Saturday, September 14, 2013
မျတ်နှာပေါ်မှ အမဲမှတ်များ မြန်မာ့နည်းဖြင့်အန္တရာယ်ကင်းစွာပယ်ဖေါက်နည်း
မျတ်နှာပေါ်တွင် ထိခိုက်ဒါဏ်ရာ ရလို့ပဲဖြစ်ဖြစ်၊နေလောင်လို့ဖြစ်ဖြစ်၊၀က်ခြံပေါက်လို့ဖြစ်ဖြစ် အမဲမှတ်များ အဖြစ်ကျန်နေတတ်ပါတယ်။ အဲ့ဒီအမဲမှတ်တွေကိုဖြေဖျောက်နိုင်တယ်ဆိုတဲ့ ဆေးတွေ မိတ်ကပ်တွေ အမျိုးမျိုးရှိပေမဲ့ တစ်ချို့မှာ ပိုက်ဆံသာကုန်သွားတယ် မပျောက်တဲ့အပြင် အမဲမှတ် တောင်ပိုကြီးလာ တတ် ပါတယ်။ ယခုခေတ်မှာတော့ အရေပြားဆရာဝန်ဆီသွားပြီး liquid nitrogen နဲ့ဖျောက်နိုင်ပါတယ်။ liquid nitrogen ဆိုတာ nitrogen ဓါတ်ကို zero degree အောက် -200 အထိအေးအောင်လုပ်လိုက်ရင် nitrogen ဓါတ်ငွေ့ကနေ nitrogen ဓါတ်အရည်အဖြစ်ကိုပြောင်းသွားပါတယ်။ အဲဒီ ဓါတ်အရည်နဲ့ အမဲမှတ်ကို တို့လိုက်ရင် အအေးဓါတ်ကြောင့် အမဲမှတ်ကိုစားသွားပါတယ်။ (အပူမှမဟုတ်၊အအေးဓါတ် ကလည်း အသားကိုလောင်စေပါတယ်)။ တစ်ပတ် နှစ်ပတ်လောက်ကြာရင် အမဲမှတ်ပျောက်သွားပါတယ်။ nitrogen ဓါတ်အရည်နဲ့တို့ပြီးရင် တို့ထားတဲ့နေရာကိုနေရောင် မထိအောင်ဂရုစိုက်ရပါတယ်။ မဟုတ်ရင် အမဲမှတ် မပျောက်တဲ့အပြင် ပိုတောင်မဲနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းကို ပြင်သစ်နိုင်ငံပါရီမြို့မှာ အလင်းရောင်နည်းတဲ့ ဆောင်းတွင်းမှာသာ လုပ်ပေးပါတယ်။
အထက်ပါနည်းလို ပိုက်ဆံလည်းမကုန်၊ ဆရာဝန်ဆီသွားစရာလဲ မလို၊ နေရောင်ရှောင်စရာလဲမလိုတဲ့ လွယ်ကူစွာပယ်ဖေါက်နည်းရှိပါတယ်။ အဲ့ဒါကတော့ အမဲမှတ်နေရာကို ကွမ်းရွက်အစလေးကပ်ထားရုံပါ။
မျက်နှာသစ်ပြီး အမဲမှတ်နေရာမှာ သေချာဆေးထားတဲ့ကွမ်းရွက်ကို ကပ်ထားလိုက်ပါ။ နေ့စဉ်ကပ်ပေးရင်
တစ်ပတ်လောက်ကြာရင် အမဲရောင်ဖျော့လာပြီ။ တစ်လ အကြာမှာလုံးဝပျောက်သွားတာတွေ့ရပါမယ်။
ပြစ်မျိုးမှဲ့မထင်တဲ့ မျက်နှာပိုင်ရှင်များဖြစ်ကြပါစေ။
Sunday, September 8, 2013
အန္တရာယ်မဖြစ်အောင် ငရုပ်သီး ဘယ်လိုစားမလဲ။
ကျမ တို့ငယ်ငယ်က ငရုပ်သီးစားရင် မျက်စိမှုန်မယ်၊တကိုယ်လုံးပူမယ်ဆိုပြီး ခလေးတွေကိုမကြွေးပါဘူး။
ဟုတ်ပါတယ်။ ငရုပ်သီးဟာ ပူစပ်တဲ့ အရသာရှိတာကြောင့် ခလေးငယ်များနဲ့မသင့်တော်ပါဘူး။ နောက်ပြီး
အစာအိမ်နံရံကို ကလိတာကြောင့် (irritation) အစာအိမ်ရောဂါသည်များအတွက်မသင့်တော်ပါဘူး။ ဒါပေမဲ့သူ့မှာ အဖိုးတန်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေများစွာပါဝင်ပါတယ်။
၁။ သူ့မှာပါတဲ့ capsaicin ဓါတ်ကြောင့် သူ့ရဲ့အရသာနဲ့အနံကိုဖြစ်စေတာပါ။ ဒါပေမဲ့ဒီဓါတ်ဟာ ဘက်တီရီးယားပိုးတွေ၊ကင်ဆာဆဲလ်တွေကိုသတ်နိုင်ပြီး၊ ဆိုးဝါးတဲ့အဆီဓါတ် (LDL) ကိုလျော့စေ တယ်။ အနာ သက် သာစေတယ် (analgesic)။ ဆီချိုရောဂါကိုသက်သာစေတယ်ဆိုတာကို
ဓါတ်ခွဲခန်းက နိ့တိုက်တိရစ္ဆာန်တွေမှာစမ်းသပ်တွေ့ရှိပါတယ်။
၃။ ငရုပ်သီးမှာသတ္ထုဓါတ်တွေဖြစ်တဲ့ ပိုတက်စီရမ်၊မက်ကနီစီရမ် (magnesium)၊သံဓါတ်နဲ့ မက်ဂနီစ်ဓါတ် (manganese) တွေလည်းများစွာပါဝင်ပါတယ်။ ပိုတက်စီရမ်ဟာ ဆဲလ်နဲ့ကိုယ်တွင်းရေဓါတ် တွေရဲ့ အရေးပါတဲ့ဓါတ်ပစ္စည်းဖြစ်တာကြောင့် နှလုံးခုန်နှုန်းနဲ့သွေးချိန် (blood pressure) ကို ထိန်းချုပ်ပါတယ်။ မက်ကနီစီရမ် (magnesium) ကတော့ အဆိပ်ဖြေဆေး (anti-oxidant) တွေရဲ့ လုပ်ငန်းတွေကိုကူညီ (co-factor ) ပေးပါတယ်။
မြန်မာနိုင်ငံတွင်နေထိုင်သူများသတိထားရန်။
မြန်မာနိုင်ငံတွင် အထူးသဖြင့်မိုးရာသီလို ဆိုဆွတ်တဲ့အချိန်မှာ ငရုပ်သီးနဲ့မြေပဲတွေမှာမှိုတက်ပါတယ်။
အဲ့ဒီမှိုတွေက Aflatoxin လို့ခေါ်တဲ့ အလွန်ပျင်းတဲ့ ကင်ဆာဖြစ်စေတဲ့အဆိပ်တွေထွက်ပါတယ်။ အဲဒီ အဆိပ်တွေကိုအသဲမှာ အဆိပ်ဖြေတာမို့ အသဲကင်ဆာအများဆုံးဖြစ်စေပါတယ်။ ဒီအဆိပ်အများကြီး စားမိရင် ချက်ချင်းအသဲပျက်ဆီးခြင်း (Acute live necrosis ) ဖြစ်နိုင်ပြီး၊ နည်းနည်းခြင်းတာရှည်စားရင် အသဲကြုံ့ခြင်း (cirrhosis) နဲ့ အသဲကင်ဆာဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ အရက်မသောက်တဲ့၊ အသဲရောင်အသာဝါးပိုး (hepatitis B,C) လည်းမရှိတဲ့ မြန်မာ အမျိုးသမီးတွေမှာ အသဲကင်ဆာ အဖြစ်များ တာဟာ ငရုပ်သီးအစားများလို့ပါ။ မိုးတွင်းမှာ ငရုပ်သီးခြောက် တွေရဲ့အတွင်းမှာမှိုတွေနဲ့ပြည့် နေ တတ်ပါတယ်။ ဒီအဆိပ်ကရေဆေးလို့လဲတော်တော်နဲ့ထွက်မသွားပါဘူး။ ချက်ပြုပ်လို့လဲ မပျောက် ပျက်ပါဘူး။ ရောင်းတမ်းငရုပ်သီးမှုန့်တွေကဈေးပေါ်တဲ့ မှိုပါတဲ့ငရုပ်သီးတွေနဲ့လုပ်တာများပါတယ်။ အချို့ငရုပ်သီးမှုန့်မှာ ကင်ဆာဖြစ်စေတဲ့ ဆိုးဆေးတွေလည်းပါတတ်ပါသေးတယ်။
