောဂါတွေကူးမှာစိုးလို့ မချီမပိုးအောင်လို့ သမီးလေး အိပ်နေတယ်ဆိုပြီးညာ ပြောရတာက လည်း  အခါခါပါပဲ။

   မိခင်တစ်ယောက်အနေနဲ့ ချစ်ချစ်ကိုနို့ချိုတိုက်ကျွေးချင်ပေမဲ့ ဆေးရုံတာဝန် က တစ်ဖက်၊ ဆေးကျောင်းမှာစာသင်ရတာကတစ်ဘက်မို့ မအားလပ်ပါဘူး။ နောက်ပြီးတော့ ဆေးရုံကရောဂါ တွေလည်းသမီးလေးကိုကူးမှာစိုးပါတယ်။

  ဒီလိုနဲ့ တစ်နေ့မှာတော့ တောက ငယ်ကြောက်အဒေါ် သမီးလေးကိုကြည့်ရအောင် ရောက်လာပါတယ်။ ကျမဘာမှမပြောနိုင်ခင်၊ မတားနိုင်ခင် သမီးလေးရဲ့ အခန်းထဲဝင်သွားပြီး သမီးလေးကို အပြင်ချီထုတ်လာပါတယ်။ ပါးစပ်ကလည်း ညီးတို့က ခလေးကိုအမှောင်ထဲမှာ ထားထားတယ်၊ လေကောင်းလေသန့်လည်းမရဘူး။ ခလေးဆိုတာမြေထိမှ ကျန်းမာတာတဲ့။

   သမီးလေးကိုတွေ့လိုက်တဲ့ ခဏမှာတော့ ကျမမျက်စိတွေ မူးမိုက်သွားပါတော့တယ်။ သမီးလေး တစ်ကိုယ်လုံးဝါနေပါတယ်။ သမီးလေးကို ချက်ချင်းဆေးရုံခေါ်သွားပြီး သွေး ကောင်း တွေနဲ့ သမီးလေးရဲ့ ၀ါနေတဲ့သွေးတွေပြောင်းလဲကုသ (exchange transfusion) ပါတယ်။

  သမီးကိုယ် ထဲကသွေးတွေကတော့၊ အ၀ါရောင်အဆိပ်တွေမရှိတော့ပါဘူး။ ဒါပေမဲ့ အ၀ါရောင်အဆိပ်တွေက သမီးရဲ့နုနယ်တဲ့ ဥဏှောက်ကို ရောက်သွားပြီး ဖျက်စီးလိုက်တာ မို့ သမီးလေးဘ၀ ဆုံးရပါပြီ။ သမီးလေးတစ်ဘ၀လုံး ဥဏှောက်ပျက်နေတဲ့ ရောဂါသည်မလေး ဘ၀နဲ့ နေရတော့ မှာပါ။ ကျမဘယ်လိုဖြေရပါ့မလဲ။ ကျမသမီးလေးလို ဘ၀မဆုံးကြရအောင် ဒီပညာပေးဆောင်းပါးလေးကိုဝေငှရင် ချစ်ချစ်လိုဘ၀နဲ့ ကျမလို ဘ၀မျိုးမရောက်ကြပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

   ချစ်ချစ်လိုမွေးကာစ ခလေးတွေအသားဝါတာကို(Neonatal jaundice) နီရိုနေတဲ ဂျွန်တစ် လို့ခေါ်ပါတယ်။ မွေးကာစ ခလေးငယ်တွေ၊ အထူးသဖြင့် လမစေ့ပဲမွေးတဲ့ခလေးတွေ မှာ မွေးပြီးတစ်ပတ်လောက်မှာ အသားအနည်းငယ် ၀ါ” တတ်ပါတယ်။ သူတို့ရဲ့အသဲက ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အတွက် ကိုယ်ထဲကသွေးဥနီအသေတွေကထွက်လာတဲ့ အ၀ါရောင်အဆိပ်တွေကို မချေဖျက်နိုင်သေးလို့ပါ။ အသက်နည်းနည်းရလာတာနဲ့အမျှ အသဲ လည်းကြီးထွားလာပြီးသူ့လုပ်ငန်းကို ကောင်းကောင်းဆောင်ရွက်နိုင်တဲ့အခါ အ၀ါရောင်တွေ တစ်ဖြည်းဖြည်း ပျောက်သွားပါတယ်။

  အသားဝါတာကို သဘာဝအလင်းရောင်မှာမှမြင်နိုင်ပါတယ်။ ဓါတ်မီးရောင် အောက် မှာမမြင်ပါဘူး။ ဒါကြောင့်အချစ်ပိုပြီး မီးရောင်အောက်မှာ ထားခဲ့တဲ့သမီးလေးရဲ့အသားတွေ ၀ါတာ ကျမသတိမထားမိခဲ့ပါဘူး။

