:include data='blog' name='google-analytics'/>

Sunday, December 23, 2012

ခေတ်သစ်မသိုးထမင်း၊မသိုးဟင်းဝယ်သိမ်းကြမလား ?






 
 
 

ကျမတို့ငယ်ငယ်တုန်ုးကနားထောင်ခဲ့ရတဲ့ပုံပြင်တွေမှာ ခရီးဝေးသွားတဲ့အခါ မသိုးထမင်း၊ မသိုးဟင်း သယ်ဆောင်ပြီး ခရီးထွက်ကြတာနားထောင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက စက်ပစ္စည်းတွေ မတည်ထွင်နိုင် သေးတဲ့အတွက် ခရီးမတွင်တဲ့ နွားလှည်တွေ၊ရွက်လှေတွေနဲ့သွားကြရပြီး၊ ကမ္ဘာပေါ်မှာ လည်း လူဦးရေ မများသေးတာကြောင့် လမ်းခရီးမှာ စားစရာ ရောင်းမဲ့ သူဝေးလို့ လူသူတစ်ယောက်မှ တောင်မတွေ့နိုင်တာကြောင့် လမ်းမှာစားဖို့ မသိုးထမင်း၊ မသိုးဟင်းတွေ သယ်ဆောင် သွားကြရတယ်လို့မှတ်သား ရ ပါတယ်။

မသိုးထမင်းဆိုတာက ထမင်းကိုနေရောင်မှာခြောက်အောင်လှမ်းထားပြီး ရေနဲ့စိမ်လိုက်တဲ့အခါ ထမင်းပြန်ဖြစ်သွားပါတယ်။ ဟင်းဆိုတာကတော့ ငါး၊အသားတွေကိုဆားနဲ့နယ်ပြီး အခြောက်ခံထားတာပါ။ စားချင်တဲ့အခါ ဖုတ်၍ဖြစ်စေ၊ဟင်းချက်၍ဖြစ်စေ စားကြပါတယ်။

         ယခုလို စက်ပစ္စည်းတွေပေါ်များတဲ့အခါမှာ ကမ္ဘာ့တောင်စွန်းကမြောက်စွန်းကို နာရီပိုင်းအတွင်း ရောက်နိုင်ခြင်း၊ နေရာတကာ ဥပမာ ကောင်ကင်မှာပျံနေတဲ့ လေယဉ်တွေ၊ ပင်လယ်ထဲသွားနေတဲ့ သင်္ဘောတွေထဲမှာတောင် စားစရာ မျိုးစုံရနိုင် တာကြောင့် ရှေးတုန်းကလို မသိုးထမင်း၊ မသိုးဟင်း သယ်ဆောင်ပြီးခရီးထွက်စရာမလိုလို့ မသိုးထမင်း၊ မသိုးဟင်းဟာ ယခုခေတ်အတွက် မလိုအပ်တော့ဘူးလို့ထင်ခဲ့ပါတယ်။