ကျမတို့အိမ်မှာ ဟင်းချက်ငရုပ်သီးကို နွေဘက်မှာ မှိုမပါတဲ့ငရုပ်သီး တွေဝယ်၊အခြောက်လှမ်း၊ကြိတ်စက်နဲ့အမှုန့်ကြိတ်၊ ပုလင်းတွေနဲ့ခွဲပြီး၊နေ့စဉ်စားဖို့ကို (4C) ရေခဲသေတ္တာမှာထားပါတယ်။ ကြာကြာသိမ်းမဲ့ဟာ ကိုတော့ (Frozen) ခဲထားပါတယ်။ ငရုပ်သီးအလှော်မှုန့်ကိုလည်း၊ ငရုပ်သီးကို နွေမှာ ၀ယ် လှော်ပြီး၊ခဲထားပါတယ်။ အပြင်က ငရုပ်သီးပါတဲ့ ဟင်းတွေ (ငပိကျော်စသည်) ၀ယ် မစား ပါဘူး။ မုန့်ဟင်းခါး၊အသုပ် စတာမျိုး ၀ယ်စားရင် ကိုယ့်အိမ်က ငရုပ်သီးမှုန့်ပဲထဲ့စားပါတယ်။ အဲ့ဒါကြောင့်ထင်တယ် မေမေဟာ အသက် ၉၀ နှစ်မှာ (လွန်ခဲ့တဲ့ ၈ နှစ်ကဆုံးပါးပါတယ်)။ အဖေကတော့ ယခု အသက် ၉၈ နှစ် ရှိပါပြီ။ မိတ်ဆွေ တွေက ဘာအသက်ရှည်ဆေးတွေ တိုက်သလဲတဲ့ အသက်ရှည်ဆေးဆိုတာမရှိပါဘူး။ အစား အသောက် ဆင်ခြင်တာပါ။ အထူးသဖြင့် ငရုပ်သီးမှိုကိုဂရုစိုက်လို့ပါ။ ပြင်သစ်နိုင်ငံမှာ တင်သွင်းတဲ့အစားအစာတွေကို
စစ်ဆေးပါတယ်။ လွန်ခဲ့တဲ့ နှစ်က တရုပ်ပြည်ကတင်သွင်းတဲ့အစာတွေမှာ Aflatoxins တွေတွေ့ရှိလို့ ဖျက်
ဆီးလိုက်တယ်ဆိုတဲ့သတင်းဖတ်လိုက်ရပါတယ်။
ငရုပ်သီး ၁၀၀ ဂရမ်စားလျှင်ရရှိမည့် တစ်နေ့စာလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ် ရာခိုင်းနှုန်းများ
ဗီတာမင် စီ ၂၄၀%။
ဗီတာမင် ဘီ၆ ၃၉% ။
ဗီတာမင် အေ ၃၂%။
သံဓါတ် ၁၃%။
ကြေးနီဓါတ် ၁၄%။
ပိုတက်စီရမ် ၇%။
.
Ref
http://www.nutrition-and-you.com/chili-peppers.html
Tuesday, September 3, 2013
ကျမ စိုက်ပျိုးရေးလုပ်သား ။
စပ်စံထွန်းဆေးရုံသွေးဘဏ်မှာ သိပ်အလုပ်မများလို့ ကျမအခန်းနောက်ဘက်ကချုံတွေကို
၁၀၀ ကျပ် (ရွှေတစ်ကျပ်သား ၂၀၀၀ ကျပ်) ပေးရှင်းခိုင်းပြီး
ပန်းပင်တွေစိုက်ပါတယ်။ ရေနွေးပိုက် မရှိ တာကြောင့်။ မနက်ရေမချိုးခင်ခြံထဲဆင်းပြီး၊ မြေတွေပေါက်တူးနဲ့ပေါက်ပြီးချွေးထွက်မှရေချိုးပါတယ်။
တောင်ကြီးမြေက ဘာပင်စိုက်စိုက်ဖြစ်ပါတယ်။ ကျမခြံထဲမှာ နှင်းဆီ၊ ဒေစီပန်း၊ ဂန္ဓမာပန်း၊
လက်ထပ်ပန်း၊ နေကြာပန်းတွေအပြင် ဂေါ်ရခါးသီး၊ မြေပဲ၊အားလူး၊ကြက်သွန်ဖြူတွေလည်းစိုက်ပါတယ်။
သွေးဘဏ်မှာ ခလေးအတွက် သွေးလှူတဲ့ပစ္စည်း သတ်သတ်မရှိပါဘူး။ သွေးလှူရှင်ဆီက လူကြီးတစ်ယောက်စာအတိုင်း
သွေးထုတ်ရပါတယ်။ ဒါပေမဲ့ ခလေးကိုယ်ထဲကို အကုန်သွင်းလို့မရပါဘူး။ သွေးလိုတဲ့ ခလေးလူနာ
၂ ယောက်ရှိရင် သွေးအမျိုးအစားလည်းတူရင်၊ သွေးတစ်ပုလင်းကို ခလေး ၂ယောက်ကိုခွဲပေးပါတယ်။
မဟုတ်ရင်တော့ ကျန်တဲ့သွေး တစ်ဝက်ကိုလွှင့်ပစ်လိုက်ရပါတယ်။ သွေးတွေ အလကားလွှင့်ပစ်ရမှာ
နှမြောတာနဲ့ အိမ်ကို ယူလာပြီး ကျမရဲ့နှင်းဆီပင်တွေ သန်အောင်ဆိုပြီးလောင်းပါတယ်။ နောက်နေ့မနက်
မှာတော့ ကျမရဲ့နှင်းဆီပင်တွေ အမြစ်တွေပေါ်ပြီးသေနေကြပါတယ်။ သွေးနံ့ကြောင့် ခွေးရက်လို့သေ ကုန်တာပါ။ မျက်တောင်မွေးတစ်ဆုံးသာ မြင်တဲ့ကျမရဲ့ အသုံးမကျမှုကြောင့်ပါပဲ။
ခြံထဲက ပန်းတွေနဲ့ ဘုရားပန်းတင်၊ဧည့်ခန်းပန်းအိုးထိုးရတာအလွန်စိတ်ချမ်းသာဖို့ကောင်းပါတယ်။
ခြံထဲက ပန်းတွေအရမ်းပွင့်သလို၊ရာသီဥတုကလည်းအေးတာမို့ ဘုရားပန်းတွေ၊ဧည့်ခန်းက ပန်းတွေက လည်း
၃-၄ ရက်နေလည်းမညိုးဘူး။
အဲ့ဒီအချိန်က တောင်ကြီးမြို့ပေါ်မှာ ပန်းကပ်စရာဘုရားလည်းမရှိဘုး။ ဒီတော့ အခန်းတိုင်းမှာ
ပန်း တွေဝေနေအောင်ထိုးထားပါတယ်။
ကြက်သွန်ဖြူ ဥတစ်လုံး တစ်ပိဿာဝယ်ပြီး ကျမခြံမှာစိုက်ပါတယ်။
ကြက်သွန်ဖြူတွေ တူးဖို့ အချိန်ကျလို့ တူးတော့ ကြက်သွန်ဖြူ ပိန်ညောင်ညောင် ၂၅ ကျပ်သား
သာရပါတယ်။ ကျမ မြေဆွတာ မမွလို့ လို့ ပြောပါတယ်။ အဖေက တော့ အားပေးပါတယ်။ သမီး ကြက်သွန်ဖြူတွေ
က အစိမ်းတို့စားလို့ရတယ် မစပ်ဘူးတဲ့။
မြေပဲနဲ့ အားလူးလဲ ဒီလိုပါပဲ ။ စိုက်ပျိုးရေးလုပ်လို့
သီးနှံ့တွေ မတိုးပွါးလာပဲ လျော့နည်းကုန်လို့ ကျမ အဲ့ဒါတွေ မစိုက်တော့ပါဘူး။ ဂေါရခါးသီးကတော့
စိုက်စရာတောင်မလိုဘူး။ ခြံစည်းရိုးနားမှာချထားရုံနဲ့ အပင်ပေါက်ပြီးခြံစည်းရိုးကိုနွယ်သွားပါတယ်။
နေကြာပင်ကလည်း စိုက်လို့ အလွန်လွယ်ပါတယ်။ မြေတွင်းသေးသေးလေးဖြစ်အောင် ဒုတ်နဲ့ကလော်ပြီး
နေကြာစေ့တစ်စေ့ထဲ့၊ မြေကြီးပြန်အုပ်ပြီး ဖနောင့်နဲ့ဖိလိုက်ရုံပဲ။ နေကြာစေ့တစ်ပွင့်ကနေ
နေကြာစေ့တွေ နို့ဆီဘူးတစ်လုံးစာလောက်ရပါတယ်။ ဆရာဝန် quarter ကအိမ်ခန်းတွေက တော်တော်ကျယ်ပါတယ်။
ထမင်းချက်ခန်း၊ ဧည့်ခန်း၊ အိပ်ခန်း ၂ခုနဲ့ အပြင် ၀ရမ်တာပါ ပါတယ်။ ကျမတို့ပြောင်းလာကာစက
တစ်ခန်းနဲ့တစ်ခန်းကူရတာ ခြေထောက် တောင် ညောင်း လာပါတယ်။ မေမေနဲ့ကျမကအိပ်ခန်းတစ်ခုက
နှစ်ယောက်အိပ်ခုတင်မှာအတူတူအိပ်ပါတယ်။ ကျန်အိပ်ခန်းမှာ ကွတ်ပစ် တစ်လုံး ရှိပါတယ်။ တစ်နေ့
နေကြာစေ့တွေ အခြောက်လှမ်းပြီး၊ သိပ်မခြောက်သေးတာနဲ့ ကွတ်ပစ်ပေါ်မှာ ဇကာနဲ့တင်ထားပါတယ်။
မနက်ကျတော့ နေကြာစေ့တွေ အားလုံး အခွံတွေပဲကျန်ပါတော့တယ်။ ညက ကြွက်တွေ နေကြာစေ့တွေကို
အခွံ နွာစား သွားကြတာ အံ့သြစွာတွေ့လိုက်ရပါတယ်။
တိရစ္ဆန်ဆိုပေမဲ့ စားလို့ကောင်းတဲ့အဆံနဲ့ စားလို့မရတဲ့ အခွံ ဆိုတာခွဲခြား သိပါလား
?
