:include data='blog' name='google-analytics'/>

Sunday, September 9, 2018

ဦးမောင်မောင်ရဲ့သွေးစီးကြောင်း (Blood stream)/


ကျနော့်အကြောင်းပြောမယ်ဆိုရင်တော့ ကြီးကြီးကျယ်ကျယ်ပြောရပါမယ်။ ကျနော်က ဆက်သွယ်ရေး စစ်စတမ် (communication system) ပါ။ ကျနော်က ကီလိုမီတာ တစ်သိန်းကျော် (၁၁၂၀၀၀) ရှည်ပါ တယ်။ ကမ္ဘာ့လေကြောင်းလမ်းထက်ပိုပါတယ်။
        ကျနော်က ပစ္စည်းပို့တဲ့ ချာတိတ်ဖြစ်တဲ့အပြင် အမှိုက်သိမ်းတဲ့ အလုပ်လည်း လုပ်ပါ တယ်။ ကျနော့် မှာ ဖောက်သည် ကုဋေ ၆သိန်း ရှိပါတယ်။ ကမ္ဘာ့လူဦးရေထက် အဆပေါင်း သောင်းခုနှစ်ထောင် (၁၇၀၀၀) ပိုများပါတယ်။ ကျနော့် ဖောက်သည်တွေက ဦးမောင်မောင်ရဲ့ ဆဲလ်တွေပါ။ ကျနော်က သူတို့ရဲ့ အညစ်အကြေးတွေကိုသိမ်းပေးပြီး သူတို့ အသက်ရှင်သန်ဖို့ လိုအပ်တဲ့ အစားအစာတွေ ဝေငှ ပေးပါတယ်။ ကျနော်က ဦးမောင်မောင်ရဲ့ သွေးကြောတွေ ထဲ မှာစီးဆင်းနေတဲ့ သွေးစီးကြောင်း (bloodstream) ပါ။
ဦးမောင်မောင်က ကျနော့်ကို ခြောက်ကပ်ကပ် နှေးကွေးလေးကန်စွာ စီးနေတယ် လို့ ထင်တယ်။ ကျနော့်ထဲမှာ တစ်ချိန်လုံး ထိန်းမနိုင်သိမ်းမရအောင် သဲသဲမဲမဲ လှုပ်ရှားမှုတွေဖြစ် နေတယ်ဆိုတာ သူ ဘယ်လိုမှ ထင်မိမှာမဟုတ်ဘူး။ သူ မျက်တောင်တစ်ချက် ခတ်လိုက်တဲ့ တစ်စက္ကန့်အချိန်လောက် အတွင်းမှာကျနော့်ရဲ့ တစ်မီလီယံခွဲ ရှိတဲ့ သွေးဥနီတွေ ဟာသူတို့ရဲ့ ရက်ပေါင်း ၁၂၀ သက်တမ်း ရောက်ပြီးမို့ သေဆုံးနေကြတယ်။ အဲ့ဒီအချိန်အတွင်းမှာပဲ သူ့ရဲ့ ရိုးတွင်းချဉ်ဆီတွေ အထူးသဖြင့် နံရိုး၊ ကြောရိုး၊ ခေါင်းရိုးမှာရှိတဲ့ ရိုးတွင်းချဉ်ဆီတွေက သေ သွားတဲ့သွေးဥနီတွေကို အစားထိုးဖို့ တူညီတဲ့ တစ်မီလီယံခွဲရှိတဲ့ သွေးဥနီတွေကို ထုတ်လုပ် နေတယ်။ ဦးမောင်မောင်ရဲ့ ဘ၀တစ်သက်တာမှာ တစ်တန် အလေးချိန်ရှိတဲ့ သွေးနီဥတွေ ထုတ်တယ်။ သွေးဥနီတွေဟာ သူတို့ရဲ့ တိုတောင်းတဲ့ သက်တမ်းအတွင်းမှာ နှလုံးကို အခေါက် ပေါင်း ခုနှစ်သောင်းငါးထောင် (၇၅၀၀၀) ဖြတ်ပြီးသွားကြတယ်။
ကျနော်ဘယ်လို ဦးမောင်မောင်ရဲ့ကိုယ်ခန္ဓာထဲမှာလျှောက်သွားနေသလဲ။ သူ့ရဲ့နှလုံးက ကျနော့်ရဲ့ အဓိက (pump) မှုတ်စက်ဖြစ်ပါတယ်။ ဒါပေမဲ့နှလုံးဟာသိပ်အားကောင်းတဲ့မှုတ်စက် မဟုတ်ပါဘူး။ ဒါကြောင့် နှလုံးက သွေးတွေကို သွေးကြောကြီးတွေအထိပဲ ရောက်စေပါတယ်။ သွေးကြောကြီးတွေရဲ့လှုပ်ရှားမှုကြောင့်သာ ကျနော် ကိုယ်ခန္ဓာရဲ့အစွန်အဖျားပိုင်းဖြစ်တဲ့ခြေတွေ  လက်တွေ အထိရောက် နိုင်တာပါ။ သွေးကြောကြီးတွေက နှလုံးခုန်တဲ့အချိန်မှာ ရောက်လာတဲ့ သွေးတွေကြောင့်ဖေါင်းလာပြီး၊ နှလုံးမခုန်တဲ့အချိန်မှာတော့ သွေးကြောကြီးတွေ ကြုံ့ခြင်းဖြင့် သွေးတွေ ဆက်လက်စီးဆင်းစေပါတယ်။ ကျနော်ရဲ့ သွေးပြန်ကြောတွေဆီရောက်တဲ့အခါမှာ တော့ နှလုံးကမှုတ်ထုတ်လိုက်တဲ့အား (force) လုံးဝ မရှိတော့ပါဘူး။ ဒီအတိုင်းဆို သွေးတွေ နှလုံးကို မပြန်နိုင်ပါဘူး။ ခြေဖျား လက်ဖျားက သွေးတွေအားလုံးနှလုံးကိုပြန်ရောက်အောင် ကျနော့် အပြင်မှာရှိ တဲ့ကြွက်သားတွေကလုပ်ပေးပါတယ်။
ဦးမောင်မောင်ခြေထောက်လှုပ်တာနဲ့ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောထဲက သွေး တွေကို နှလုံးဘက်ကိုပို့ပေးတယ်။ သွေးတွေနောက်ပြန်မကျအောင် သွေးပြန်ကြော ထဲမှာရှိတဲ့ ဆင်နားရွက်လို အဖတ်ကလေးတွေ (valve) ကကာကွယ်ပေးတယ်။ ဒါကြောင့် လမ်းလျှောက် ခြင်းဟာ သွေးအသွားအလာ ကောင်းအောင်လုပ်တဲ့ အကောင်းဆုံးသောလေ့ကျင့်ခန်း ဖြစ်ပါ တယ်။ valve တွေ မလုံ ရင်တော့ သွေးပြန်ကြောတွေ သွေးတွေနဲ့ဖေါင်းလာပြီး သွေးတွေ သွေးပြန်ကြောထဲမှာ ခဲသွားနိုင်ပါတယ်။ အဲ့ဒါ ကို (varicose vein) လို့ခေါ်တယ်။ အမြဲဒုက္ခ ပေးတဲ့ ရောဂါတစ်မျိုးပါပဲ။