         ဒါပေမဲ့ အံ့သြစရာ ခေတ်သစ် မသိုးထမင်း၊ မသိုးဟင်းတွေ ပေါ်ပေါက်လာပြီးခေတ်စားလာတာတွေ့ရပါတယ်။ ခေတ်သစ် မသိုးထမင်း၊ မသိုးဟင်းတွေက lyophilization ခေါ်တဲ့ အအေးခံခြင်းဖြင့် အစား အစာတွေမှာရှိတဲ့ ရေကို ခြောက်စေတာဖြစ်ပါတယ်။ အသီးအနှံတွေကစပြီး ချက်ပြုတ်ပြီး သားဟင်းလျှာ တွေ အထိရှိပါတယ်။ အသီးအနှံတွေကို အခြောက်အတိုင်းစားနိုင်သလို၊ရေစိမ်ပြီးလည်းစားနိုင်ပါတယ်။ ဟင်းတွေကတော့ ရေရောလိုက်ရင်ချက်ပြီးသားဟင်း အဖြစ်သုံးဆောင်နိုင်ပါတယ်။ lyophilization နည်းနဲ့ပြုလုပ်ထားတဲ့အစားအစာတွေမှာ conservative ခေါ်တဲ့ အစာတွေ ကြာကြာခံအောင် ဓါတုပစ္စည်း တွေ မထဲ့ထားတဲ့အပြင်၊ အအေးခံတဲ့နည်းဖြစ်လို့ အစားအစာမှာပါတဲ့ ဗီတာမင်လို့ ပျက်ဆီးလွယ်တဲ့ အာဟာရ ဓါတ်တွေလည်း မပျက်မစီးပဲကျန်နေတဲ့အတွက် ကျန်းမာရေးအတွက်လည်း ကောင်းမွန် တယ်လို့ဆိုပါ တယ်။ သာမန် အသင့်စားလို့ရတဲ့ ဟင်းလျှာတွေ (ready made dishes) တွေထက် အထားခံနိုင်လို့
စားသုံးနိုင်တဲ့ သက်တမ်း (Expire date ) ကို ၂၅ နှစ်အထိပေးတယ်လို့ဆိုပါတယ်။ ready made dishes တွေထက်ဈေးအနည်းငယ်ကြီးသော်လည်း၊ ယခုရာစုနှစ်များမှာ မကြာခဏဖြစ်ပွါးတဲ့ သဘာဝ ဘေးများနှင့် ကမ္ဘာတစ်ဝှမ်း တွေ့ကြုံ နေရတဲ့ စီးပွါးရေးကျဆင်းမှုများကြောင့် အချို့မိသားစုများ တစ်နေ့ အလုပ် ပြုပ်ရင်၊(၀ါ) သဘာဝဘေးအန္တရာယ် နဲ့ကြုံတွေ့ရင် အငတ်ဘေးမတွေ့ရအောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ၀ယ်ယူ စုဆောင်းကြတာကြောင့် ယခုအခါ အရောင်း ၄ ဆ ခန့်တိုးတက်ခဲ့တယ်လို့ဆိုပါတယ်။

Lyophilization နည်းဟာ ဒုတိယကမ္ဘာစစ်မှာစတင်ပေါ်ပေါက်လာပါတယ်။ စစ်အတွင်း ဒါဏ်ရာ ရသူများအား ကုသရန် သွေးများအမေရိကန်မှ ဥရောပသို့ပို့ရာ ရေခဲသေတ္တာနှင့် အအေးခန်းသယ်ဆောင်မှု (cold chain) များမပြုလုပ်နိုင်သဖြင့် သွေးများပျက်စီးရာမှစတင်ပေါ်ပေါက်လာပါတယ်။ နောက်ပိုင်းမှာ ပင်နစလင်ဆေးများ (penicillin)၊ အရိုးများကို သယ်ဆောင်ရန်အသုံးပြုခဲ့ကြပါတယ်။ ယခုနောက်ပိုင်း မှာတော့ အအေးခန်း မလိုသော နည်းအဖြစ် ဇီဝပစ္စည်းများ သိမ်းဆည်း၊သယ်ဆောင်ရန်၊ကာကွယ်ဆေးများ (vaccine)၊ အရေပြားတုပြုလုပ်ခြင်း၊ ကြွေထည်မြေထည်ပြုလုပ်ခြင်း၊ ရေဆိုပျက်စီးသွားသောအရေးကြီး သည့်စာရွက်စာတမ်းပြန် လည်ပြုပြင်ခြင်း၊ စသည်များမှာပါအသုံးပြုကြပါတယ်။

 
ကျမ်းကိုး
http://en.wikipedia.org/wiki/Freeze-drying
 

Wednesday, December 19, 2012

နံမည်ကြီး မင်းသားမင်းသမီးများကဲ့သို့ဝတ်ချင်ပါသလား။

 
 
 