တနေ့မနက် စတော်ဘယ်ရီသီးတွေ သီးနေတာတွေ့လို
ဘယ်နှစ်လုံးလဲလို့ရေတွက်ပြီး ၀မ်း သာ အားရ ဆေးရုံ ကိုထွက်သွားခဲ့ပါတယ်။ ထမင်းစားချိန်ပြန်လာတော့
ထမင်းမစားသေးပဲ စတော်ဘယ်ရီ သီးတွေ ထပ်သီးလာဆိုတာကြည့်ဖို့ ခြံထဲဆင်းခဲ့ပါတယ်။ ဒါပေမဲ့
တိုးဖို့နေနေသာသာ မနက်က စတော်ဘယ်ရီသီးတွေ တောင်မရှိတော့ပါဘူး။ ပရောဆိတ်တွေ စားသွား
လို့ ကုန်ပါပြီ။ ပရောဆိတ် မစားနိုင်အောင် အသီးတွေအောက်က ကေါက်ရိုးတွေခံထားရတယ်တဲ့။
ကျွမ်းကျင်ရာလိမ္မာ ဆိုတာ သိပ်မှန်တာပဲ။
ပြောင်းဖူးပင်ကလည်းစိုက်လို့လွယ်ပါတယ်။ နေကြာပင်လိုပဲစိုက်ရပါတယ်။
တစ်ပင်က နှစ်ဖူး၊သုံးဖူးလောက်သီးပါတယ်။ ခြံထဲက လတ်လတ်ဆတ်ဆတ်ခူးပြီးဖုတ်စားတာမို့ အလွန်ချိုပါတယ်။
အစားကောင်းစားရရင် ချစ်သူ ခင်သူတွေသတိရတတ်တဲ့အတိုင်း ရန်ကုန်က အဖေနဲ့ညီမတွေဆီကို စိုက်ခင်းတွေက
သွားဝယ်ပြီး ရထားနဲ့ ပို့လိုက်ပါတယ်။ အိမ်က စာပြန်လာပါတယ်။ နောက်မပို့နဲ့တဲ့ ပြောင်းဖူးတွေကခြောက်နေလို့
အမှိုက်ပုံဆီတိုက်ရိုက်သွားပို့ရတယ်တဲ့။
ဂေါ်ရခါးညွန့်တွေ၊ဖရုံညွန့်တွေကလည်း လတ်ဆတ်လို့
အလွန်ချိုပါတယ်။ အမအကြီးဆုံးက ဂေါ်ရခါးညွန့်ကြိုက်တာမို့ ရန်ကုန်ပြန်ရင် မြေသောက်ရေအိုးတစ်လုံးဝယ်ပြီးအထဲမှာ
ဂေါ်ရခါးညွန့် တွေထဲ့ပြီးရန်ကုန်ကိုရထား (၀ါ) ကားနဲ့သယ်သွားရင် ရန်ကုန်အထိ လတ်ဆတ်နေပါတယ်။
သစ်တော်သီးတွေလှိုင်လှိုင်ပေါ်တော့ ထုံစံအတိုင်း
ရန်ကုန်ပို့ချင်စိတ်တွေပ်ါလာပါတယ်။ ဒါပေမဲ့ ပြောင်းဖူးလိုဖြစ်မှာစိုးတာနဲ့ ပို့ချင်တဲ့စိတ်အောင့်ထားရပါတယ်။
တစ်နေ့မနက် ဆေးရုံအသွား အပြင်လူနာ ဌာနအ၀င်မှာ လူရွယ်တစ်ယောက်က ဆရာမ နေကောင်းလားလို့နှုတ်ဆက်ပါတယ်။
ကျမ ဘယ်သူဆိုတာ မ မှတ်မိပါဘူး။ အပြင်လူနာဌာနမှာတာဝန်ကျစဉ်ကတစ်နေ့တစ်နေ့ လူ တစ်ရာ လောက်တွေ့နေရတာ ဆိုတော့ဘယ်လိုမှမမှတ်မိနိုင်ပါ
ဘူး။ ဒါနဲ့ လူနာတစ်ယောက်ယောက်ဖြစ်မှာပဲဆိုပြီး နေကောင်းလာ ဘာလား ဆိုပြီးရောချပါတယ်။
လူရွယ်က ကျမ ရောကော် သောကော်လုပ်တာ ရိပ်မိသွားပြီး ဆရာမ
ကျနော် လူနာမဟုတ်ပါဘူး။ ဆရာမ အဖေဆီမှာ ဒရိုင်ဘာလုပ်ဖူးတယ်လေတဲ့။ ကျမအဖေက ကုန်ကားတွေထောင်ထားပါတယ်။
သမီး လေးယောက်ရှိတာမို့ အိမ်ကိုသူ့ကားတွေရောကားဒရိုင်ဘာ တွေရော
မလာစေပါဘူး။ ဒီလူကတော့ ဘယ်တုံးက ကျမကိုမြင်ဖူးသွားမှန်းမသိပါဘူး။ ကျမအဖေ လည်းအခု ကားတွေရောင်းပြစ်ပြီး
အငြိမ်းစားယူနေပါပြီ။ လူရွယ်ကထပ်ပြောပါတယ်။ အခုကျနော် ကုန်စိမ်းကားတွေမောင်းနေပါတယ်။
မနက်ရန်ကုန်ု ကုန်စိမ်းတွေအရောက် တစ်ညလုံးမောင်းပါတယ်။ ဆရာမ အိမ်ကိုပေးချင်တာရှိရင်ပေးပါတဲ့။
ဝမ်းသာလိုက်တာ။ ချက်ချင်း ဆေးရုံနောက်က သစ်တောခြံသွား
ဝယ်ပြီးဆေးရုံမှာတင်ထုပ်ပိုးပေးလိုက်ပါတယ်။
အိမ်က စာပြန်လာပါတယ်။ သစ်တော်သီးတွေ သိပ်ကောင်းတာပဲတဲ့။ လာပို့တဲ့သူကပြောသွားတယ်တဲ့
ဆရာဝန်လို့မပြောရဘူး။ အထုပ်ကို ပလပ်စတာတွေနဲ့ ကပ်ထားတယ်တဲ့။ သြ ဆေးရုံမှာတင်ချက်ချင်းထုပ်ပိုးပေးလိုက်ရတာ
သူ သိမှ မသိပဲ။Thursday, August 29, 2013
စပါးလင်ရဲ့ဆေးစွမ်းများ၊
စပါးလင် (scientific name Cymbopogon) ၏ကျန်းမာရေးအစွမ်းသတ္တိများ။
၁။ စပါးလင်မှာအဆိပ်ဖြေဓါတ်၊ဘက်တီးရီးယားခေါ်ပိုးသတ်နိုင်သောအစွမ်း၊ရောဂါမှိုကိုသတ်နိုင်သော သတ္တိနဲ့ကင်ဆာရောဂါသတ်နိုင်တဲ့သတ္တိတွေရှိပါတယ်။
၂။ ကိုယ်ခန္ဓာရဲ့ခုခံအားကိုကောင်းမွန်စေခြင်းဖြင့် အဖျားရောဂါ၊အအေးမိခြင်း၊ချောင်းဆိုးခြင်းတို့ကိုကုသနိုင်ပါတယ်။
၃။ လေထိုးခြင်း၊အစာမကြေခြင်း၊လေပွခြင်း၊ အစာမကြေအူရောင်ရောဂါ (gastroenteritis) တို့ကို သက်သာစေသည်။
၎။ အဆိပ်ဖြေနိင်ခြင်းနဲ့ အသဲ၊ကျောက်ကပ်၊ဆီးအိမ်၊အစာလမ်းကြောင်းနဲ့ ပင်ကရိယ (pancreas) တို့ကို သန့်ရှင်းစေသည်။
၅။ ဗီတာမင် အေ များစွာပါဝင်ခြင်းကြောင့်မျက်စိအားကောင်းစေပြီး၊အသားရေချောမွတ်လှပစေတယ်။
၆။ အကြောအခြင်ပျော့ပျောင်းစေပြီး၊စိတ်ပင်းပန်းမှုသက်သာစေပါတယ်။
၇။ အချို့သူများတွင် ကြွက်သားနာခြင်း၊အဆစ်အမြစ်ကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်းများကိုသက်သာစေသည်။
၈။ ၂၀၀၅ ခုနှစ်တွင် Gurion University မှလေ့လာချက်အရ စပါးလင် အဆီသည် ကင်ဆာဆဲလ်များကို သေစေနိုင်သည်။
၉။ Sun Star Network မှ စပါးလင်တွင်ဆီးသွားစေသောသတ္တိ (diuretic)ရှိကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။
၁၀။ စပါးလင်သည် ကိုယ်အလေးချိန်ကိုကျစေသည်။