  ကိုယ်ခန္ဓာရဲ့ သွေးထဲကအဆိပ်တွေဥဏှောက်ထဲမရောက် အောင်တားဆီးတဲ့ (Blood Brain Barrier) ဆိုတာရှိပါတယ်။ အဲ့ဒီကာဗါ (Barrier) ကမွေးကာစ ခလေးတွေမှာသိပ် မဖွံ့ဖြိုး ပါဘူး။ ဒါကြောင့်အ၀ါရောင်အဆိပ်တွေခလေးရဲ့ဥဏှောက်ကိုရောက်သွားပြီးဖျက်စီးလို့ ကာနစ်တရက် (Kernicterus) ခေါ်တဲ့ချစ်ချစ်လို ဥဏှောက်ပျက်တဲ့ ဘ၀ရောက်ရ ပါတယ်။ လူကြီးတွေမှာတော့(Blood Brain Barrier) ကောင်းတာကြောင့် အ၀ါရောင်အဆိပ်တွေ သိပ် များလာလို့အသားတွေ ဆနွင်းခဲလိုသာ ၀ါ” သွားမယ် ဥဏှောက်ကိုတော့မရောက်နိုင်လို့ ဥဏှောက်ပျက်တဲ့ ရောဂါ မဖြစ်ပါဘူး။

  (Neonatal jaundice)က၊ လမစေ့ပဲ မွေးတဲ့ခလေးတွေအပြင် အမေနို့မတိုက်တဲ့ ခလေးတွေမှာအဖြစ်များပါတယ်။ အမေနို့က နို့ဘူးတွေလို နို့များများမထွက်ပါဘူး။ ဒါကြောင့် အမေနို့ တိုက်တဲ့ခလေးတွေဟာ ဗိုက်မ၀လို့ ခဏခဏစို့ပါတယ်။ နို့စို့တဲ့အခါ ကလေးရဲ့ အူလမ်းကြောင်း လှုပ်ရှား (bowel movement) ပါတယ်။ နို့ခဏခဏ စို့တဲ့ခလေးမှာ အူလမ်းကြောင်းလှုပ်ရှားမှုများလို့ အဆိပ်ဝါတွေကို ၀မ်းက ပိုမိုစွန့်ပြစ် နိုင်ပါတယ်။

   မွေးကာစခလေးတွေရဲ့ အူတွေမှာ ပိုးတွေမရှိသေးပါဘူး။ သဘာဝအူပိုးများလို့ခေါ်တဲ့ ကျမတို့အူထဲမှာရှိတဲ့မိတ်ဆွေပိုးတွေ (Bacterial flora) က အူထဲကိုရောက်လာတဲ့ အဆိပ်ဝါ တွေကိုချေဖျက်ပေးပါတယ်။

  မွေးစခလေးတွေမှာတစ်ဖြည်းဖြည်းနဲ့ ပတ်ဝန်ကျင်ကပိုးတွေစားမိပြီး (Bacterial flora) ခေါ်တဲ့မိတ်ဆွေပိုးတွေအူထဲကိုရောက်လာပါတယ်။ သမီးကိုအချစ်ပိုပြီး၊ ပိုးမ၀င်အောင် ဂရုစိုက်တာလွန်သွားလို့ မိတ်ဆွေပိုးတွေရဲ့ အဆိပ်ဝါတွေကို ကူညီချေပေးခြင်းကိုလည်း မရခဲ့ တာကြောင့် အဆိပ်ဝါ တွေရက်ပိုင်းအတွင်းမှာ များလာပြီးဥဏှောက်ထဲရောက်ကုန်တာပါ။

   စောစောက ၀ါတာကိုသိရင်(အဆိပ်ဝါတွေဥဏှောက်ထဲမရောက်ခင်) ခလေးကိုနေ အလင်းရောင်မှာထားခြင်း (၀ါ) အပြာရောင်မီးရောင်အောက်မှာ ထားခြင်း( Phototherapy) ဖြင့် အဆိပ်ဝါတွေကိုချေဖျက်နိုင်ပါတယ်။

     ၎င်းအပြင် အရည် (၀ါ) နို့များများတိုက်ပေးခြင်းတို့ ဖြင့် လွယ်ကူစွာကုသနိုင်ပါ တယ်။ အခုတော့

အပြင်ပန်းကြည့်ရင်၊ အချစ်လွန်လို့ မရောက်သင့်တဲ့ ဒုက္ခရောက်ရတယ်ပေါ့။ တကယ် ကတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ မင်းသားခေါင်းစွပ်ထားတဲ့၊ လောဘ၊ တဏှာ ဆိုတဲ့ အမိုက်တိုက်က မေမေတတ်သိထားတဲ့ လောကီဆေးပညာတွေကိုဖုံးလို့ဖြစ်ရတာပါ။





ဥဏှောက်အောက်ပိုင်းတွင်အ၀ါရောင်အဆိပ်များစွန်းနေပုံ။






သွေးဆိုတာ ?