သင် အထင်ကြီးသော နံမည်ကြီး မင်းသားမင်းသမီးများ၊ တခြားသူများရဲ့ အကျီ င်္၊ 
လက်ဝတ်လက်စား၊  ဖိနပ် စသည်တို့ကို ၀တ်ဆင်လိုပါက   www.brandsonair.com    မှဆောင်ရွက်ပေးပါတယ်။ ဈေးနှုန်းမှာလည်းသိပ်မများဘူးလို့ဆိုပါတယ်။ အထက်ပါ ဆိုဒ်မှမိမိလိုချင်သော ပုံကိုရှာပြီး ပြုလုပ်ပေးရန်တောင်းဆိုရုံသာဖြစ်ပါတယ်။

Thursday, December 13, 2012

အကိုက်အခဲပျောက်ဆေးသောက်မယ်ဆိုရင် ။


 
 
 
 
 
 

                                                 ရေမှာပျော်လွယ်သော Asprin
 
အကိုက်အခဲပျောက်ဆေးသောက်မယ်ဆိုရင် ဘယ်ဆေးသောက်သင့်သလဲ ။ အက်စပရင် (asprin) လား ပါရာစက်တမော (paracetamol) လား။

Paracetamol ကအဖျားကျစေနိုင်ပြီး အနာသက်သာစေပါတယ်။ ဒါကြောင့် ခေါင်းကိုက် ပျောက်ဆေး၊ အအေးမိနှာစီး ပျောက်ဆေးနဲ့ တုတ်ကွေးပျောက်ဆေးတွေမှာ ထဲ့သွင်းကြပါတယ်။ များသောအားဖြင့် ဆေးသောက်ပြီး ၁၁ မိနစ်ခန့်မှာ အနာ သက်သာ စေပြီး ဆေးအရှိန် ၁-၄ နာရီ ခန့်တာရှည်ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ ၎င်းကို တစ်ခါသောက် 1,000 mg  တစ်နေ့ 4,000 mg အထိသောက်ပါက အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ သောက်တာများရင် အသဲ ချက်ချင်း ထိခိုက်ပြီး (acute liver failure) သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ အချို့သူများမှာ အထူးသဖြင့် အရက်ဆွဲနေသူများမှာ အထက်ပါ ပမာဏဖြင့်ပင် သေဆုံးနိုင်ပါတယ်။ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ သြစတေးလီးယား၊ နယူးဇီးလန်စတဲ့ အနောက်နိုင်ငံတွေမှာ Paracetamol ကြောင့် ချက်ချင်းအသဲပျက်စီးခြင်း ရောဂါနဲ့ သေဆုံးသူဦးရေးအများဆုံးဖြစ်ပါတယ်။ ၂၀၁၁ မှာ U.S. Food and Drug Administration (FDA)  ကဆေးလုံးတစ်လုံးမှာ 1,000 mg   အစား 325 mg  သာ ထဲ့ရန်။ Paracetamol နဲ့ ဘိန်းဆေး (narcotic analgesics) များရောသောဆေးများမပြုလုပ်ရန်နဲ့ အသဲ အန္တရာယ်ရှိကြောင်း မှတ်ချက်ရေးသားရန်ထုတ်ပြန်ခဲ့ပါတယ်။

        အင်္ဂလန်နိုင်ငံက Paracetamol ဆေးလွန်တဲ့အန္တရာယ် (Paracetamol overdose) ကို ကာကွယ်တဲ့အနေနဲ့ Paracetamol ဆေးကိုပယ်ဖျက်သည့် ဆေး (antidote) ဖြစ်တဲ့ (methionine) ဆေးနဲ့ Paracetamol ပေါင်းထားတဲ့ UK Paradote ဆိုပြီးထုတ်လုပ် ပါတယ်။

Paracetamol အနေနဲ့ အသဲ အပြင် ကျောက်ကပ်ပျက်ဆီးခြင်း (Renal failure) အန္တရာယ် လည်းဖြစ်စေနိုင်ပါတယ်။