၁၁။ စပါးလင်အဆီတွင်ပိုးသတ်နိုင်သောအစွမ်းရှိသောကြောင့်ပိုးကြောင့်ဖြစ်သော ရောဂါများကို ကုသ နိုင်သည်။အထူးသဖြင့် အရေပြားရောဂါများဖြစ်သော အဆီပြန်ခြင်းနှင့်ဝက်ခြံတို့ကိုပျောက်ကင်း စေ နိုင်သည်။
၁၂။ စပါးလင်ဆီကို ယူကလစ်ဆီနှင့်ရောနှော်ရူခြင်းဖြင့်ထိပ်ခတ်နာ (sinusitis) ကိုပျောက်ကင်း စေနိုင်သည်။၁၃။ စပါးလင်ဆီသည် ရင်ကောင်စသည့်ပိုးမွှားများမလာအောင်ရှင်းလင်း (repellent) နိုင်သည်။
ဇပလင်၏အာဟာရဓါတ်များ။
Nutrition Information of 1 tablespoon (6 g) Whole Cumin Seeds
| |
ကယ်လိုရီ (Calories)
|
22 kcal
|
အဆီ (Total Fat)
|
1 g
|
ကိုလက်စတော် (Cholesterol)
|
0 mg
|
ဆား (Sodium)
|
10 mg
|
ကဆီဓါတ် (Total Carbohydrates)
|
3 g
|
အမျှင်ဓါတ် (Dietary Fiber)
|
1 g
|
သကြား (Sugars)
|
0 g
|
အသားဓါတ် (Protein)
|
1 g
|
စပါးလင် ၄ ပင်ကိုပိုင်းဖြတ်ပြီး ရေ လေးခွက်ခွဲနှင့်မီးအနေတော်ဖြင့် ၂၅ မိနစ်ခန့်ကြိုချက်ပါ။
ထိုနောက် စပါးလင်ဖတ်များဖယ်ပြီး သောက်ပါ။ အချို အရသာလိုချင်ပါက ပျားရည်ထဲ့ ပြီး သောက်နိုင်ပါတယ်။
Friday, August 23, 2013
ထိပ်ပြောင်၊နောက်ပြောင်လို့စိတ်ညစ်နေသလား ?
ကျမ ၁၄-၁၅ နှစ်အရွယ်။ကျမရဲ့မောင်ဝမ်းကွဲတစ်ယောက် ၈-၉ နှစ်မှာဆံပင်ညှပ်ဆိုင်က အနာစက်ခေါ်တဲ့ပြည်တည်နာကူးလာပါတယ်။ (အဲ့ဒီအချိန်က တစ်ခါသုံး ဒါးတွေမပေါ်သေးပဲ သင်တုံးဒါး တစ်ချောင်း ထဲနဲ့အားလုံးကိုဆံပင်ညှပ်ပါတယ်)။ သူ့ခေါင်းတစ်ခုလုံးပြည်တည်နာတွေနဲ့ပြည့်နေလို့ရန်ကုန်ဆေးရုံကြီးအရေပြားဌာနကိုသွားပြတော့ ဦးခေါင်းအရည်ခွံခွါရမယ်လို့ပြောလိုက်တယ်လို့သိရ ပါတယ်။ တကယ်ပြောတာလား၊စလိုက်တာလားတော့မသိပါဘူး။ သူလည်းကြောက်လန့်ပြီး ဆေးရုံ မသွားတော့ပဲသူတို့မိသားစုကုနေကျ မြန်မာဆေးဆရာနဲ့ပြပါတယ်။ အဲ့ဒီဆေးဆရာရဲ့နံမည်တော့ မမှတ်မိ တော့ပါဘူး။ ဒါပေမဲ့သူ့ရဲ့ညာဘက်လက်သန်းရဲ့လက်သဲကရှည်နေတာမို့ကျမတို့က ဆရာလက်သဲလို့ အမည်ဝှက်ပေးထားပါတယ်။ (ဆရာဇီဝက အကြောင်းတွေဖတ်ရတော့မှ လက်သဲအရှည် ထားခြင်း ရဲ့ အဓိပ္ပါယ်ကိုသဘောပေါက်လာပါတယ်)။
မြန်မာဆေးဆရာဆိုပေမဲ့အနောက်တိုင်းဆေးဖိုးထက်ပိုဈေးကြီးပါတယ်။ ဆေးဖေါ်ဖို့ ကျပ် ၅၀၀ ပေးရ ပါတယ် (ရွှေဈေးနှစ်ထောင် ကျပ်၊ဆေးထိုးခ ၅ ကျပ်)။ သူက ဆေးအတွက်ကိုယ်တိုင်တောထဲသွားပြီး ဆေးမြစ်တွေရှာပြီးမှ ကိုယ်တိုင်ဆေးဖေါ်တယ်လို့သိရပါတယ်။ အတိုချုံပြောရရင်သူ့ဆေးနဲ့ မောင်ဝမ်း ကွဲရဲ့ခေါင်းပေါ်က အနာစက်တွေ အားလုံးပျောက်သွားပါတယ်။ ဒါပေမဲ့အနာတွေရဲ့နေရာမှာ အနာရွတ်တွေ ဖြစ်ပြီး တစ်ခေါင်းလုံး ဆံပင် တစ်ပင်မှမရှိပဲပြောင်လက်နေပါတယ်။ အဲ့ဒါနဲသူ့ကိုပြောပြတော့ ကြက်သွန်နီ ကို ထက်ခြမ်းခြမ်းပြီး ခေါင်းကိုပွတ်ခိုင်းပါတယ်။ အံသြလောက်အောင် မကြာခင်မှာ ဆံပင်တွေ ပေါက် လာ တာ သူ့အရင်က ဆံပင်ထက်ပိုများတာကိုတွေ့ရပါတယ်။ အဲ့ဒီအကြောင်းတွေကိုယခုတိုင်မှတ်မိနေပါတယ်။ ဒါကြောင့် ထိပ်ပြောင်၊နောက်ပြောင်သူ၊ဆံပင်နည်းသူ၊ပါးသူတွေတွေ့ရင် အရမ်းပြောပြချင်ပါတယ်။ ဒါပေမဲ့
ကျမမောင်ဝမ်းကွဲရဲ့အနာရောဂါအခြေအနေကြောင့်လား။ သူများအခြေအနေနဲ့မတူမှာ စိုးပြီး မပြောဖြစ်ခဲ့ ပါဘူး။ အခု ကြက်သွန်နီအကြောင်းရှာဖတ်တော့ လက်တွေ့စမ်းသပ်မှုတစ်ခုအရ ကြက်သွန်နီအရည် နဲ့ဦးရည်ကို တစ်ပတ်နှစ်ကြိမ် ပွတ်ပေးရာ နှစ်လတွင် ဆံပင်များပေါက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။
ကြက်သွန်နီရဲ့အခြားသောကျန်းမာရေးအကျိုးပြုအစွမ်းသတ္တိများကိုလည်းဖေါ်ပြလိုက်ပါတယ်။
ကြက်သွန်နီရဲ့ကျန်းမာရေးအကျိုးပြုအစွမ်းသတ္တိတွေဟာအလွန်များလှပါတယ်။ သူ့မှာအစွမ်းထက်တဲ့ ပိုးသတ်တဲ့ဂုဏ်သတ္တိ
(anti-bacterial) နဲ့ အစွမ်းထက်တဲ့ ပိုးသန့်ရှင်းစေတဲ့သတ္တိ (anti-septic) တွေရှိ တဲ့အတွက် ကြက်သွန်နီကို အသီးအနှံတို့ရဲ့ဘုရင်လို့ခေါ်ပါတယ်။
ကြက်သွန်နီနဲ့ကြက်သွန်ဖြူတို့ဟာနီးစပ်တဲ့မျိုးများဖြစ်ပါတယ်။
ကြက်သွန်နီရဲ့ အရောင်ဟာ အဖြူ၊အနီ၊အ၀ါ၊နဲ့အစိမ်းရယ်လို့ အရောင်အမျိုးမျိုးရှိပါတယ်။ အရောင်တွေကွဲပြားသလို၊အရွယ်အစားနဲ့အရသာလည်း
အမျိုးမျိုးကွဲပြားပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ ဆာဖါ (organic sulpha) များကြောင့် ၎င်းတို့ကိုလှီးရင် မျက်စိစပ်စေပါတယ်။
အမျိုးအစား၊လတ်ဆပ်မှု၊ရင့်မှည့်မှုအခြေအနေ (maturity) ပေါ်မူတည်ပြီး၎င်းတို့ တွင်ပါဝင်သော အာဟာရ ဓါတ်အနည်းအများကွဲပြားပါတယ်။
ကြက်သွန်နီမှာ ဗီတာမင် အေ၊ဘီ၊စီ၊ folic acid, calcium, phosphorus,