ကျနော့်ထဲမှာစီးဆင်းနေတဲ့အရည်ထဲမှာ သွေးဥနီတွေအများဆုံးပါတယ်။ သွေးဥဖြူ၊ သွေးဥမွှားတွေနဲ့ အရည်ထဲမှာပျော်ဝင်နေတဲ့ အဆီ၊သကြား၊ဆား၊အင်ဇိုင်းတွေလည်းပါတယ်။ သွေးပေါင်ချိန်မှန်နေဖို့အတွက်ကျနော်ရဲ့သွေးရည်ဟာ အပြစ်အကြဲ အနေတော် ရှိနေဖို့ လို တယ်။ အန္တရာယ်ကင်းအောင်လို့ ကျနော် ဦးမောင်မောင် သောက်သမျှရေတွေကို စုပ်ယူတယ်။ ပိုတဲ့ရေကိုသာ ဆီးအနေနဲ့၊ ချွေးအနေနဲ့ရော၊ ရှုထုတ်တဲ့လေထဲကနေပါ ထုတ်ပြစ်တယ်။ ရေငတ်တဲ့ အခါမျိုးမှာ ကျနော် ရေတွေကို တစ်စက်မကျန် အကုန်သိမ်းထားတဲ့အပြင် အကူ အညီ ပေးဖို့လဲ အော်တယ်။ ဒါကြောင့် အပြင်းအထန် ဒါဏ်ရာရတဲ့သူတွေ ရေပေးဖို့ အမြဲ တောင်းဆိုကြတာပေါ့။
လူတိုင်းနီးပါး ကျနော့်ရဲ့ အခြေခံ သွေးအမျိုးအစားတွေဖြစ်တဲ့ A,B, AB, O တွေကို သိကြပါတယ်။ ဒါပေမဲ့ကျနော့်မှာ အခြားသွေးအမျိုးအစားတွေဖြစ်တဲ့ M, N, P, Rh စတာတွေ လည်းရှိပါတယ်။ နောက်ထပ်သွေးအမျိုးအစားတွေလည်း အချိန်နဲ့အမျှ ထပ်တွေ့နေတာမို့ တစ်နေ့မှာ ဦးမောင်မောင်ရဲ့  သွေးအမျိုးအစားအပြည့်အစုံဟာ သူ့ရဲ့လက်ဗွေရာလိုပဲ သူ့ရဲ့ ထူးခြားတဲ့ အခြားသူများနဲ့လုံးဝ မဆိုင်တဲ့ အချက်ဖြစ်လာပါလိမ့်မယ်။
အောက်ဆီဂျင်နဲ့အစာတွေကိုဆဲလ်တွေဆီ ဝေပေးဖို့အတွက်ကျနော် မြို့ရေပေးတဲ့ စနစ် မျိုးကို အသုံးပြုပါတယ်။ နှလုံးကသွေးတွေကို တစ်ဖြေးဖြေးသေးသွားတဲ့ သွေးလွှတ်ကြောတွေ ထဲကိုတွန်းထုတ်လိုက်တယ်။ နောက်ဆုံး ပင့်ကူအိမ်လိုသေးမျှင်တဲ့ သွေးကြောမျှင်တွေဆီ ရောက်သွားတယ်။ အဲ့ဒီသွေးကြောမျှင်တွေဟာအလွန်သေးငယ်တာကြောင့် အဲ့ဒီနေရာရောက် ရင် သွေးဥနီတွေ တစ်လုံးချင်းတန်းဆီသွားပြီး၊ ပစ္စည်းတွေ တင်၊ ချတဲ့ အလုပ် လုပ်ကြတယ်။ ဆဲလ်တွေလိုတဲ့ အစာတွေချပေးပြီး သူတို့မလိုတဲ့ အမှိုက်တွေကို တင်ကြတယ်။ ဆဲလ်တွေရဲ့ လိုအပ်တဲ့ပစ္စည်းစာရင်း (shopping list) ကတစ်ခုနဲ့တစ် မတူကြဘူး။ ဆဲလ်တိုင်း အောက် ဆီဂျင်လိုပေမဲ့ တစ်ချို့ဆဲလ်တွေက ကိုဘော့ (Cobalt ) နည်းနည်းသာလိုပြီး တစ်ချို့ကျတော့ သတ္ထုဓါတ်တွေ၊ ဗီတာမင်၊ သကြား၊ဟော်မုန်း၊အဆီ၊အမိုင်နိုအက်စစ်တွေအများကြီးလိုတယ်။ တစ်ချို့ကျတော့လည်း ရေ လောက်ပဲလိုတယ်။
ဦးမောင်မောင် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တဲ့အခါ သူ့ဆဲလ်တွေ အကုန်လုံး အစာ အများကြီး လိုတယ်။ အဲ့ဒီအချိန် သူ့အရေပြားနီလာတာဟာ သူ့ရဲ့သွေးကြောမျှင်တွေ အစွမ်း ကုန် အလုပ်လုပ်နေလို့ ဖြစ်တယ်။ သူအိပ်တဲ့အခါ သူ့ဆဲလ်တွေရဲ့ လိုအပ်ချက်တွေ အနိမ့်ဆုံး ကိုရောက်သွားတယ်။ သွေးကြောမျှင်တွေရဲ့ ၉၀% လည်းပိတ်သွားတယ်။
ဦးမောင်မောင်က သူ့အဆုတ်နဲ့အသက်ရှုတယ်၊ သူ့ပါးစပ်နဲ့အစာစားတယ်၊ သူ့အူလမ်း ကြောင်းကအစာတွေစုပ်တယ်လို့ထင်တယ်။ တကယ်ကအဲ့ဒီအလုပ်တွေအားလုံး သူ့သွေးကြော မျှင်တွေကလုပ်တာ။ ဒါကြောင့်သူ့မိသားစုဆရာဝန်က မျက်စိအတွင်းကြည့်ကရိယာ ( ophthalmoscope) နဲ့သူ့မျက်စိအတွင်းပိုင်းမှာရှိတဲ့သွေးကြောမျှင်တွေကိုကြည့်တာ။ အဲ့ဒီ တစ် နေရာပဲကိုယ်ခန္ဓာရဲ့ သွေးကြောမျှင်တွေကိုမြင်နိုင်တယ်။ သွေးကြောမျှင်တွေပိတ်နေ၊ ဖေါင်း နေရင် သူဒုက္ခရောက်နေပြီ။ သူ ဒုက္ခမရောက်အောင်ကျနော်အမြဲ သတိပေးနေတယ်။