သွေးဆိုတာ သာမန်မျက်စိနဲ့ကြည့်ရင် နီတဲ့အရည်လို့သာ မြင်ပါလိမ့်မယ်။ တကယ်ကသွေးမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ သွေးဥနီ (သူ့ကြောင့်အနီရောင်ဖြစ်တာပါ)၊ သွေးဥဖြူ (အရောင် မရှိပါဘူး)၊ သွေးဥမွှား (အသားစအမွှာလို အရွယ်အစားအမျိုးမျိုးရှိပါတယ်)၊ တွေဟာ အ၀ါနု ရောင်ရှိတဲ့ သွေးရည်ကြည်ထဲမှာ မျောနေကြတာပါ။
     ဒါကို လက်တွေ့သိချင်ရင်တော့ လူ (၀ါ) တိရ စ္ဆန်ရဲ့ သွေး အနည်းငယ်ကို ပုလင်းဖြူ တစ်လုံးထဲမှာ ထဲ့ထားလိုက်ပါ။ သွေးခဲသွားတဲ့အခါ (သွေးခဲဆိုတာ သွေးဥတွေအားလုံး စုပြီးခဲသွားတာပါ) သွေးခဲအပြင် အ၀ါနုရောင်ရှိတဲ့ သွေးရည်ကြည်ကို တွေ့ရပါလိမ့်မယ်။ လူတွေရဲ့ သေးဥနီက နှစ်ဖက်ခွက်တဲ့အ၀ိုင်း လုံး တွေပါ နှစ်ဖက်မြင် (Two dimension) တဲ့ မှန်ဘီးဘူးအောက်မှာ အ၀ိုင်းပြားတွေအနေနဲ့ တွေ့ရပါတယ်။
    သွေးဟာ အသက်” လို့ပြောတဲ့ အတိုင်း၊ သွေးမရှိရင် အသက်မရှင်နိုင်ပါဘူး။ ကျမတို့ ကိုယ်ထဲမှာသွေး ၅ လီတာခန့် ရှိပါတယ်။ သွေးတွေ သွေးကြောတွေထဲကနေ ကိုယ်ခန္ဓာရဲ့ အတွင်းသို့ (၀ါ) အပြင်သို့ အချိန်အနည်းငယ်အတွင်း ထွက်သွားရင် ထွက်သွားတဲ့သွေးရဲ့ ပမာဏပေါ်မူတည်ပြီး အဆင့်လေးဆင့် ခွဲနိုင်ပါတယ်။ သွေး ၅ လီတာရဲ့ (၁၀-၁၅%)  ထွက် သွားရင် ကျန်းမာသောလူမှာ ဘာပြဿနာမှ မဖြစ်ပါဘူး။ ဘာမှလည်း လုပ်စရာ မလိုပါဘူး။ သွေးလှူတဲ့အခါ သွေး (၈-၁၀%) ယူတာမို့ကျန်းမာရေးကို မထိခိုက်စေပါဘူး။ (၁၅-၃၀%) ဆိုရင်တော့ နှလုံးခုန် မြန်လာပါတယ်။ လက်ဖျားခြေဖျားတွေ ဖြူပြီး အေးလာ ပါတယ်။ အဲ့ဒီ အခါမျိုးမှာ သွေးဒုထယ် (volume) ပြန်ပြည့်အောင် ဆားရည် သွင်းဖို့ လိုပါလိမ္မယ်။ သွေးသွင်း ဖို့ မလိုသေးပါဘူး။ (၃၀-၄၀%) ဆိုရင်တော့ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သတိမေ့ ခြင်းများ ဖြစ်တတ်ပါတယ်။ ဒီအဆင့်မှာတော့ သွေးသွင်းဖို့ လိုအပ်ပါတယ်။ သွေးမရခင် သွေး ဒုထယ် (volume) ပြန်ပြည့်အောင် ဆားရည် သွင်းထားရပါမယ်။ (>၄၀%) ဆိုရင်တော့ သွေး အမြန်ဆုံးသွင်းခြင်း၊ ဆားရည်များသွင်းခြင်းများကို အမြန်ဆုံး လုပ်ရပါမယ်၊ အချိန်နောက်ကျ ပါက သေဆုံးနိုင်ပါတယ်။
   သွေးတွေက ကိုယ်ခန္ဓာမှာရှိတဲ့ဆဲလ် (cell)တွေ လိုအပ်တဲ့အောက်ဆီဂျင် (Oxygen) ကို အဆုတ်ကနေ သယ်ပေးပါတယ်။ ကိုယ်ခန္ဓာအတွက်အန္တရာယ်ရှိတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် (Carbondioxide) ခေါ်တဲ့ ဆဲလ် ထဲကထွက်လာတဲ့  အဆိပ်ဓါတ်ငွေ့တွေကို အဆုတ်ဆီကို ပြန်သယ်သွားပေးပြီး၊ အဆုတ်ကတဆင့် လေထုထဲကို ထုတ်ပါတယ်။