magnesium, chromium, iron နှင့် fiber တွေများစွာပါဝင်ပါတယ်။
ခရစ်မပေါ်မှီ နှစ် လေးထောင်ကထဲက ကြက်သွန်နီကိုရောဂါအမျိုးမျိုးကုသရာတွင်အသုံးပြုခဲ့တဲ့
မှတ်တမ်းများရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းကဒါဏ်ရာရသော စစ်သားများရဲ့အနာ သက်သာ ရန်နှင့်အနာကျက်ရန်အတွက်
ကြက်သွန်နီအနှစ် (onion paste) ကိုအသုံးပြုခဲ့ကြပါတယ်။
ကြက်သွန်နီအသုံးပြုနိုင်သောရောဂါများ။
ကြက်သွန်နီအသုံးပြုနိုင်သောရောဂါများ။
၁။ သွေးအားနည်းခြင်း (Anemia)- ကြက်သွန်နီမှာပါဝင်တဲ့ သံဓါတ်နဲ့ folic acid တို့ကြောင့် သွေးအားနည်းခြင်းရောဂါကိုသက်သာစေပါတယ်။
၂။ အဆီကျခြင်း (Anti-cholesterol) တစ်နေ့လျှင် အရွယ်တော်ကြက်သွန်နီ တစ်ခြမ်း
စားပေး ခြင်းဖြင့် အဆီကျစေပြီး အဆီပိတ်နှလုံးရောဂါကိုကာကွယ်နိုင်ပါတယ်။
၃။ အရောင်သက်သာခြင်းသတ္တိ (anti-inflammmatory effect) ကြောင့် အဆစ်အမြစ် ရောင်
ရောဂါ (arthritis) နဲ့ ဂေါက်ရောဂါ (gout) များတွင်အသုံးပြုနိုင်ပါတယ်။
၎။ ပိုးသတ်ခြင်း (anti-bacterial) ကြက်သွန်နီဟာ ရောဂါဖြစ်စေသောပိုးများ၊အထူးသဖြင့်
ဆီးလမ်း ကြောင်းမှာ ရောဂါဖြစ်စေသော (E.coli) ပိုး၊ ၀မ်းလျော်၊စမ်းကိုက်ရောဂါပိုး (Salmonella)
နဲ့ တီဘီပိုး (TB) တို့ကိုသတ်နိုင်စွမ်းရှိပါတယ်။
၅။ သွေးတိုးရောဂါ (Hypertension) ကြက်သွန်နီအစိမ်း(၀ါ) အကျက်စားခြင်းဖြင့် သွေးတိုး
ကျစေပါတယ်။ သွေးကြဲစေပါတယ်။ သွေးကြောထဲမှသွေးခဲမှုများကိုလည်းအရည်ပျော်စေပါတယ်။
၆။ အူမကြီးကင်ဆာ (Cancer of colon) ကြက်သွန်နီသည် အူမကြီးရှိ ကျန်းမာရေး အထောက်
အကူပြုပိုးမွှားများအားတိုးပွါးစေခြင်းဖြင့် အူမကြီးကင်ဆာကိုကာကွယ်နိုင်ပါသည်။
၇။ ၀မ်းချုပ်ခြင်း။ ဟင်းများတွင် ကြက်သွန်နီများစွာထည့်ချက်ခြင်းဖြင့် ၀မ်းချုပ်ခြင်းနှင့်
လေလည်ခြင်း ကိုသက်သာစေပါတယ်။
၈။ ဆီချိုရောဂါ ( Diabetes) ကြက်သွန်နီတွင်ပါဝင်သော chromium က အင်ဆူလင် ဓါတ်
ထုတ်လုပ်မှုကောင်းစေခြင်းဖြင့် ဆီချိုရောဂါ ကိုသက်သာစေပါတယ်။
၉။ နားအူခြင်း၊နားတွင်းအသံမြည်နေခြင်း။ ကြက်သွန်နီရည်ဆွပ်ထားသော ၀ါဂွမ်းကိုနားတွင်ထည့်ခြင်းဖြင့် နားအူခြင်း၊နားတွင်းအသံမြည်နေခြင်းတို့
ကိုသက်သာစေပါတယ်။
၁၀။ ဆံပင်ပေါက်ခြင်း။ ကြက်သွန်နီအရည်(၀ါ) ကြက်သွန်နီဖြင့်ဦးရည်ကို တစ်ပတ်နှစ်ကြိမ်
ပွတ်ပေးပါက နှစ်လတွင် ဆံပင်ပေါက်စေတယ်လို့ဆိုပါတယ်။
၁၁။ အရိုးပါးရောဂါ (osteoporosis) ကြက်သွန်နီသည် အရိုးပါးရောဂါကိုလည်း သက်သာ
စေပါတယ်။
၁၂။ အအေးမိခြင်း၊ချွဲကပ်ခြင်း။ ကြက်သွန်နီသည်ခုခံအားကိုလည်းကောင်းမွန်စေပါတယ်။
ကြက်သွန်နီရည်နှင့်ပျားရည်ဆတူရောပြီးတစ်နေ့လျှင် လ္ဘက်ရည်ဇွန်းဖြင့် ၃-၄ကြိမ်သောက် ပါက ချွဲများအရည်ပျော်စေပြီး
အအေးမိချောင်းဆိုးခြင်း ကိုပျောက်ကင်းစေပါတယ်။
၁၃။ ကြက်သွန်နီကိုရေဖြင့် ရေထက်ဝက်ခမ်းသည်အထိပြုပ်ပြီးနောက် ၎င်းပြုပ်ရည်သောက်ပေး
ပါက ဆီပူခြင်းကိုပျောက်ကင်းစေပါတယ်။
၁၄။ ကာမအားသန်စွမ်းခြင်း။ ကြက်သွန်နီအဖြူမျိုးသည်အခြားမျိုးများထက် ကာမအား သန်စွမ်း
ခြင်း သတ္တိပိုကောင်းပါတယ်။
ကြက်သွန်နီကိုလေသလပ်သည့် အခန်းအပူချိန်၊နေရောင်တိုက်ရိုက်မရသောနေရာတွင် သိမ်းဆည်း နိုင် ပါတယ်။ အာလူးများနဲ့အတူတူထားပါကအာလူးမှအဆိုဓါတ်နဲ့ ethylene ဓါတ်ကြောင့်ကြက်သွန် နီများ ပုပ်လွယ်ပါတယ်။ လှီးထားသောကြက်သွန်နီများအားလေလုံသောနေရာတွင် ၁-၂ ရက်ခန့်သိမ်ထား နိုင် ပါတယ်။ ကြက်သွန်နီလှီးစဉ်မျက်စီမစပ်အောင်ကြက်သွန်နီများကိုမလှီးခင်တစ်နာရီအအေးခံထားခြင်း(၀ါ) ရေတွင် စိမ်ပြီးအခွံနွှာခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။
ကျမ်းကိုး။
Sunday, August 18, 2013
ကျမ ဒရိုက်ဘာ လက်သစ်။
ကျမ စပ်စံထွန်းဆေးရုံ၊သွေးဘဏ်မှာတာဝန်ထမ်းဆောင်စဉ် ညနေမှာ ဒေါ်တင်မြတ် ဆေးခန်းကို
မေမေနဲ့အတူ သွားကြပါတယ်။ စနေ တနင်္ဂနွေဆို သုံးယောက်သား တင်သမျှ ရုပ်ရှင်တွေ ပျော်ပျော်ပါးပါး
သွားကြည့်ကြပါတယ်။ ကျမ ကျောင်းသူဘ၀က ကျောင်းစာပျက်ကွက်မှာစိုးလို့ အဖေက ကားမောင်း သင်မပေးပါဘူး။
TB ရောဂါဖြစ်ပြီး တောင်ကြီးအပြန်မှ ဖုတ်ပူမီးတိုက် သူ့ကားနဲ့တစ်ပုံစံထဲတူတဲ့ Morris
minor ကားတစ်စီးဝယ်ပေးပြီး၊ ကားမောင်းလည်း သင်ပေးလိုက်တာမို့ ကျမ တောင်ကြီးရောက်မှ
အမောင်းကျင့်ရပါတယ်။ လမ်းစည်းကမ်းလည်း သိပ်မသိပါဘူး။ တောင်ကြီးမြို့က တောင်တက်တောင်ဆင်း များတာမို့