ကျနော့်သွေးတွေ သေနတ်ဒါဏ်ရာကြောင့်ပဲဖြစ်ဖြစ်၊ ဓါးဒါဏ်ရာကြောင့်ပဲဖြစ်ဖြစ် ထွက် ကုန်ရင် ချက်ချင်း သွေးဥမွှားတွေကို ဒါဏ်ရာဆီပို့လိုက်တယ်။ သွေးဥမွှားတွေက သွေးပေါက်ကို ခေတ္တပိတ် လိုက် တယ်။ နောက် ကျနော့်ရဲ့ ခုခံကာကွယ်ရေးတပ်တွေကိုအသုံးချတယ်။ ဖင်ဘရင် (Fibrin) ခေါ်တဲ့ပစ္စည်းနဲ့ ဒါဏ်ရာကို အပြီးပိတ်ပြစ်တယ်။ ကျနော့်ဆီမှာ Fibrin ရှိတယ်။ ဒါပေမဲ့သူ ကောင်းကောင်းအလုပ်မလုပ်ပဲ သွေးကြောမှန်သမျှမှာလိုက်ပိတ်ရင်တော့ တကဲ့ အန္တရာယ်ပဲ။ ဦးမောင်မောင် ချက်ချင်းသေနိုင်တယ်။
          ကျနော့် ပိုက်လိုင်းထဲမှာ အပေါက်ဖြစ်သွားရင် ပိုးမွှားတွေဝင်လာပြီး နောက်ထပ် အန္တရာယ် တစ်မျိုး ထပ်ဖြစ်နိုင် တယ်။ ဒါပေမဲ့ ကျနော့်မှာ အဲ့ဒီပိုးတွေကို သတ်နိုင်တဲ့လက်နက်တွေ ဖြစ်တဲ့ အန်တီဘော်ဒီ (antibodies) တွေရှိပါတယ်။ ကျနော့်မှာ အန်တီဘော်ဒီတွေ တစ်သန်းရှိတဲ့ စစ်တပ်ရှိတယ်။ သူတို့ထဲမှာ ရာဇ၀တ်မှုကိုလိုက်ပြီး အထူးကျွမ်းကျင်တဲ့ စစ်ဗိုလ်တွေလို လုပ်ဆောင်နိုင်တဲ့ အန်တီဘော်ဒီ တွေလည်း ရှိတယ်။ အန်တီဘော်ဒီတွေရဲ့ ထူးခြားချက်က သူတို့ရဲ့မှတ်ဉာဏ်ပဲ။ ဦးမောင်မောင် ငယ်ငယ်က (၄၁ နှစ်လောက်) က ပါးချိတ် ရောင် ဖူးတာ သူမမှတ်မိပေမဲ့ အန်တီဘော်ဒီတွေကတော့ ကောင်းကောင်း မှတ်မိတယ်။ တကယ်လို့ ပါးချိတ်ရောင်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်ပိုးတွေ (virus) ၀င်လာရင် အန်တီဘော်ဒီ တွေက (terrier) ခွေးမျိုးတွေ ကြွက်နောက်လိုက်သလိုပဲ ပါးချိတ်ရောင်ဗိုင်းရပ်ပိုးနောက်လိုက်တိုက်တာပဲ။ ဦးမောင်မောင်အနေနဲ့ ဒီတိုက်ပွဲကိုသိမှာမဟုတ်ဘူး။ တိုက်ပွဲပြီးသွားတဲ့အခါ ဗိုင်းရပ်ပိုးရော၊ အန်တီဘော်ဒီ ကိုရော သွေးဥဖြူတွေကစားပြစ်လိုက်တယ်။ ကျနော်က သန့်သန့်ပြန့်ပြန့်နေ တတ်တဲ့သူပါ။ ကျနော့်ဆီမှာ ညစ်ပတ်တာတွေ၊ရှုပ်ပွေတာတွေကို မကြိုက်ဘူးလေ။
          ကျနော့်သွေးကြောတွေကလည်း ထုံဓါတ်တွေကြောင့် မြေပိုက်တွေလိုမာလာနိုင်တယ်။ အဆီတွေ လည်း သွေးကြောတွေထဲမှာစုပုံပြီ သွေးပိုက်လိုင်းကို ကျဉ်းစေ၊ပိတ်စေနိုင်တယ်။ သွေးလွှတ်ကြောတွေ ပိတ်ရင်တော့ ခြေချောင်းတွေပုပ်တာကစပြီး၊ ဥဏှောက်သွေးကြောပြတ် လို့ ကိုယ်လက်သေသွားတာ၊ နှလုံးသွေးကြောပြတ်ပြီး သေဆုံးသည်အထိဖြစ်နိုင်တယ်။
          ကျနော့်ရဲ့သကြားဓါတ်တွေ များလာရင်လည်း ဦးမောင်မောင်ဆီးချိုရောဂါဖြစ်နိုင်တယ်။ သကြား ဓါတ်နည်းသွားပြန်တော့လည်း ဦးမောင်မောင်ရင်တုန်တာ၊ ချွေးပြန်တာ၊ခေါင်းမူးတာ၊ အသားအရေ ဖြူဖတ်ဖြူရော ဖြစ်လာနိုင်ပါတယ်။
ကျနော့်ရဲ့သွေးဥနီတွေနည်းသွားရင် သွေးအားနည်းရောဂါဖြစ်တယ်။ ကျနော်ရဲ့ သွေးဥဖြူတွေဟာ agranulocytosis ခေါ်တဲ့ရောဂါမှာ ရုတ်တရက်ကြီးနည်းသွားနိုင်တယ်။  သွေးဥဖြူတွေဟာ သွေးကင်ဆာ မှာ အလွန်များလာနိုင်သေးတယ်။ သွေးခဲတဲ့ စနစ်တွေ ဖေါက်ပြန်ရင်လည်း hemophilia ခေါ်တဲ့ သွေးထွက်တဲ့ရောဂါဖြစ်တယ်။
ဦးမောင်မောင်အနေနဲ့ ကျနော်သက်သာအောင်ဘာလုပ်ပေးနိုင်ပါသလဲ။ အများကြီး လုပ်နိုင်ပါ တယ်။ သူ့အနေနဲ့ သွေးပေါင်ချိန်မှန်မှန်တိုင်းရမယ်။ သွေးပေါင်ချိန်တက်နေရင် ကျနော်ပြဿနာတက်ပြီ။ ဆေးသောက်ပြီး ဒီပြဿနာကိုရှင်းနိုင်ပါတယ်။ သွေးပေါင်ချိန်ကို အန္တရာယ်ကင်းမဲ့ လဲဗဲ (level) အထိ ရောက်အောင် သူလုပ်ထားနိုင်ပါတယ်။
လေ့ကျင့်ခန်းကတော့ သွေးတွေ မှန်မှန်လှည့်ပတ်ဖို့လိုအပ်တယ်။ အစားအသောက် ဆင်ခြင်ဖို့ လည်း အရေးကြီးတယ်။ အဆီတွေအစားများရင် အသက်တိုနိုင်တယ်။ အတိုချုပ် ပြောရရင် ကျနော့် ကို အခြားအင်္ဂါတွေ ထက်ပိုပြီးဂရုစိုက်သင့်တယ်။ ဒါပေမဲ့သူ ဂရုစိုက်ရကျိုး နပ်မှာပါ။