     အောက်ဆီဂျင်အပြင် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အစာတွေကို အစာချက်ရာ အစာ လမ်းကြောင်းမှ ဆဲလ်တွေဆီကို ပို့ပေးပါတယ်။ ဆဲလ်တွေဆီက ထွက်လာတဲ့အဆိပ်တွေကို အသဲ ဆီပို့ပေးပါတယ်။ အသဲမှာ အဆိပ်တွေကို အဆိပ်အတောက်ပျောက် (Detoxification) အောင် လုပ်ပါတယ်။ အသဲက မချေဖျက်နိုင်တဲ့အဆိပ်တွေကို ကျောက်ကပ်ကို ပို့ပေးပြီး ကျောက်ကပ်က ဆီးအနေနဲ့ အပြင်ကို ထုတ်ပြစ် ပါတယ်။
     သွေးမှာရှိတဲ့ သွေးဥနီတွေကအောက်ဆီဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့တွေ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ အဲ့ဒီအလုပ် အတွက်သွေးဥနီမှာရှိတဲ့ အနီရောင်ဟီမိုဂလိုပင် (Hemoglobin) လိုအပ်ပါတယ်။ ဟီမိုဂလိုပင်နဲ့ အောက်ဆီဂျင်ပေါင်းတဲ့အခါ သွေးဟာ အနီရဲရဲ အရောင် ရှိပါတယ်။ အဲ့ဒီသွေးတွေက သွေးလွှတ်ကြောတွေ (arteries) ထဲမှာရှိပါတယ်။ ဟီမိုဂလိုပင်နဲ့ကာဘွန်ဒိုင်အောက်ဆိုက် ပေါင်းရင် သွေးဟာ နီညိုရောင်ရှိပါတယ်။ ဒီသွေးတွေ ကို သွေးပြန်ကြော (Veins) တွေကတဆင့် အဆုတ်ဆီကို ပို့ပေးပါတယ်။ အဆုတ်ကနေ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ကို လေထဲသို့ မှုတ်ထုတ် လိုက်ပါတယ်။
သွေးပြန်ကြောတွေက နံရံပါးပြီး ကိုယ်ရဲ့အပြင်ပိုင်း မြင်လွယ်တဲ့နေရာတွေမှာရှိပါတယ်။ သွေးလွှတ်ကြောတွေကတော့ ကိုယ်အတွင်းပိုင်း ကြွက်သား (Muscles) တွေကြားမှာရှိလို့ များသောအားဖြင့်မမြင်ရပါဘူး။
     သွေးထုတ်စစ်ဆေးတဲ့အခါ သွေးပြန်ကြောတွေဆီက သွေးကို ထုတ်ပြီး စစ်တာပါ။ သွေးတစ် စက်မှာ သွေးဥနီတွေ သန်းပေါင်းများစွာ ပါရှိပါတယ်။
သွေးအားနည်းတယ်ဆိုတာ သွေးဥနီတွေ နည်းတာကို ပြောတာပါ။ ဟီမိုဂလိုပင်မှာ သံဓါတ် (Iron) နဲ့ ပရိုတင်းခေါ် (Protein) အသားဓါတ် ပါ ပါတယ်။ သံဓါတ်နဲ့ အသားဓါတ် နည်းရင် ဟီမိုဂလိုပင်လည်း နည်းတာမို့ သွေးအားနည်းရောဂါ ဖြစ်ပါတယ်။ ပရိုတင်းက ဟီမိုဂလိုပင်အပြင် အခြားသော ကိုယ်အစိတ် အပိုင်းတွေမှာလဲ အများအပြား ပါဝင်တာမို့ ပရိုတင်းနည်းရင် သွေးအားနည်းရောဂါအပြင် အခြားရောဂါ   တွေလဲ ဖြစ်ပါတယ်။ ဒါကြောင့် သွေးအားပဲ နည်းတယ် ဆိုရင်တော့ သံဓါတ်ကြောင့်ပါ။ သံဓါတ်က အစားအစာက ရပါတယ်။
          သာမန်မျှတတဲ့အစာ စားသူ၊ သက်သတ်လွတ်စားသူများမှာတောင် သံဓါတ် အစား နည်းလို့ သွေးအားနည်းတာ မဖြစ်ပါဘူး။ (အရှင်ဆန္ဒဓိက၏ သွေးအလှူနဲ့ပါရမီ (၁၀) ပါး စာအုပ်မှာ မည်သည့် အစားအစာများတွင် သံဓါတ် ပါကြောင်း အသေးစိတ် ရေးသားထား ပါတယ်)။
အများဆုံး သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းက ကိုယ်ထဲက သွေးတွေ အပြင် ထွက် သွားတာကြောင့်ပါ။
    အမျိုးသမီးများမှာ ဓမ္မတာသွေး အနေနဲ့ လစဉ်သွေးများအပြင်ထွက်တာမို့ အစာထဲမှာ သံဓါတ် လုံလောက်စွာမပါရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီး များမှာ သွေးအားနည်း ရောဂါ အဖြစ်များ ပါတယ်။ အမျိုးသားများ သွေးအားနည်းတယ် ဆိုရင်တော့ သွေးထွက်တဲ့ရောဂါ တစ်ခုခု ကို ရှာဖွေရပါမယ်။ ဥပမာ။ သွေးထွက်နေတဲ့ ကျောက်ကပ် ရောဂါ၊ အူနာရောဂါ၊ အစာအိမ်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ စသည်တို့ပါပဲ။