တောင်တက်ဆို ဒေါ်တင်မြတ်က ကျမရဲ့ စပယ်ရာလုပ်ပြီး ကားအသွားအလာကြည့်တာ၊ လက်ကိုင်ဘရိတ်
(hand brake) ဆွဲတာတွေ လုပ် ပေးပါတယ်။ မေမေကလည်းသူတတ်သလောက်
ကျမ ကိုကူညီပါတယ်။ တောင်တက်လမ်းမှာ ကျမကားလျော်ကျနေရင်
မေမေကနောက်ခုံကနေ ရှေ့က ကျမ ခုံကိုတွန်းထားတယ်တဲ့။
တစ်ခါတော့ ကျမတို့ မ၀င်ရတဲ့လမ်းထဲ ၀င်သွားကြပါတယ်။ တစ်ဘက်က
ကားက ဒီလမ်းက မ၀င်ရဘူး ဆိုတော့မှ ဟုတ်လား ဆိုပြီ ပြန်ထွက်ခဲ့ရပါတယ်။
နောက်တစ်ကြိမ်ကျတော့ တောင်ကြီးဈေးသွားရင်း ကားမရပ်ရတဲ့နေရာမှာရပ်ထားခဲ့ပါတယ်။
ယဉ်ထိန်း လာပြောမှသိပါတယ်။
တစ်နေ့ ကျမလမ်းသွယ်တစ်ခုက အထွက် လမ်းမကြီးက မြင်းရထားက အ၀င်
မျက်နှာချင်းဆိုင်တွေ့ကြပါတယ်။ ကျမက မြင်မြင်ချင်း ကားဘရိတ်ကိုဆွဲလိုက်နိုင်ပေမဲ့။
မြင်းက အရှိန်မသတ်နိုင်ပဲ ကျမ ကား ခေါင်းမိုး ပေါ် တက်သွား ပါတယ်။ ကားခေါင်မိုးမှာ မြင်းခွါတွေကျန်ခဲ့သလို၊
မြင်းလှည်းရဲ့သစ်သားချောင်းက ကားမီးလုံးအောက်ကို ထိုးဖေါက် သွားပါတယ်။ ကံကောင်းထောက်မစွာမီးလုံးမထိလို့
မီးလုံးမကွဲပဲ၊ Body ချိုင့်ရုံပဲဖြစ်ပါတယ်။ အဖေက ဂျပန်ကားဆို သမီးကား မုန့်ကြိုးလိမ်ဖြစ်မှာတဲ့။
ဂျပန်ကားတွေက ဆီစား သက်သာအောင် Body ကိုပါးပါးလွှာလွှာလေးလုပ်ထားတယ်လို့ပြောပါတယ်။
တစ်ညနေမှာတော့ ဒေါ်တင်မြတ်ဆေးခန်းကိုအသွား လမ်းမကြီးကနေ ရပ်ကွက်လမ်းထဲချိုးရမှာမို့
ချိုးဝင်မဲ့မီးအချက်ပြ၊ ဘရိတ်အုပ်ပြီး တစ်ဘက်က ကားအရှင်းစောင့်နေတုံး ကျမကားကို နောက်ကနေ
လိုင်းပြေးတဲ့ ဟီနိုးကားကြီးတစ်စီးက ၀င်တိုက်လိုက်ပါတယ်။ (တောင်ကြီးက ဟီးနိုဒရိုင်ဘာတွေ
ညနေ ပိုင်းဆို နဲနဲထွေနေကြလေ့ရှိပါတယ်) တော်သေးတယ် ကျမ ကားက ရပ်ထားလို့၊ နောက်ပြီး Morris Minor ကား
Body တွေက တော်တော်မာတယ်။ ကားဘာမှဖြစ်မသွားဘူး။ ဒါပေမဲ့ ကျမတော့ စိုက်ကို (Psyco) ဖြစ်သွားတယ်။
ကျမနောက်မှာ ကားတစ်စီးကပ်ပါလာရင် ကျမ မမောင်းတတ်တော့ဘူး။ နောက်ကားနဲ့ ဝေးအောင် အမြန်မောင်း
တော့တာပဲ။ အဲ့ဒီ စိုက်ကို ကတော်တော်နဲ့မပျောက်ဘူး။ ရန်ကုန်ပြန်ရောက်ပြီး ဆေးသုတေသနကို
ပြောင်းတော့ ရုံးကို ကန်တော်ကြီးပတ်လမ်းက နေ့စဉ် ကျမရဲ့ Morris minor ကားလေးနဲ့ရုံးတက်ပါတယ်။
တစ်နေ့မှာ ကျမကား နောက်က နောက်ဆုံးပေါ် Corolla အနီရောင် ကားသစ်လေးတွေ့တာနဲ့ ကျမလည်း လီဗာအတင်းနင်းပြီး
ဝေးရာကိုမောင်းပြေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်နေ့မှာ မနေ့က ကားနီလေးက ကျမ ကား ကို အတင်းကျော်တတ်
ပါတယ်။ မနေ့က သူ့ကားသစ်ကို ကျမ ကားစုပ်က အပြိုင်မောင်းသွားတယ်ထင်လို့ ပြန်လုပ်တာကိုး
(ကားဒရိုင်ဘာတွေရဲ့ မာန ဆိုတာ ဒါထင်ပါရဲ့)။
ဆေးသုတေသနကို အလုပ်ပြောင်းတော့ မြွေဆိပ်သုတေသန စ လုပ်ရပါတယ်။
မြန်မာနိုင်ငံ အချို့ အထူးသဖြင့်မြေလတ်ပိုင်းတွေမှာ မြွေ ဟောက် (Viper snake) တွေပေါ်ပြီး
စပါးပေါ်ချိန်၊ လယ်ကွင်းထဲက စပါးတွေလာစားတဲ့ ကြွက်တွေကို လာစားတဲ့မြွေတွေနဲ့ စပါးလာရိတ်တဲ့
လယ်သမားတွေ့ကြပြီး၊ လယ် သမားတွေ မကြာခဏမြွေပေါက်ခံကြ ရပါတယ်။ မြွေဆိပ်သုတေသနအတွက် အင်းစိန်
BPI ကို သွားပြီး မြွေဆိပ်တွေယူရပါတယ်။ ပြည်လမ်း အ၀ိုင်းကို ပတ်လိုက်ရင် ကျမ မျက်စေ့
လည် သွားပြီး လမ်းမှား သွား တတ်ပါတယ်။ ဒါကြောင့် မကြာခဏ အင်းစိန်မရောက်ပဲ မင်္ဂလာဒုံ ရောက်သွားလေ့ရှိပါတယ်။
တစ်ခါတော့ ဆုလေးဘုရားလမ်းက နီလာဆံပင်အလှပြင်ဆိုင်ကို အမကြီးကိုလိုက်ပို့ပါတယ်။
အဲ့ဒီအချိန်က တစ်လမ်းမောင်းတွေ စလုပ်ခါစမို့ ကျမ အ၀ိုင်းပတ်လိုက် မျက်စေ့လည်လိုက်နဲ့
ဆိုင်ရှေ့မှာ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ဖြစ်နေပါတယ်။ နောက်ဆုံး လမ်းမှာတွေ့တဲ့ ယဉ်ထိန်းရဲကို
အကူအညီ တောင်းမှ ဆိုင်ရှေ့ကိုရောက်ပါတော့တယ်။
တစ်နေ့ ရုံးပြန်နည်းနည်းနောက်ကျတယ်။ ဦးထောင်ဘိုကုန်းအဆင်းမှာ နွားအုပ်ကြီးနဲ့လမ်းပေါ်မှာ ပက်ပင်းတွေ့ပါတယ်။ နွားအုပ်ကြီးက ကျမကားကိုဝင်တိုက်ကြတာကြောင့် ကားရှေ့က shell ကြီးချိုင့်ဝင် သွားပါတယ်။ ပြန်ထုလိုက်တော့လည်းအကောင်းအတိုင်းဖြစ်သွားပါတယ်။ အဖေပြောတာမှန်ပါတယ်။ morris minor ကားရဲ့ဘော်ဒီကတော်တော် အထုအရိုက်ခံပါတယ်။ ကျမလို ကားမောင်း ကျွမ်းကျင် တဲ့ သူတွေအတွက်အထူးကောင်းမွန်ပါတယ် လို့ ထောက်ခံလိုပါတယ်။
ကျမရဲ့ ကားမောင်းကျွမ်းကျင်မှုကြောင့် ကျမကား စီးရဲတဲ့သူရှားပါတယ်။ စာဖတ်သူတွေရော စီးကြအုံးမလား ?