I am Joe`s body ကိုဆီလျော်အောင်ဘာသာပြန်ပါသည်။

Thursday, September 6, 2018

စွန့်လွှတ်အနစ်နာခံခြင်း (Sacrificed )

ဆေးကျောင်းသူဘ၀ Zoology မှာ ဖားတွေရဲ့ သွေးလှည့်ပတ်မှု့နဲ့အခြားသောကိုယ်တွင်းအင်္ဂါ တွေကိုလက်တွေ့လေ့လာရတဲ့အပြင် စားမေးပွဲမှာလဲလက်တွေ့ဖြေရတာမို့စာမေးပွဲဖြေနိုင်အောင်ကိုယ့်ဖာသာအိမ်ရှေ့ကခြံထဲမျက်စေ့လည်ရောက်လာတဲ့ ဖားပြုပ် တစ်ကောင်နှစ်ကောင်လောက်ဖမ်းပြီး လက်တွေ့ခွဲစိပ်လေ့ကျင့်ခဲ့ရတယ်။ ဆရာဝန်ဖြစ်တဲ့အခါလူနာတွေအသက်ကယ်နိုင်ဖို့အတွက် အနစ်နာခံ (Sacrificed) လိုက် ရတာမို့လို့ ဆေးကျောင်းသားကို လူသားအများစုကလက်ခံကြပါလိမ့်မယ်။ လူ့အခွင့်အရေးလို့တကြောကြောအော်တဲ့လူတွေတောင်ဆရာဝန်တွေမတရားဘူးလို့အော်တာမကြားမိပါဘူး။ဆရာဝန်ဖြစ်ဖို့ criteria တစ်ခုလို့ပဲမြင်ကြမှာပါ။ ဒါပေမဲ့  အနစ်နာခံလိုက်ရတဲ့ ဖားတွေကတော့သဘောတူမှာမဟုတ်ပါဘူး။ ဆရာဝန်တွေ လူတွေအသက်သာကယ်တာ ကျနော်တို့ဖားတွေအသက် ဘယ်သူကယ်လို့လဲလို့ပြောကြမှာပါ။