     ကိုယ်ထဲက သံဓါတ်က သွေးအနေနဲ့သာ ကိုယ်ခန္ဓာအပြင်ကို ထွက်နိုင်ပါတယ်။ ကိုယ် ခန္ဓာအနေနဲ့ ပိုနေတဲ့ သံဓါတ်ကို ထုတ်ပြစ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် သံဓါတ်ကို ကိုယ်ထဲကို ထိုးသွင်းခြင်း (အသားထဲသို့ ထိုးသွင်းခြင်း၊ အကြောထဲသို့ ထိုးသွင်းခြင်း) များကို တကယ် လိုအပ်မှသာ ပြုလုပ်သင့် ပါတယ်။ သွေးအားကောင်းအောင်ဆိုပြီး အလကား မထိုးသင့်ပါဘူး။
     သံဓါတ်ကို အသားထဲထိုးထားရင် ထိုးတဲ့နေရာက အသားထဲမှာရှိနေတဲ့သံဓါတ်ကြောင့် ထိုးတဲ့နေရာကို ညိုမဲ စေပါတယ်။ အကြောထဲထိုးလိုက်တဲ့ အပိုသံဓါတ်တွေက  အသဲ၊ နှလုံး၊ ပင်ကရိယ စတဲ့ အင်္ဂါတွေမှာ သွားစုရင် အသဲရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ပါ တယ်။ ဒီဘေးထွက်ရောဂါတွေကြောင့် သွေးခဏခဏသွင်းရတဲ့  မွေးရာပါ သွေးအားနည်း ရောဂါဖြစ်တဲ့ သလဲစီးမီးရာ (Thalassemia) လူနာတွေသေဆုံးနိုင်ပါတယ်။ ယခုအခါ တိုးတက်တဲ့ နိုင်ငံတွေမှာ ကိုယ်ထဲက သွေးသွင်းလို့ ပိုနေတဲ့ သံဓါတ်တွေကို စက်နဲ့ပြန်စုပ် ထုတ်ပါတယ်။ ဒါကြောင့် တန်ဆေး၊လွန်ဘေး” တဲ့။
    ဆေးပညာတွေတိုးတက်နေပေမဲ့ လူ့ရဲ့သွေးဥနီကိုတော့ မပြုလုပ်နိုင်သေးပါဘူး။ ဒါကြောင့် သွေး အရေးပေါ်လိုတယ်ဆိုရင် အခြားလူတစ်ဦးဆီက သွေးကိုသွင်းပေး ရပါတယ်။ သူတစ်ပါး ရဲ့သွေး သွင်းခြင်း ရဲ့ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် သွေးလိုမယ်ဆိုတာ ကြိုသိတဲ့ ခွဲစိပ် ကုသမှု (Planned operation) များမှာ မခွဲစိပ်ခင် လူနာရဲ့သွေးကို တစ်ပတ်၊ နှစ်ပတ်က ကြို ထုတ်ထားပြီး ခွဲစိတ်တဲ့အခါ သူ့သွေးကိုပဲ ပြန်သွင်းပေးတဲ့ အော်တို သွေးသွင်းခြင်း (Autotransfusion) ကို လုပ်နိုင်ပါတယ်။
     သွေးဥနီတွေက အမြဲရှင်သန်နေတာ မဟုတ်ပါဘူး လူတွေလိုပဲ မွေးလိုက် သေလိုက် ဖြစ်နေတာပါ။ သွေးဥနီရဲ့သက်တန်းက (၃) လ ပါ။ သွေးတစ်စက်မှာ အသစ်မွေးဖွါးလာတဲ့ သွေးဥနီတွေ၊ အသက်ကြီးလို့ သေခါနီးတဲ့ သွေးဥနီတွေ၊ အသက်ငယ်သေးတဲ့ သွေးဥနီတွေ၊ အသက်လတ်တန်း သွေးဥနီတွေ ရောနေ ပါတယ်။ သူတို့အားလုံးရဲ့ ဖြန်းမျှအသက်ကို ယူမယ် ဆိုရင် တစ်လခွဲပါ။
သွေးတွေကို ကိုယ်ထဲကထုတ်ပြီး အမြဲတန်း (+ 5 C) ၅ ဒီဂရီ စင်တီဂရိတ် ထားနိုင်မှ သွေးသွင်း ခံရတဲ့ လူနာရဲ့ကိုယ်ထဲမှာ အသုံးဝင်သေးတဲ့ အသက်ရှင်နေသေးတဲ့ သွေးဥနီက သုံးပုံတစ်ပုံလောက်ပဲ ရှိပါတော့တယ်။ သွေးထုတ်ထားတာ တလကြာပြီဆိုရင်တော့ လူနာ အတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုများမှာမို့ တလကြာတဲ့ သွေးတွေကို လူနာထဲ သွင်း ပေးလို့ မရပါဘူး။