Paracetamol အနေနဲ့ ရောင်ရမ်းခြင်း (inflammation) ကိုမသက်သာစေနိုင်ပါဘူး။ aspirin က ရောင်ရမ်းခြင်း (inflammation) ကိုသက်သာစေပါတယ်။ ဒါကြောင့် inflammation ကြောင့်ဖြစ်တဲ့ ရောဂါများ ဖြစ်တဲ့ အရိုးရောင်ရောဂါ (arthritis), အရိုးပါးပြီး အရိုးရောင်သောရောဂါ (osteoarthritis), ဂေါက် (gout) ရောဂါများတွင် အရိုးရောင်ခြင်း၊ နီခြင်း စသည်များကို Paracetamol က မသက်သာစေပါဘူး။

Paracetamol ဟာ သာမန်သောက်သော ပမာဏတွင် ကင်ဆာရောဂါမဖြစ် စေ နိုင်ပါဘူး။ ဒါပေမဲ့ အမြဲဆွဲသောက်သူများမှာ သွေးကင်ဆာဖြစ်နိုင်ပါတယ်။

သတ်မှတ်ထားသော ပမာဏတွင် (recommended doses), Paracetamol မှာ ဘေးထွက်ဆိုးကျိုး (side effects) မရှိသလောက်နည်းပါးပါတယ်။ aspirin ကဲ့သို့ သွေးကြဲခြင်း မဖြစ်စေတဲ့အတွက် အဲ့ဒီဒါဏ်တွေမခံနိုင်တဲ့လူနာတွေသောက်သုံးနိုင်ပါတယ်။ aspirin လို အစာအိမ်ကို မထိခိုက်နိုင်တဲ့အတွက် အစာအိမ်ရောဂါရှင်များလည်း သောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့အမြဲဆွဲသောက်သူများမှာတော့ အစာအိမ်သွေးထွက်ခြင်း အပြင် အသဲနဲ့ ကျောက်ကပ် ရောဂါများဖြစ်နိုင်ပါတယ်။ Paracetamol ကို အသဲမှာ ခြေဖျက်ပြီး ၎င်းကိုယ်တိုင်က အသဲကို အဆိပ်ဖြစ်စေတာကြောင့် အရက်ဆွဲသူများနဲ့ အသဲအားနည်းသူများမှာ အသဲနဲ့ ကျောက်ကပ် ရောဂါများ အဖြစ်များစေပါတယ်။

ခလေးငယ်များ ဗိုင်ရပ်ပိုးဝင်ရောဂါများဖြစ်တဲ့အခါ ဥပမာ သွေးလွန်တုတ်ကွေး ရောဂါများမှာ aspirin လို (Reye's syndrome)  ခေါ်အသဲနဲ့ ဥဏှောက်ထိခိုက် သေဆုံး ခြင်း မဖြစ်စေနိုင်ပါဘူး။ ဒီအချက်ကြောင့် သွေးလွန်တုတ်ကွေးအဖြစ်များတဲ့  မြန်မာပြည်မှာ ခလေးလူနာများကို ဖျားနာတဲ့ အခါ Paracetamol သာ ပေးလေ့ရှိပါတယ်။ ဒီအချက်ကြောင့် aspirin ထက် Paracetamol ကို ခလေးများသာမက လူကြီးများပါ အသောက်များလာတယ်ထင်ပါတယ်။