မြတ်စွာဘုရားဖြစ်ဖို့အတွက်ဘယ်သူမှမလုပ်နိုင်တဲ့စွန့်ခြင်းကြီးငါးပါးကိုစွန့်လွှတ်ရပါတယ်။ တနည်းအားဖြင့် ဘုရားဖြစ်ဖို့လိုအပ်တဲ့ criteria တွေလို့ပြောရပါမယ်။ အဲ့ဒီစွန့်ခြင်းကြီး ငါးပါးမှာပါတာက သားသမီးတွေစွန့်ခြင်း နဲ့ ဇနီးကိုစွန့်ခြင်းပါ။ ဗုဒ္ဓဘာသာကိုမယုံကြည်တဲ့သူတွေကအဲ့ဒါကိုပြဿနာလုပ်ပါတယ်။ သူဘုရားဖြစ်ချင်တာနဲ့သူတစ်ပါးတွေဖြစ်တဲ့ ခလေးတွေနဲ့ဇနီးကိုဘာလို့စွန့်ရတာလဲတဲ့။ တစ်ကိုယ်ကောင်းဆံတယ်တဲ့။ မြတ်စွာဘုရားဟာသူ့အတွက်ဘုရားဖြစ်အောင်လုပ်တာမဟုတ်ပါဘူး။ လူအပါအ၀င်သတ္တ၀ါတွေကိုကယ်တင်နိုင်ဖို့ ဘုရားဖြစ်အောင်ကျင့်ရတာပါ။ နားလည်လွယ်အောင်သာ ဆရာဝန်ဥပမာပေးရတာပါ။ တကယ်ကတော့ ဆရာဝန်ဆိုတာ ဒီဘ၀မှာခံစားနေရတဲ့ ရောဂါတစ်ချို့ကိုသာသက်သာအောင်လုပ်ပေးနိုင်တာပါ။ မသေအောင်မလုပ်နိုင်ပါဘူး။ မြတ်စွာဘုရားကတော့ဘယ်တော့မှ မသေအောင်ကုသပေးနိုင်တာပါ။
ဆရာဝန်တွေ Sacrificed လုပ်ခံလိုက်ရတဲ့ဖားတွေ ဆရာဝန်ရဲ့ အကျိုးကိုမခံစားရပေမဲ။ ဘုရားဖြစ်အောင်ပါရမီဖြည့်ပေးတဲ့သား၊သမီးနဲ့ဇနီးကတော့လုံးဝမသေတဲ့အကျိုးကိုခံစားကြရလို့ပရိနိဗာန်တောင်စံဝင်သွားကြပါပြီ။ဝေဿန္တဘ၀တွင်ဇူဇကာပုဏားအား အလှူအဖြစ်အပေးခံလိုက်ရတဲ့သားတော်ဇာလီဟာ မြတ်စွာဘုရားရဲ့သားတော်ရာဟုလာအဖြစ်နဲ့ဝိနည်းဧဂဒဂ်နဲ့ပရိနိဗာန်စံခဲ့ပါတယ်။သမီးတော်ကဏှာဇိန်ကတော့တန်ခိုးအရာမှာဧတဒဂ်ရတဲ့ လက်ဝဲရံအဂ်ဂသာဝိကာဥပ္ပလ၀ဏ် ထေရီအဖြစ်နဲ့ပရိနိဗာန်စံခဲ့ပြီး။မဒ္ဒီဒေ၀ီ ကတော့ ယသော်ဓရာမိဖုရားဘ၀မှဥဏ်ပညာကြီးတဲ့အရာမှာဧဂဒဂ်ရြ့ပီး ပရိနိဗာန်စံခဲ့ပါပြီး။ ဒီလိုဘ၀တွေကို သာမန်လူတွေရခဲ့တာမဟုတ်ပါဘူး။ ဘ၀ပေါင်းများစွာပါရမီတွေဖြည့်ခဲ့ပြီးမှရခဲ့တဲ့ အလွန်ရခဲတဲ့ ကုသိုလ်တွေရဲ့အကျိုးတွေပါ။ အဲ့ဒီပါရမီရှင်များက၄င်းတို့ရဲ့ဘ၀တွေကိုပြန်ပြောင်းပြောကြရာမှာ။ဝေဿန္တဘ၀တွင်အလှုပစ္စည်းအဖြစ် ခံခဲ့ရတာ ၀မ်းမြောက်မိကြောင်းပြောဆိုခဲ့ကြပါတယ်။ ရာဟုလာအရှင်မြတ်ဆိုရင် သူဇာလီဘ၀က အလှူခံလိုက်ရတာကိုဝမ်းမြောက်မိကြောင်းသစ္စာခဲ့တဲ့အတွက် အဖိုးဖြစ်သူ သုဒေသနမင်းကြီး သကဒါဂါမ်ကနေ အနာဂါမ်အဖြစ်ကိုရောက်စေခဲ့ပါတယ်။


Saturday, September 1, 2018

ထန်းတက်လက်မှတ်ရခြင်း

Nephron microdissection ကံကောင်းစွာအောင်မြင်သွားပြီး မြွေဟောက်အဆိပ်နဲ့ပတ်သက်တဲ့သုတေသနတွေဆက်လက်ပြုလုပ်နေစဉ် DG ကခေါ်ပြောပါတယ်။ မင်းကို America CDC ကို ၆လ ပို့လိုက်ရင်ပျံသွားမယ်တဲ့။ ဒါပေမဲ့ CDC ကမင်းတစ်ယောက်ဘဲ training ပေးမယ်။ JICA ကတော့ DMR တစ်ခုလုံး  training ပေးမယ်ဆိုတော့ မင်းဂျပန်သွားလိုက် ။ ဂျပန်  training ကတစ်နှစ်ဆိုဘာမှ တတ်မလားဘူး။ ဒီတော့မင်း ၂ နှစ်သွားတဲ့။ ဘာ  training လဲဆိုတော့ electron microscopy နဲ့ မန္တေလေးမှာ epidemic ဖြစ်ခဲ့တဲ့ fecal orally transmitted nonA-nonB hepatitis (now known as Hepatitis E) ကို လေ့လာ (research) ရမှာတဲ့။

Nephron microdissection တုံးက ပင်အပ်အရှည် ၂ ချောင်းနဲ့အနုကြည့်မှန်ဘီးလူး (light microscope low magnification) ၅ဆ ၁၀ဆချဲ့ကြည့်ခဲ့တာ။ light microscope ကအများဆုံး အဆ တစ်ထောင်ဘဲချဲ့နိုင်တယ်။ electron microscope က အဆ တစ်သိန်းကနေ ယခုခေတ် computerized electron microscope တွေက 50 millions သိန်း၅၀ အထိချဲ့နိုင်တယ်။ အဲ့ဒီလိုချဲ့နိုင်ဖို့အတွက် အများကြီးပြင်စဉ်ရတယ်။ အသားစတွေမပုတ်အောင်ဆေးရည်ဆိမ်တာကအစ အလွန်လက်ဝင်တယ်။ အသားစတွေ လူတွေ တိရိစ္ထာန်တွေကိုယ်ထဲကထုပ်ပြီးပြီးချင်းဆေးရည်ထဲရောက်ဖို့လိုတယ်။ အသားစတွေ ပျက်ဆီးမှု့နှေးအောင် 4C (ရေခဲ) မှာထားရတယ်။

electron microscope မှာ electron beam ကို light source အဖြစ်သုံးလို့ electron microscope လို့ခေါ်တာ။ electron microscope ၂ မျိုးရှိတယ်။ transmission နဲ့scanning အတိုကောက်အနေနဲ့ TEM and SEM လို့ခေါ်တယ်။ TEM ကအသားစကိုဖေါက်သွားလို့ ဆဲတွေထဲက အင်္ဂါ (intra cellular organelles) တွေကိုကြည့်ရတဲ့ ရောဂါရှာဖွေရေးမှာအသုံးဝင်တယ်။ SEM ကတော့ ဆဲတွေရဲ့အပြင်မျက်နှာကြည့်တာမို့ virus ပိုးလိုမျိုး အသစ်ရောဂါပိုးရဲ့ပုံပန်းသဏ္ဍန်းကြည့်ဖို့အတွက်အသုံးဝင်တယ်။ ( အငယ်ဆုံး ပိုး (smallest bateria = 400 nm), virus = 20- 400 nm,  subcellular organelles like ribosome = 25nm, mitochrondria = 30 nm, DNA = 4 nm, amino acid = 0.8 nm. hydrogen atom = 0.1 nm)