     လွန်ခဲ့တဲ့နှစ် (၄၀) က တောင်ကြီးမြို့မှာ လျှပ်စစ် ၂၄ နာရီ မရလို့ သွေးလှူရှင်ဆီက  သွေးထုတ်ပြီး အအေးခန်းမှာသိမ်းတဲ့ သွေးဘဏ်အလုပ်ကို မလုပ်နိုင်ပါဘူး။ အရှင် သွေး လှူရှင်စနစ် ( Living donor) ကို အသုံးပြုရပါတယ်။ သွေးလှူရှင်တွေရဲ့ တဲလီဖုန်းနံပါတ် (ခေတ်ပေါ်လက်ကိုင်ဖုန်းတွေ မရှိသေးလို့)၊ များသောအားဖြင့် အိမ်လိပ်စာယူထားပြီး သွေးလို တဲ့အခါ သွေးလှူရှင်ကို အိမ်လိုက် ခေါ်ရပါတယ်။ အခုလှူ၊ အခု လူနာသွေးနဲ့တဲ့မတဲ့ စစ်ပြီး ချက်ချင်းသွင်းရတာမို့ ကူးဆက်တတ်တဲ့ ရောဂါတွေ စစ်ဖို့ အချိန်မရပါဘူး။ တော်ပါသေးရဲ့ ဆိုးဝါးတဲ့ AIDS ရောဂါတွေ မပေါ်သေးလို့။
          ဆေးပညာ အသိဉာဏ်နည်းပါးတဲ့ တောင်သူတွေဟာ သူတို့ကိုယ်ထဲက သွေးထုတ်ရင် သွေးအား နည်းသွားမယ်ထင်ပြီး သူတို့အမျိုးသမီး ကိုယ်ဝန်ကြောင့် သွေးဆင်း လွန်ပြီး သေနိုင်တဲ့အချိန်မှာတောင် သွေးပေးဖို့ ငြင်းဆန်ကြပါတယ်။ ဒီတော့ တောင်ကြီးမြို့ကဆရာဝန်တွေ ဆရာဝန်သိက္ခာ (Doctor`s ethique )  နဲ့လူ့အခွန့်အရေး (Human rights ) ဆိုတာတွေကို ဘေးချိတ်ပြီး လူနာလာပို့တဲ့သူ (လူနာလာပို့ရင် ဂျစ်ကား တစ်စီးနဲ့ အပြည့် လာပို့လေ့ ရှိပါတယ်) အားလုံးကိုစမ်းသပ်ပြီး သွေးလှူနိုင် သူတွေဆီက အတင်း အားဓမ္မထုတ်ယူ ရပါတယ်။
    တကယ်က ဆရာဝန် သိက္ခာနဲ့ လူ့အခွန့်အရေး ဆိုတာတွေက မသမာသူတွေ မတရား မလုပ်နိုင်အောင် သတ်မှတ်ထားရတဲ့ ဥပဒေ တွေပါ။ ဒီလိုမှ သွေးမဖေါက်ရင် လူနာရော၊ ခလေးပါ ဆုံးရမှာပါ၊ ပြီးတော့ သွေးဆိုတာ လူလိုပဲ သူ့သက်တန်း ၃ လပြည့်ရင် ထုတ်ထုတ် မထုတ်ထုတ် သေတာပါပဲ။
          သွေးဥနီတွေရဲ့ သဘာဝကို သိရတော့ အို၊ နာ၊ သေ တဲ့ လူ့ဘ၀ကို ပိုပြီး တရားရ မိပါ တယ်။ အမှန်တော့ သွေးဥနီမှ မဟုတ်ပါဘူး၊ ကိုယ်ထဲမှာရှိတဲ့ ဘယ်အရာမှ မမြဲပါဘူး။ ယခင်ကဆေးပညာမှာ မသေဘူး၊ အမြဲတည်တဲ့ ( Permanent cells) လို့ ထင်ခဲ့တဲ့ အရိုဲးလ် (Bone cells) တွေလဲ မွေးသေ ဖြစ်နေကြတာ ဆေးပညာတိုးတက်လာမှ သိကြရပါ တယ်။ မွေးသေတွေနဲ့ စုစည်းထားတဲ့ ကျမတို့ရဲ့ခန္ဓာ ကိုယ်ကြီး မမြဲဘူး၊ အမြဲသေနေတယ် ဆိုတာ သွေးထွက်အောင် မှန်တယ်” လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။
    သွေးဥနီတွေကို ရိုးတွင်းချင်ဆီက ထုတ်ပါတယ်။ တနည်းသူတို့ကို သွေးဥနီတွေရဲ့ သားဖွါးဆေးရုံ၊ သွားဖွါးခန်းလို့ ပြောရပါမယ်။ သေသွားထဲ့ သွေးဥနီတွေကိုတော့ သရက်ရွက် မှာ ရှင်းလင်းပြစ်ပါတယ်။ သူကတော့ သွေးဥနီတွေရဲ့သင်္ချိုင်းပေါ့။ သွေးဥနီတွေ သေတာများ တဲ့ အချို့သောရောဂါသည်တွေမှာ သရက်ရွက်ကြီး လာတတ်ပြီး၊ အသဲကလည်း ကူညီ ရှင်း ပေးတာမို့ အသဲပါနည်းနည်းကြီး လာတတ်ပါ တယ်။ သင်္ချိုင်းဟောင်း မဆန့်လို့  သင်္ချိုင်း အသစ် လုပ်တယ်လို့ ပြောရမယ် ထင်ပါတယ်။