၂၀၁၁ အထိ Paracetamol ကိုကိုယ်ဝန်ဆောင်မိခင်များ   စားသုံးနိုင်တယ်လို့ ယူဆ ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မှာ လေ့လာချက်တစ်ခုက မွေးလာတဲ့ခလေးဟာ နောက်ပိုင်းမှာ မြုံနိုင်တယ် လို့ ဆိုပါတယ်။ Paracetamol ကို တစ်နှစ်အရွယ်ခလေးများ သောက် သုံးခဲ့ရင် အသက် ၆-၇ နှစ်မှာ ရင်ကျပ်နာရောဂါနဲ့ နှင်းခူရောဂါအဖြစ်များတတ်တယ်လို့ လည်း ဆိုပါ တယ်။ တစ်ခုတည်းသော စမ်းသပ်မှုဖြစ်လို့ ထပ်မံစမ်းသပ်ဖို့လိုအပ်မယ်လို့ယူဆကြပါတယ်။

Aspirin ဟာ သွေးဥမွှားတွေသွေးကြောတွေမှာကပ်ခြင်းကို ဆန့်ကျင်တာကြောင့် သွေးဥမွှားတွေ သွေးကြောတွေမှာကပ်ရာကဖြစ်လာတဲ့ နှလုံးရောဂါ၊ လေဖြတ် ရောဂါ များကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီရောဂါဖြစ်ခဲ့တဲ့လူနာတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ သူများကို ရောဂါ ကာကွယ်သည့်အနေဖြင့် Aspirin ကိုနေ့စဉ် အနည်းငယ် ကြာရှည် သောက်သုံးဖို့ ပေးလေ့ ရှိပါ တယ်။

Aspirin ဟာအချို့ ကင်ဆာရောဂါ အထူးသဖြင့် အူမကြီးကင်ဆာကို ကာကွယ် နိုင်ပါတယ်။

Aspirin ရဲ့ အရေးအကြီးဆုံး ဘေးထွက်ဆိုးကျိုးတွေက အစာအိမ်နဲ့ အူလမ်းကြောင်း အနာ ဖြစ်ခြင်းနဲ့ နားထဲတွင်အသံမြည်ခြင်း (tinnitus) တို့ဖြစ်ပါတယ်။ ဒီဆိုးကျိုးတွေက စားသုံးမှုများတဲ့ သူတွေမှာ အဖြစ်ပိုများပါတယ်။ Aspirin အမှုန့်များ၊ရေတွင်ပျော်လွယ်သော
Aspirin များကအစာအိမ်နဲ့ အူလမ်းကြောင်း အနာ ဖြစ်ခြင်းကို လျော့နည်းစေပါတယ်။

        Aspirin ဟာအနာ သက်သာစေ၊အကိုက်အခဲပျောက်စေတဲ့ဆေး ကောင်းတစ်လက် ဖြစ်ပေမဲ့ ကြွက်သားတက်လို့နာတာမျိုး၊ အရေပြားယားနာများကိုမသက်သာစေနိုင်ပါဘူး။ တစ်ချို့လူတွေမှာ Aspirin အသောက်များတဲ့အခါ ဆေးမတိုးခြင်း (aspirin resistance or insensitivity) ဖြစ်တတ် ပါတယ်။ အထူးသဖြင့် အမျိုးသမီးများမှာပိုဖြစ်တတ်ပါတယ်။
 
အားလုံးခြုံကြည့်မယ်ဆိုရင် ခလေးငယ်များနဲ့ မီးကောင်ပေါက်အရွယ်များအတွက် အထူး သဖြင့် ဖျားနာတဲ့အခါ Paracetamol သောက်သင့်ပြီး၊ လူကြီးများအတွက် Aspirin နှင့်မတဲ့ခြင်း (allergy to asprin)၊ Aspirin မတိုးတော့ခြင်း(aspirin resistance or insensitivity)နဲ့ အစာအိမ်ရောဂါ များ (gastritis, gastric ulcer) မရှိရင်တော့ Aspirin ကို အစာတစ်ခုခု (၀ါ) နို့ဖြင့်ရောသောက် ခြင်းနှင့် Aspergic ကဲ့သို့ ရေတွင်ပျော်ဝင်လွယ် သော Asprin မျိုးကို သောက် ခြင်းတို့က ပိုပြီး အန္တရာယ်ကင်းပါလိမ့်မယ်။