 Electron beam ကို electron gun ခေါ်တဲ့ tungsten filament cathode ကနေထွက်စေတယ်။ anode မှာ (40 - 400 keV ) ထားပြီး electron beam ကို electrostatic and electromagnetic lenses တွေနဲ့ အသားစဆီ focus လုပ်တယ်။ အသားစကိုဖေါက်ထွက်လာတဲ့ electron beam ကို ဓါတ်ပုံဖလင်းပြားပေါ်ကျစေပြီး။ ဓါတ်ပုံ များကိုလေ့လာရပါတယ်။

Electron beam ကဖေါက်ထွက်နိုင်မှု့ penetration power နည်းတာမို့အသားစတွေကို အလွန်ပါးအောင်မြတ်ရပါတယ် ( 70- 100 nm, 1nm = 1/1,000 micron meter)။ အသားစတွေပါးပါးဖြတ်နိုင်အောင်ဆေးရည်ဆိမ်ပြီးရင် Resin ထဲ ထဲ့ရပါတယ်။ light microscope (LM) မှာတော့ ဖရောင်းထဲ ထဲ့ပါတယ်။ (ဆဲထဲမှာရှိတဲ့ ရေကိုထုပ်ပြီး Resin သို့မဟုတ် ဖရောင်းနဲ့တစ်ဖြေးဖြေးချင်းပြောင်းရတာပါ)။ Resin ထဲရောက်နေတဲ့ ဆဲကို ဓါးထက်ထက်နဲ့ဖြတ်ရပါတယ်။ ရိုးရိုး metal နဲ့လုပ်တဲ့ ဓါးတွေကဖရောင်းသားကိုပဲဖြတ်နိုင်ပါတယ်။ Resin ကိုဖြတ်ဖို့ စိန်ဓါးလိုပါတယ်။ စိန်ဓါးကအလွန်ဈေးကြီးပါတယ်။ SEM အသေးတစ်လုံးနည်းပါးရှိပါတယ်။ ဒါကြောင့် SEM စသင်ကာစ ကျောင်းသားတွေ၊ သိပ်အရေးမကြီးတဲ့အသားစတွေ၊ ဆင်းရဲတဲ့တိုင်းပြည်တွေမှာဒိန်ဓါးအစား လောလောလတ်လတ်ချိုးထားတဲ့ ဖန်စနဲ့လုပ်တဲ့ဓါးနဲ့အရင်ဖြတ်ရပါတယ်။ 70- 100 nm အထူရှိမရှိကိုမျက်စေ့နဲ့မမှန်းနိုင်တာကြောင့် ရေထဲမှာရှိတဲ့ အသားစရဲ့ reflection index color နဲ့ခန့်မှန်းနိုင်အောင်း ဓါးမှာရေထဲ့ဖို့ လှေ (boat) လုပ်ရပါတယ်။ ဓါးနှခန်းမှာ ရေမယိုတဲ့ tape ပတ်ပြီး ဖရောင်းနဲ့ရေလုံအောင်လုပ်ရပါတယ်။ ဓါးကဖြတ်ချလိုက်တဲ့ thin sections တွေ လှေထဲကရေပေါ်ရောက်ရင် အရောင် သုံးမျိုးတွေ့ရပါတယ်။ မီးခိုးရောင်ဆို  < 100 nm, ရွှေရောင်ဆိုရင် 80-90 nm, ငွေရောင်ဆိုရင် 70-80 nm. ငွေရောင် sections တွေကိုရေထဲကနေ SEM sample grip ပေါ်ဆယ်တင်ပြီး၊ electron beam မဖေါက်နိုင်တဲ့ carbon coating လုပ်ရပါတယ်။ thin sections ဖြတ်တဲ့အချိန်မှာ အသက်ပြင်းပြင်းရှူလို့မရသလို radio လဲဖွင့်ထားလို့မရပါဘူး။ radio လှိုင်းတွေကြောင့် ခက်ခက်ခဲခဲဖြတ်ထားတဲ့sections တွေလွင့်ပြီးလှေနံဘေးကိုကပ်သွားရင် ဆယ်လို့မရသလို sections တွေလိမ်သွားရင်ကြည့်လို့မ၇တော့ပါဘူး။

Electron beam တွေကအပူအားပြင်းတာ အပြင် အသားစတွေကလဲ အလွန်ပါးတာကြောင့် အသားစတွေတစ်ခါကြည့်ပြီးရင် ပေါက်ကုန်လို့ ထပ်ကြည့်လို့မရပါဘူး ဒါကြောင့် ပထမတစ်ခါထဲက ဓါတ်ပုံတွေရိုက်ပြီး၊ ဓါတ်ပုံကိုလေ့လာရပါတယ်။

Electron microscope မှာ electron beam တွေ electromagnetic lenses တွေသုံးတာကြောင့် electron tube ကြီးကို vacume ဖြစ်အောင်လုပ်ရတာကြောင့် စက်ဖွင့်ရင်  vacum တွေစုတ်တဲ့ အသံက hellicopter မောင်းနေရသလိုပါပဲ။

 ဓါတ်ပုံရိုက်၊ဓါတ်ပုံဆေးရတာမို့ အမှောင်ခန်းထဲမှာအလုပ်လုပ်ရပါတယ်။ sections တွေဖြတ်တဲ့အချိန်မှာလဲ အသက်တောင်ပြင်းပြင်းရူမရလို့ အလွန်လဲတိတ်ဆိတ်ရပါတယ်။ ဖုံမှုန့်တွေ sections မှာကပ်သွားရင်
ဆဲကိုဖုံးသွားနိုင်တာကြောင့် ဖုံလုံရပါတယ်။ လူဝင်လူထွက်နည်းရပါတယ်။

Reference.
1. Soe Soe et al  :  Liver : 1989 , vol 9, 135-145. Enterically transmitted non A-non B hepatitis in cynomolgus monkeys ; morphology and probable mechanism of hepatocellular necrosis.
2. Soe Soe et al  : Southeast Asian J Trop Med Pub Hth : 1993 : vol 24, 477-79. Comparative study between molecular hybridization and electron microscopy for the detection of Hepatitis E virus.