Monday, August 12, 2013
Paris မြို့ရှိ international University အဆောင်များ (Cite Universataire)
Paris မြို့ ၁၄ ရပ်ကွက်မှာတည်ရှိတဲ့ international University ကျောင်းသားအများ အတွက် ဥရောပ နိုင်ငံများမှ ကျောင်းသားများနှင့်ပြင်သစ်နယ်မှလာရောက်ကြသောတက္ကသိုလ်ကျောင်းသားများအတွက်
အဆောင်များသီသန့်ရှိပါတယ်။ ဥရောပနိုင်ငံအပြင်အာရပ်နိုင်ငံအချို့၊ တရုပ်နိုင်ငံ၊အိနြ္ဒိယနိုင်ငံ၊ကနေဒါနိုင်ငံ အမေရိကန်နိုင်ငံ၊နှင့်ကမ္ဘောဒီယာနိုင်ငံတို့ရဲ့အဆောင်များလည်းရှိပါတယ်။ ကျမ ပါရီမှာ Ph.D ကျောင်းသူ အဖြစ် နေထိုင်စဉ်က မြန်မာနိုင်ငံမှအဆောင်မရှိသဖြင့် Moroco နိုင်ငံအဆောင်မှာနေခဲ့ရပါတယ်။ အဆောင်လခက ကျောင်းသူ/သားဆိုရင် တစ်လ ၁၅၀ ယူရိုပါ။ ကျမက အသက် ၃၅ နှစ်ကျော် နေတဲ့ အတွက် ကျောင်းသားလို့မသတ်မှတ်တဲ့အတွက် တစ်လ ၄၀၀ ယူရိုပေးရပါတယ်။ တော်သေးတယ်
WHO ရုံးက ပြင်သစ်နိုင်ငံရဲ့လူနေမှုစရိက်အလိုက် စတိုင်ပင်တိုးပေးလို့။ ကျောင်းဝင်းအတွင်းက စားသောက်ဆိုင်မှာ ကျောင်းသားတွေအတွက် လျော့ဈေးနဲ့ရောင်းချပေးပါတယ်။ အပြင်ဈေးထက်
ထက်ဝက်ကျော်သက်သာပါတယ်။ တော်သေးတယ်ကျမပုံက ကျောင်းသားပုံပေါက်နေသေးလို့ ကျောင်းသားဆိုင်မှာစားလို့ရခဲ့တာ။ အဆောင်စနေခါစမှာ စပေါ်အနေနဲ့ ၄၅၀ ယူရိုပေးခဲ့ရတာ။ စကားပြန်က အသေအချာရှင်းမပြခဲ့တာကြောင့် အဆောင်ကအပြန်မှာ တောင်းရမှန်းမသိလို့ စပေါ် ၄၅၀ ယူရို ကျန်ခဲ့ပါတယ်။ အဲ့ဒီအဆောင်မှာ ၃ နှစ်ပဲနေခွင့်ရှိပါတယ်။ ၃ နှစ်ပြည့်သွားရင်တော့ အပြင်မှာ ကိုယ့်ဘာသာအခန်းငှါးနေရပါတယ်။ ပါရီမြို့ရဲ့အခန်းခတွေကအလွန်ဈေးကြီးပါတယ်။ studio ခေါ်တဲ့ တစ်ယောက်စာ အခန်းတစ်ခုနဲ့ ရေချိုးခန်း၊အိမ်သာ မီးဖိုချောင်လေးပါတဲ့အခန်းဆို နေရာပေါ် မူတည်ပြီး အနည်းဆုံး ၅၀၀ ယူရိုရှိပါတယ်။ chambre ခေါ်တဲ့ ရေချိုးခန်း၊အိမ်သာ အပြင် common သုံးရတဲ့ အခန်းတွေက ပိုဈေးသက်သာပါတယ်။ မြန်မာပြည်နဲပြောင်းပြန် အောက်ထပ်ထက် အပေါ် ဆုံး ထပ်က ပိုဈေးကြီးပါတယ်။ များသောအားဖြင့်ဓါတ်လှေကားရှိပါတယ်။ ဓါတ်လှေကားမရှိတဲ့တိုက်ဟောင်း အပေါ်ထပ်တွေကတော့ဈေးသက်သာပါတယ်။ အိမ်ခန်းငှါးမယ်ဆိုရင် ကိုယ့်ဝင်ငွေလစာပြရပါတယ်။ လစာရဲ့ ၁/၃ လခပေးရတဲ့ အခန်းပဲငှါးခွင့်ရှိပါတယ်။ ဥပမာ တလ ၃၀၀ ပေးရတဲ့အခန်းငှါးမယ်ဆိုရင် ၀င်ငွေ ၉၀၀ အနည်းဆုံးရှိရပါမယ်။ စပေါ်အနေနဲ့ တလစာပေးရပါတယ်။ အိမ်ခန်းစငှါးခါစမှာ စပေါ်+တစ်လစ ပေါင်း ၂ လစာပေးရပါတယ်။ ဒါ့အပြင် ကိုယ့်ကိုအာမခံမဲ့သူလဲလိုအပ်ပါတယ်။ အာမခံသူရဲ့ လစာ လည်း ပြရပါတယ်။ ကျမတို့လိုအာမခံပေးမဲ့သူမရှိသူတွေက ပွဲစားကတဆင့်အိမ်ငှါးရပါတယ်။ ပွဲစားကိုအာမခံခ တစ်လစာပေးရပါတယ်။ အဲ့ဒီတစ်လစာကတော့ ပြန်မရပါဘူး။ စပေါ်ကတော့ အိမ်ပြန်အပ်ပြီး တစ်လ နေရင်ပြန်ရပါတယ်။ အိမ်ငှါးတဲ့အချိန်မှာ အခန်းအခြေအနေကိုအတိအကျမှတ်သားထားပြီး အိမ်ပြန် အပ် တဲ့အခါ ငှါးတဲ့အခြေအနေအတိုင်းပြန်အပ်ရပါတယ်။ စပေါ်တစ်လ ယူထားတာက ပျက်နေတာရှိလို့အိမ်ရှင်ကပျက်တာပြင်ရရင် စပေါ်ထဲကနှုတ်ယူဖို့။ အိမ်ကညစ်ပတ်နေရင်လည်းသန့်ရှင်းရေးလုပ်ခ နှုတ်ယူ ပါတယ်။ ဒါ့ကြောင်အိမ်ပြန်မအပ်ခင်အိမ်ခန်းကိုသန့်ရှင်းရေးလုပ်ရပါတယ်။ ဒီစနစ်ကလေးကအလွန်ကောင်းပါတယ်။ မြန်မာပြည်မှာတော့ တစ်ဦးလောက်အိမ်ငှါးလိုက်ရင် အိမ်ငှါးက
ကိုယ့်ပစ္စည်းမဟုတ်ဘူးဆိုပြီးထင်သလိုနေထိုင်ကြတာကြောင့်အိမ်ခန်းပျက်ပြီးကျန်ရစ်ပါတယ်။ ပါရီက
တိုက်ခန်းတွေက ဆောက်ကတည်းကကောင်းကောင်းဆောက်ပြီး၊အိမ်ငှါးစနစ်လေးကလည်း ကောင်း တာကြောင့် တိုက်ခန်းတွေက အနှစ် ၁၀၀၊ ၂၀၀ ကျော်ပေးမဲ့အသစ်လိုကောင်းနေတာတွေ့ရပါတယ်။
ကျမ ဆိုအိမ်ငှါးဖို့အိမ်တွေလိုက်ကြည့်ရင်အိမ်ခန်းတိုင်းကနေချင်စရာလေးတွေကြီးပဲဖြစ်နေပါတယ်။
တရုပ်နိုင်ငံမှအဆောင်