 ကျမ်းကိုး။
Wikipedia

 စာဖတ်ပရိတ်သတ်များ ဆေးပညာဗဟုသုတတိုးပွါးကြပါစေ။


Monday, December 10, 2012

ကျနော်ကဦးမောင်မောင်ရဲ့ညာဘက်နားပါ။

 
 
 
Pinna=နားရွက်
Eardrum=နားအမှေး
Ear canal=နားမြောင်း
Middle ear=အလယ်နား။
Inner ear=အတွင်းနား။
Eustachain Tube= လည်ချောင်းနှင့်ဆက်သောမြောင်း။
 
 
 
                                                          hazelnut

ဦးမောင်မောင်က သူမကြာခင်က၀ယ်လာတဲ့ ကွန်ပြူတာကိုသိပ်အထင်ကြီးတယ်။ ကွန်ပြူတာက အထူးအဆန်းတွေလုပ်နိုင်တယ်တဲ့။ ကျနော့်အတွက်တော့ ကွန်ပြူတာဆိုတာ ကွန်ဂရိဖျော်တဲ့ စက်လောက် ပဲရှိပါတယ်။ ကျနော် မနာလို လို့ ပြောမိတာဖြစ်ပါတယ်။ ကျနော်က အသေးစား အောင်မြင်မှုတွေရဲ့ သရဖူ ပါ။ ဦးမောင်မောင်ရဲ့ကိုယ်ထဲမှာကျနော့်လို နေရာကျဉ်းကျဉ်း ထဲမှာသွတ်ထည့် ထားတဲ့ အင်္ဂါမျိုး မရှိပါဘူး။

         ကျနော့်ဆီမှာ မြို့ကြီးတစ်ခုရဲ့ တယ်လီဖုန်းတွေအတွက် လျှပ်စစ် ပတ်လမ်း (electrical circuits) တွေရှိပါတယ်။ ကျနော်က ဦးမောင်မောင် လိမ့်မကျအောင်ထိန်းပေးတဲ့ အလိုအလျောက်ထိန်းပေးနိုင်တဲ့ ပိုင့်လော့ (automatic pilot ) လည်းဖြစ်ပါတယ်။ ကျနော်ကတော့ ဦးမောင်မောင်ရဲ့ညာဘက်နားပါ။ ကျနော်က လုပ်ငန်းအားလုံးကို ဟေဇယ်သီး (hazelnut) အရွယ်လောက်နေရာကနေလုပ် ဆောင် ပါတယ်။ ဦးမောင်မောင်က သူ့မျက်လုံးတွေက အာရုံခံစားမှု အတွက်အရေးအကြီးဆုံးလို့ထင်တယ်။ တကယ်က ကျနော်နဲ့ ကျနော့်ရဲ့အဖေါ် လက်ဝဲနားသာ မရှိရင် သူတိတ်ဆိတ်မှုကမ္ဘာထဲရောက်နေမှာ။ ခံစားမှုအနေနဲ့လည်း မျက်မမြင်ထက်ပိုပြီး ခံစားရမှာ ဖြစ်ပါတယ်။
 