Wednesday, August 29, 2018

ကျနော်က ဦးမောင်မောင်ရဲ့ ဥဏှောက်ပါ။

 ကျနော်နှင့်ယှဉ်ရင် စကြာဝဠမှာ ရှိသမျှ အံ့သြဖွယ်အားလုံးမြှေးမှိန်ပျောက်ကွယ်သွားကြပါမယ်။ ကျနော်က တစ်ကီလိုခွဲ လေးပြီး၊ ချွဲတဲတဲနဲ့ မီးခိုးရောင်လွှမ်းတဲ့ အရောင်ရှိပါတယ်။ (မြတ်ဘုရားက မုန့်ညက်ဖတ် အခဲ ကဲ့သို့ ပြစ်ခဲသည်ဟု ဟောတော်မူပါတယ်)။

ကျနော့်လို လုပ်နိုင်တဲ့ computer မရှိသေးပါဘူး။ ကျနော့်မှာ ဘီလီရံ ၃၀ ခန့် နူရုံး (neuron) လို့ခေါ်တဲ့ အာရုံဆဲလ်တွေနဲ့ ၅-၁၀ ဆ ပိုများတဲ့ glial cell လို့ခေါ်တဲ့ဆဲလ်တွေရှိ ပါတယ်။ အဲ့ဒီဆဲလ်အားလုံး နံပတ် ၇ အုပ်ထုပ်အရွယ် ခေါင်းရိုးခွံထဲမှာရှိနေပါတယ်။

ကျနော်က ဦးမောင်မောင်ရဲ့အင်္ဂါ တစ်ခု တင်မဟုတ်ပါဘူး။ ဦးမောင်မောင်လို့ခေါ်တဲ့ ပုဂ္ဂိုလ်ပါ။ သူ့ရဲ့စိတ်နေသဘောထား၊ သူ့ရဲ့အရည်အသွေး၊ သူ့ရဲ့အတွေးအခေါ်၊ သူ့ရဲ့ စရိုက် အားလုံးသူနဲ့ ပတ်သက်တာ ကျနော်ပါ။ ဦးမောင်မောင်က သူ့နားနဲ့ကြားတယ်၊ သူ့ မျက်စိနဲ့ မြင်တယ်၊ သူ့ နှခေါင်းနဲ့အနံရတယ်၊သူ့လျှာနဲ့ အရသာခံတယ်၊ သူ့ကိုယ်နဲ့ ထိတွေ့တယ်လို့ ထင်တယ်။ တကယ်က အဲ့ဒီခံစားမှုအားလုံး ကျနော့်ထဲမှာ ဖြစ်တာ။

နား၊ မျက်စိ၊ နှာ၊ လျှာ၊ လက် အပါအ၀င် ကိုယ်ခန္ဓာတွေက အာရုံ (information) ကို လက်ခံရုံ သက်သက်ပဲ။ ကျနော်က သူနေမကောင်းတာ၊ ဗိုလ်စာတာ၊ ပျော်တာ၊ စိတ်ပျက်တာ စတာ တွေကိုလည်း သူ့ကိုပြောပြတယ်။ သူ့ရဲ့ ခံစားမှုအားလုံးကို ကျနော်သိတယ်၊ ထိန်းချုပ် တယ်။ သူအိပ်ပျော်နေရင်တောင်မှ ကျနော်က သူ့ဆီရောက်လာတဲ့ အာရုံတွေကို တကမ္ဘာလုံး မှာရှိတဲ့ telephone exchange တွေလို ကိုင်တွယ်ဖြေရှင်းပေးတယ်။ ကျနော် အဲ့ဒါတွေ အားလုံးကို ဘယ်လိုလုပ်သလဲ။ ရှင်းပါတယ်။ အရေးမကြီးတာတွေကို ဖယ်ရှားပြစ်တယ်။ ဥပမာ သူ သီးချင်းဖွင့်ပြီး စာဖတ်နေရင် ကျနော်က စာဖတ်တဲ့ အပေါ်မှာဂရုစိုက်စေတယ်။ သူ နှစ်မျိုးလုံးကို ဂရုစိုက်လို့ မရဘူးလေ။ တကယ်လို့ သူစိတ်ဝင်စားတဲ့ ၀တ္ထုဖတ်နေရင် သူကြိုက် တဲ့ သီးချင်းကို ကြားမှာ မဟုတ်ဘူး။