Monday, May 21, 2018

ပန်းကမ္ဘာ ၀က်ဆိုက်မှာ တောင်တန်းသာသနာပြုဆရာတော်ကြီးဦးဥတ္တမသာရရဲ့ကိုယ်တွေ့ ကိုယ်ဖောရောင်ရောဂါကို ပဲဇင်းငုံပြုတ်စားခြင်းဖြင့် ရောဂါသက်သာပျောက်ကင်း သွားတဲ့ အကြောင်းကိုဖတ်လိုက်ရပါတယ်။

ကိုယ်လက်အင်္ဂါတွေဖောရောင်စေတဲ့ရောဂါတွေ အများကြီးရှိပါတယ်။ အဓိကအချက်ကတော့
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အသားဓါတ်တွေ နည်းသွားတဲ့ အခါ ရေဓါတ်တွေ သွေးထဲကနေ သွေးကြောအပြင်ရှိ အသားတွေ၊ အရေပြားတွေအောက် ရောက် သွားတဲ့အခါ အဲ့ဒီနေရာတွေ နဂိုထက် ပထမ ပြည့်ဖြိုးလာတယ်။ နောက်ပိုကြီးလာတယ်။ ပိန်ရာကနေ ၀ လာတဲ့သူတွေမှာလည်း လက်ခြေတွေပြည့်ဖြိုးလာပါတယ်။ ဖောရောင်တာနဲ့        ၀ လာတာဘယ်လိုခွဲမလဲ။ ၀ လာတာက အဆီတွေ အသားတွေများလာလို့ဖြစ်တာပါ။ ဖောတာက ရေတွေရောက်လာလို့ပါ။ ဒီတော့ ရောင်တဲ့နေရာကို လက်နဲ့ ခဏလောက် ဖိထား ပြီး လက်ကိုလွှတ်လိုက်မယ်ဆိုရင် ဖောတဲ့နေရာက လက်ရာအတိုင်းချိုင့်ပြီးကျန်နေပါတယ်။ လက်ရဲ့ ဖိအားကြောင့် ရေတွေရွှေ့သွားလို့ပါ။ ၀ တာဆိုရင်တော့ လက်ဖယ်လိုက်ရင် ဘာမှ မဖြစ်ပါဘူး။

          ဖောရောင်တဲ့အခါ အသားပျော့တဲ့နေရာတွေဖြစ်တဲ့ မျက်ခွံ၊ ခြေထောက်တွေ မှာ အဖြစ်များပါတယ်။ ခြေထောက်ရောင်တာက မနက်ထက် ညနေဘက်မှာ ပိုရောင်ပါတယ်။ နေ့ဘက် ရပ်နေ၊ထိုင်နေတဲ့အခါ ခြေထောက်ပေါ် သွေးချိန်ပိုများလို့ပါ (gravity) ထိုင်ပြီး ခြေထောက်ကို အမြင့်ပေါ်တင်ထားမယ်ဆိုရင် အရောင်သက်သာတာတွေ့ရပါမယ်။ မျက်လုံး တစ်ဝိုက် ရောင်တာကတော့ မနက်အိပ်ရာထမှာ ပိုရောင်ပြီး၊ ညနေဘက်မှာအရောင် လျော့ ပါမယ်။

          အသားဓါတ်နည်းဆေးတဲ့ရောဂါတွေက အသဲခြောက်ရောဂါ၊ ကျောက်ကပ်ရောဂါ၊
စတာတွေဖြစ်နိုင်သလို အစားအစာမှာ လိုအပ်သလောက်အသားဓါတ်မပါရင် (nutritional
edema) အာဟာရကြောင့်ဖောရောင်ခြင်းဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဆောင်းပါးအရ တစ်လ ကျော်အပြင်းဖျားတယ်၊ပြီးတော့ခံတွင်းပျက်တယ် ဆိုတော့ nutritional edema ဖြစ်တာပါ။
အဲ့ဒီတော့ အသားဓါတ်များတဲ့ အစာတွေစားပေးရင် အသားဓါတ်ပြန်ပြည့်ပြီး ဖောရောင်တာ လည်းပျောက်သွားမှာဖြစ်ပါတယ်။ ဒီရောဂါက သွေးထဲမှာ အသားဓါတ်နည်းလို့ဖြစ်တာမို့ ဆေးလိမ်းလို့ မပျောက်နိုင်ပါဘူး။ 

          အသားဓါတ်ရနိုင်တဲ့အစာတွေကိုနှစ်မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးက တိရိစ္ဆာန်တွေဆီက ရတဲ့ အသားဓါတ်။ နောက်တစ်မျိုးက ဟင်းသီးဟင်းရွက် အထူးသဖြင့် ပဲအမျိုးမျိုးက ရပါတယ်။ ဒီနှစ်မျိုးမှာဘယ်ဟာက ပိုကောင်းသလဲ။ အသားဓါတ်တွေဆိုတာ (amino acids) တွေစုပေါင်း ထားတာပါ။ (amino acids)  ၂၂ မျိုး ရှိပါတယ်။ အဲ့ဒီထဲမှာ ၉ မျိုးကို (essential amino acids) မရှိမဖြစ်လိုအပ်တဲ့ (amino acids) လို့ခေါ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူတို့ကို ကျမတို့ အသဲက မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် အစာထဲမှာ ပါရ ပါမယ်။ ကျန်တာတွေကို ကျမတို့ အသဲက လိုအပ်ရင် ထုတ်လုပ်နိုင်ပါတယ်။ (essential amino acids) တွေအားလုံး ပါတဲ့ အသားဓါတ်ကို (complete protein) ပြည့်စုံသော အသားဓါတ်လို့ခေါ်ပြီး၊(essential amino acids) အားလုံးမပါတဲ့ အသားဓါတ်ကို (incomplete protein) မပြည့်စုံသော အသားဓါတ်လို့ခေါ်ပါတယ်။

တိရစ္ဆာန်တွေရဲ့ အသားဓါတ်တွေက ပြည့်စုံသော အသားဓါတ်တွေဖြစ်ပါတယ်။ ပဲအမျိုးမျိုး ကရတဲ့ အသားဓါတ်တွေက မပြည့်စုံသော အသားဓါတ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ပဲတစ်မျိုး ချင်းမှာပါတဲ့အသားဓါတ်တွေမှာ (essential amino acids) တွေအပြည့်အစုံမပါပေမဲ့ ပဲမျိုး စုံအောင်စားမယ်။ ဒါမှမဟုတ် ကေါက်ပဲသီးနှံတွေနဲ့ရော စားမယ်ဆိုရင် လိုအပ်တဲ့ (essential amino acids) တွေအားလုံးအစာထဲကရနိုင်ပါတယ်။