         ဦးမောင်မောင်က ကျနော်ဟာ သူ့ခေါင်းဘေးက အသားဖတ်လေးလို့သာသိပါတယ်။ အဲ့ဒီအပြင် ဘက်မှာရှိတဲ့နားရွက်က အသံတွေကိုစုပေးရုံသာလုပ်ပေးတဲ့ အသံကတော့ တစ်ခုသာ ဖြစ်ပါတယ် ။နားရွက်ကနေ အတွင်းဘက်ကိုစောင်းနေတဲ့ ၃ စင်တီမိတာရှည်တဲ့မြောင်းလေးကနေ နားအမှေးပါး ဆီကို ရောက်ပါတယ်။ ဒီမြောင်းက ကျနော်ရဲ့အတွင်းနားကို ကာကွယ်ပေးပါတယ်။ အပြင်က၀င်လာတဲ့ လေကို လည်းနွေးထွေးစေပါတယ်။ ဒီမြောင်းလေး ထဲမှာ အမွေးအမျှင်တွေနဲ့ ဖရောင်းထုတ်တဲ့ အကျိတ်အိပ် လေးထောင် ရှိပါတယ်။ သူတို့က ရင်ကောင်တွေကို ဖမ်းတဲ့ ကော်စက္ကူတွေလို လေထဲမှာပါလာတဲ့ ဖုံတွေနဲ့ ရောဂါပိုးတွေကို ဖယ်ရှား ပေးပါတယ်။ အထူးသဖြင့် ရေကူးတဲ့အခါ နားထဲဝင်လာတဲ့ ပိုးတွေကို ဖယ်ရှား ပေးပါတယ်။ သူ့အနေနဲ့ အမြင်မတင့်တယ်တဲ့ နားဖါကြေးတွေကိုဖယ်နိုင်ပါတယ် ဒါပေမဲ့ ကျနော့်ရဲ့ အမှေးပါးကို မထိခိုက်အောင်တော့သတိထားရပါမယ်။

         ကိုယ်ခန္ဓရဲ့ အပြင်လောကနဲ့ အထိအတွေ့ဆုံးအင်္ဂါဖြစ်တဲ့အားလျော်စွာ ကျနော်တို့မှာ ရောဂါ တွေ အများကြီးဖြစ်နိုင်ပါတယ်။ တစ်ချို့ရောဂါပိုး အထူးသဖြင့် စစ်ဖလစ် (syphilis) နဲ့ တီဘီပိုး
(Tuberculosis) တွေကကျနော်ရဲ့အရိုးနုတွေကိုဖျက်ဆီးပြီးကျနော့်ရဲ့ ပုံသဏ္ဍန်ကိုဖျက်ဆီးနိုင်ပါတယ်။ မှိုလို အသားပိုတွေလည်းကျနော်ဆီမှာထွက်လာနိုင်ပါတယ်။ သူတို့တွေက ပဲ အရွက်ကနေ သပျက်သီး အရွယ် ထိကြီးနိုင်ပြီး လေ၀င်လေထွက်ကိုပိတ်ဆို့ခြင်းအားဖြင့် ရောဂါမျိုးစုံဖြစ် စေနိုင်ပါ တယ်။ ဆေးလိပ်ခိုး၊လေထုညစ်ညမ်းမှု၊ ရောဂါများဖြစ်စေသည့် (Allergens) များကြောင့်လည်း ကျနော်ရဲ့ အမှေးအမျှင်တွေ ရောင်ပြီ်း၊အရည်များထွက်လာကာ ထိုအရည်များလည်ချောင်းထဲသို့စီးဆင်းနိုင်ပါတယ်။ နောက်ဆက်တွဲ နှခေါင်းပိတ်ခြင်း၊ နှာစေးခြင်း စတဲ အအေးမိရောဂါလက္ခဏာ တွေဖြစ် နိုင်ပါတယ်။

         ဦးမောင်မောင် ဆယ်နှစ်သားလောက်က အဲ့ဒီလိုဖြစ်ခဲ့ပါတယ်။ ပိတ်နေတဲ့ နှခေါင်းကို အတင်း မှုတ်ထုတ်ဖို့သူကြိုးစားခဲ့တာကြောင့် ကျနော့်ရဲ့ ဆိုင်းနပ် (sinuses) လို့ခေါ်တဲ့ ခေါင်းရိုးထဲကအင်္ဂါတွေနဲ့ အလယ်နား (middle ear) တွေရောင်ခဲ့ပါတယ်။

         ဦးမောင်မောင် အခု ၄၇ နှစ်ရှိပါပြီ။ ကျနော့်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေလည်း အားနည်း စ ပြု လာပါပြီ။

 
J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။