ပြင်သစ်နယ်မှကျောင်းသားများအဆောင်
ကျောင်းဝင်းအတွင်းသစ်ပင်များ
အဆောင်များသီသန့်ရှိပါတယ်။ ဥရောပနိုင်ငံအပြင်အာရပ်နိုင်ငံအချို့၊ တရုပ်နိုင်ငံ၊အိနြ္ဒိယနိုင်ငံ၊ကနေဒါနိုင်ငံ အမေရိကန်နိုင်ငံ၊နှင့်ကမ္ဘောဒီယာနိုင်ငံတို့ရဲ့အဆောင်များလည်းရှိပါတယ်။ ကျမ ပါရီမှာ Ph.D ကျောင်းသူ အဖြစ် နေထိုင်စဉ်က မြန်မာနိုင်ငံမှအဆောင်မရှိသဖြင့် Moroco နိုင်ငံအဆောင်မှာနေခဲ့ရပါတယ်။ အဆောင်လခက ကျောင်းသူ/သားဆိုရင် တစ်လ ၁၅၀ ယူရိုပါ။ ကျမက အသက် ၃၅ နှစ်ကျော် နေတဲ့ အတွက် ကျောင်းသားလို့မသတ်မှတ်တဲ့အတွက် တစ်လ ၄၀၀ ယူရိုပေးရပါတယ်။ တော်သေးတယ်
WHO ရုံးက ပြင်သစ်နိုင်ငံရဲ့လူနေမှုစရိက်အလိုက် စတိုင်ပင်တိုးပေးလို့။ ကျောင်းဝင်းအတွင်းက စားသောက်ဆိုင်မှာ ကျောင်းသားတွေအတွက် လျော့ဈေးနဲ့ရောင်းချပေးပါတယ်။ အပြင်ဈေးထက်
ထက်ဝက်ကျော်သက်သာပါတယ်။ တော်သေးတယ်ကျမပုံက ကျောင်းသားပုံပေါက်နေသေးလို့ ကျောင်းသားဆိုင်မှာစားလို့ရခဲ့တာ။ အဆောင်စနေခါစမှာ စပေါ်အနေနဲ့ ၄၅၀ ယူရိုပေးခဲ့ရတာ။ စကားပြန်က အသေအချာရှင်းမပြခဲ့တာကြောင့် အဆောင်ကအပြန်မှာ တောင်းရမှန်းမသိလို့ စပေါ် ၄၅၀ ယူရို ကျန်ခဲ့ပါတယ်။ အဲ့ဒီအဆောင်မှာ ၃ နှစ်ပဲနေခွင့်ရှိပါတယ်။ ၃ နှစ်ပြည့်သွားရင်တော့ အပြင်မှာ ကိုယ့်ဘာသာအခန်းငှါးနေရပါတယ်။ ပါရီမြို့ရဲ့အခန်းခတွေကအလွန်ဈေးကြီးပါတယ်။ studio ခေါ်တဲ့ တစ်ယောက်စာ အခန်းတစ်ခုနဲ့ ရေချိုးခန်း၊အိမ်သာ မီးဖိုချောင်လေးပါတဲ့အခန်းဆို နေရာပေါ် မူတည်ပြီး အနည်းဆုံး ၅၀၀ ယူရိုရှိပါတယ်။ chambre ခေါ်တဲ့ ရေချိုးခန်း၊အိမ်သာ အပြင် common သုံးရတဲ့ အခန်းတွေက ပိုဈေးသက်သာပါတယ်။ မြန်မာပြည်နဲပြောင်းပြန် အောက်ထပ်ထက် အပေါ် ဆုံး ထပ်က ပိုဈေးကြီးပါတယ်။ များသောအားဖြင့်ဓါတ်လှေကားရှိပါတယ်။ ဓါတ်လှေကားမရှိတဲ့တိုက်ဟောင်း အပေါ်ထပ်တွေကတော့ဈေးသက်သာပါတယ်။ အိမ်ခန်းငှါးမယ်ဆိုရင် ကိုယ့်ဝင်ငွေလစာပြရပါတယ်။ လစာရဲ့ ၁/၃ လခပေးရတဲ့ အခန်းပဲငှါးခွင့်ရှိပါတယ်။ ဥပမာ တလ ၃၀၀ ပေးရတဲ့အခန်းငှါးမယ်ဆိုရင် ၀င်ငွေ ၉၀၀ အနည်းဆုံးရှိရပါမယ်။ စပေါ်အနေနဲ့ တလစာပေးရပါတယ်။ အိမ်ခန်းစငှါးခါစမှာ စပေါ်+တစ်လစ ပေါင်း ၂ လစာပေးရပါတယ်။ ဒါ့အပြင် ကိုယ့်ကိုအာမခံမဲ့သူလဲလိုအပ်ပါတယ်။ အာမခံသူရဲ့ လစာ လည်း ပြရပါတယ်။ ကျမတို့လိုအာမခံပေးမဲ့သူမရှိသူတွေက ပွဲစားကတဆင့်အိမ်ငှါးရပါတယ်။ ပွဲစားကိုအာမခံခ တစ်လစာပေးရပါတယ်။ အဲ့ဒီတစ်လစာကတော့ ပြန်မရပါဘူး။ စပေါ်ကတော့ အိမ်ပြန်အပ်ပြီး တစ်လ နေရင်ပြန်ရပါတယ်။ အိမ်ငှါးတဲ့အချိန်မှာ အခန်းအခြေအနေကိုအတိအကျမှတ်သားထားပြီး အိမ်ပြန် အပ် တဲ့အခါ ငှါးတဲ့အခြေအနေအတိုင်းပြန်အပ်ရပါတယ်။ စပေါ်တစ်လ ယူထားတာက ပျက်နေတာရှိလို့အိမ်ရှင်ကပျက်တာပြင်ရရင် စပေါ်ထဲကနှုတ်ယူဖို့။ အိမ်ကညစ်ပတ်နေရင်လည်းသန့်ရှင်းရေးလုပ်ခ နှုတ်ယူ ပါတယ်။ ဒါ့ကြောင်အိမ်ပြန်မအပ်ခင်အိမ်ခန်းကိုသန့်ရှင်းရေးလုပ်ရပါတယ်။ ဒီစနစ်ကလေးကအလွန်ကောင်းပါတယ်။ မြန်မာပြည်မှာတော့ တစ်ဦးလောက်အိမ်ငှါးလိုက်ရင် အိမ်ငှါးက
ကိုယ့်ပစ္စည်းမဟုတ်ဘူးဆိုပြီးထင်သလိုနေထိုင်ကြတာကြောင့်အိမ်ခန်းပျက်ပြီးကျန်ရစ်ပါတယ်။ ပါရီက
တိုက်ခန်းတွေက ဆောက်ကတည်းကကောင်းကောင်းဆောက်ပြီး၊အိမ်ငှါးစနစ်လေးကလည်း ကောင်း တာကြောင့် တိုက်ခန်းတွေက အနှစ် ၁၀၀၊ ၂၀၀ ကျော်ပေးမဲ့အသစ်လိုကောင်းနေတာတွေ့ရပါတယ်။
ကျမ ဆိုအိမ်ငှါးဖို့အိမ်တွေလိုက်ကြည့်ရင်အိမ်ခန်းတိုင်းကနေချင်စရာလေးတွေကြီးပဲဖြစ်နေပါတယ်။
ကျောင်းအ၀င်ပေါက်
ကျောင်းဝင်းပန်းခြံ
ကျမနေခဲ့တဲ့ Monoco အဆောင်
တရုပ်နိုင်ငံမှအဆောင်
ပြင်သစ်နယ်မှကျောင်းသားများအဆောင်
ကျောင်းဝင်း
Tunisia အဆောင်
Canada နိုင်ငံအဆောင်
Subscribe to:
Posts (Atom)
.jpg)
.jpg)





.jpg)