ပဲတွေအနေနဲ့ (essential amino acids) တွေမပြည့်စုံတာကလွဲရင် တိရစ္ဆာန်အသားထက် သာတဲ့အချက်တွေအများကြီးရှိပါတယ်။
၁။ ဈေးသက်သာတယ်။
၂။ သွေးထဲမှာ အဆီတက်စေတဲ့ ကျန်းမာရေးကိုဒုက္ခပေးတဲ့ အဆိပ်အဆီတွေနည်းတယ်။
၃။ ဗီတာမင်ဓါတ်တွေပေါကြွယ်ဝတယ်။
၎။ သတ္ထုဓါတ်တွေများစွာပါဝင်တယ်။
၅။ အမျှင်ဓါတ်တွေများစွာပါတဲ့အတွက်ဝမ်းမှန်စေတယ်။
၆။ ချက်ပြုတ်ရာမှာ အပူချိန်ပြင်းတဲ့ချက်နည်းတွေဖြစ်တဲ့ ကင်တာ၊ဘုတ်တာ တွေနဲ့ မချက် တဲ့အတွက် အပူပြင်းလို့ထွက်လာတဲ့ အဆိပ်ဓါတ်တွေ၊ ကင်ဆာဖြစ်စေတဲ့ဓါတ်တွေ ဖြစ်ပွါး ခြင်းမရှိဘူး။

ဆရာတော်ဘုရားကြီးရဲ့ဆောင်းပါးမှာပါတဲ့ ပဲစိမ်းငို (အဘိဓါန်ထဲမှာ ပဲဇင်းငို Botanical name Cajanus cajan) ကို pigeon bean လို့ခေါ်ပါတယ်။ ရှေးက ခိုတွေကိုကြွေးတဲ့ ပဲမို့လို့ပါ။ သူ့မှာ
အမျိုးများစွာရှိပါတယ်။ အရောင်က အဖြူ၊ အ၀ါ၊အညို၊အမည်းရောင်ထိရှိပါတယ်။ ပဲပုံသဏ္ဍန် ကလည်း အလုံး၊ဘဲဥပုံ၊ လေးထောင့်ပုံနည်းပါးအထိရှိပါတယ်။














ကမ္ဘာအရပ်ရပ်မှတိုင်းရင်းဆေးဆရာများရဲ့ ပဲဇင်းငိုကိုဆေးအဖြစ်အသုံးပြုပုံများ။
၁။ အစာအိမ်ရောဂါများ။ အစာအိမ်အချဉ်ပေါက်ခြင်း။
၂။ ဖောရောင်ခြင်း။
၃။ လေနာရောဂါ။
၎။ အဆိပ်သင့်ခြင်း။
၅။ ချောင်းဆိုးခြင်း။
၆။ လိပ်ခေါင်းရောဂါ။


အာဟာရစွမ်းအားများ။
၁။ ပဲဇင်းငိုတစ်ခွက် (100 g) တွင် စွမ်းအင် Calorie 343 ပါဝင်ပါတယ်။
၂။ သတ္ထုဓါတ်များဖြစ်တဲ့ ပိုတက်စီရမ်၊ ဖေါ့ဖိုရပ်၊ မက်ကနီဆီရမ်၊ ထုံးဓါတ်၊ သံဓါတ်၊ ဆလဲနီယမ်များ များစွာပါဝင်ပြီး၊ ဇင့်၊ ကော့ပါး၊ မက်ဂနီးတို့ အသင့်အတင့် ပါဝင်ပါတယ်။
၃။ ဗီတာမင် အေ နဲ့ နီယာဆင် များစွာ ပါဝင်ပြီး၊ ဗီတာမင် ဘီ၁၊ ဗီတာမင်ဘီ၂၊ ဗီတာမင် ဘီ၅၊ ဗီတာမင် ဘီ၆၊ ပန်တိတဲနစ်ဆက်စစ် တို့လည်း ပါဝင်ပါတယ်။
၎။ ကျန်းမာရေးအတွက်လိုအပ်တဲ့ အိုမီဂါ ၃ နဲ့ ၆ များစွာပါဝင်ပါတယ်။
၅။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ် methionine, lysine, နဲ့ typtophan တို့ပါဝင်ပါတယ်။
၆။ အသားဓါတ် 11.4 g (23%)။
၇။ ကဆီဓါတ် 159 calorie။
၈။ မကောင်းသောအဆီဓါတ် (saturated ) 0.1 g
၉။ ကောင်းသောအဆီဓါတ် (unsaturated ) 0.3 g
၁၀။ အမျှင်ဓါတ်  11.3g (45%)

9 essential amino acids.
1. Isolucine.
2. Lucine.
3. methionine
4. phenylalanine
5. Threonne
6. typtophan
7. Valine.
8. Histidine.
9. lysine


ကျမ်းကိုး
၂။ http://en.wikipedia.org/wiki/Essential_amino_acid
၃။ http://www.onlyfoods.net/pigeon-peas.html