ဒါပေမဲ့သူ့ကိုဒုက္ခပေးမဲ့အန္တရာယ်ကျရောက်လာရင်တော့ကျနော်ချက်ချင်း ဂီယာ(gear) ပြောင်းလိုက်တယ်။ ဥပမာ သူချော်နေတဲ့ လမ်းပေါ်မှာ လဲတော့မယ်ဆိုရင် သူလဲ မကျအောင် သူ့လက်တွေကို ဟန်ချက်ညီအောင် လုပ်ဖို့ သတင်းပို့ ပေးတယ်။ တကယ်လို့ သူ လဲကျသွား ရင်တောင် သူဒါဏ်ရာ ရသလား၊ မရဘူးလား ဆိုတာကို အသိပေးတယ်။ ပြီးတော့ ဒီအဖြစ် အပျက်ကို ကျနော့်သိမ်းထားပြီး။ နောက်တခါ သူ ချော်လဲနိုင်တဲ့လမ်းပေါ်လျှောက် ရတော့ မယ်ဆိုရင် ဂရုစိုက်ဖို့ကျနော် သတိပေးတယ်။ အဲ့ဒီလို အရေးပေါ်ကိစ္စတွေအပြင် ကျနော် သူ့ရဲ့ အိမ်ရှင်မလို အလုပ်မျိုးလဲ လုပ်ပေးသေးတယ်။ ဥပမာ၊ အသက်ရှုတာနဲ့ ပတ်သက်ပြီး ကျနော်ရဲ့ အာရုံခံကိရိယာ (sensor) တွေက ဦးမောင်မောင်ရဲ့သွေးထဲမှာ ကာဘွန်ဒိုင် အောက်ဆိုက် အဆိပ်ဓါတ်ငွေ့တွေများနေတယ်။ အောက်ဆီဂျင်ဓါတ်တွေ ပိုလိုတယ်လို့ သတင်းပို့လာရင် ကျနော်က သူ့ရဲ့ အသက်ရှုတဲ့ကြွက်သားတွေကို အသက်ရှုမြန်စေတယ်။ အဲ့ဒီလိုမျိုး ထောင် ပေါင်းများစွာသော အလုပ်တွေကို လုပ်ပေးခြင်းဖြင့် ကျနော် သူ့ကို ခလေး တစ်ယောက် လို စောင့်ရှောက်တယ်။ ကျနော် အလုပ်လုပ်သလောက် ကျနော်လိုအပ်တာတွေ ကိုလည်း တောင်းဆိုတယ်။ ကျနော်က ဦးမောင်မောင်ကိုယ်အလေးချိန်ရဲ့ ၂% သာရှိပေမဲ့ ကျနော်က သူရှုတဲ့အောက်ဆီဂျင်ရဲ့ ၂၀%  နဲ့ သူ့နှလုံးကမှုတ်ထုတ်လိုက်တဲ့ သွေးရဲ့ ငါးပုံ တစ်ပုံ လိုတယ်။ ကျနော်က အောက်ဆီဂျင်နဲ့ သွေး အမြဲလိုအပ်နေတယ်။ တကယ်လို့ ဒီနှစ်ခု ခဏလေး နည်း သွားတာနဲ့ သူမေ့သွားမယ်။ မီနစ်အနည်းငယ်ကြာအောင်နည်းသွားမယ်ဆိုရင် သူ့အနေနဲ့ ကိုယ်အစိတ်အပိုင်းတွေ သေတာမျိုးအပြင် သေဆုံးသည်အထိ ဖြစ်နိုင်တယ်။ နောက်ပြီး ကျနော့် အစာဖြစ်တဲ့သကြားကိုလည်း အဆက်မပြတ်လိုတယ်။ အစာရေစာ ငတ်မွတ်ခေါင်းပါး တဲ့အခါမျိုးမှာတောင် ကျနော်က စားရမှ၊ နို့မဟုတ်ရင် သူသေမှာ။

ကျနော်ကအလုပ်အများကြီးလုပ်ပြီး အလွန်အရေးပါးတဲ့ အင်္ဂါ ဖြစ်ပေမဲ့ ကျနော့် အကြောင်း သိပ်မသိကြဘူး။ ဥပမာပေးရမယ်ဆိုရင် ကိုလန်ဘို အမေရိကတိုက်ကို ကမ်းစပ် ကတွေ့လိုက်ရသလိုပါပဲ။ ကျနော့်အကြောင်း သိဖို့အများကြီးလိုပါသေးတယ်။ ကျနော့်ကို လေ့လာစူးစမ်းတဲ့သုတေသနပညာရှင်တွေ စူးစမ်းလေ အံ့သြ ကြရလေပါပဲ။ ဥပမာ ကျနော်က ဦးမောင်မောင်ရဲ့ တစ်ကိုယ်လုံးက နာကြင်တဲ့ခံစားမှုတွေကိုသိတယ်။ ဒါပေမဲ့ ကျနော်ကို ခုတ်ဖြတ်ရင်တောင် ကျနော် မနာဘူး။ ဒါကြောင့်ဥဏှောက်ခွဲစိပ်မှုတွေကို လူနာကိုမေ့ဆေး မပေးပဲလုပ်နိုင်တယ်။ သူတေသနပညာရှင်တွေက ကျနော်ရဲ့ ဘယ်နေရာက ဘာခံစားတယ် ဆိုတာ သိရအောင် သိလိုတဲ့ နေရာတွေကို လျှပ်စစ်နဲ့လှုံဆော်ပြီး အစမ်းသပ်ခံပုဂ္ဂိုလ် ဘယ်လို ခံစား ရတယ်ဆိုတာလေ့လာ ကြတယ်။ ဦးမောင်မောင်သာ အဲ့ဒီလိုလေ့လာမှုမျိုး အစမ်းသပ်ခံ မယ်ဆိုရင် သူ တော်တော် အံ့သြသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ရဲ့ တစ်ချို့နေရာကို လျှပ်စစ်နဲ့တို့လိုက်မယ် ဆိုရင် သူမေ့နေခဲ့တဲ့ သုံးတန်းက သူ့ဆရာမကို မျက်ဝါးထင်ထင်မြင် လိမ့်မယ်။ နောက်တစ်နေရာကို လှုံဆော်ရင် မီးရထားဥသြသံ (၀ါ) မူကြိုကျောင်းမှာ ကဗျာတွေ ဆိုခဲ့တာကို ကြား လိမ့်မယ်။

ကျနော်က ဂိုဒေါင်ဟောင်းကြီးလို သူ့တစ်ဘ၀တာ အတွေ့အကြုံတွေကို သိမ်းဆည်း ထားတယ်။ သူ့အနေနဲ့ အဲ့ဒီဂိုဒေါင်ထဲမှာ ဘာတွေရှိမှန်း မသိဘူး။ သုတေသနပညာရှင်တွေ အနေနဲ့ ကျန်ာရဲ့ ဘယ်နေရာတွေက ဘာတွေလုပ်တယ်ဆိုတာကို အကြမ်းအားဖြင့်တော့သိကြ ပါပြီ။ ဥပမာ ကျနော့်နောက်စေ့နေရာက မြင်တယ်။ ဘေးဘက်နေရာတွေက ကြားတယ်။ စိတ်ဝင်စားစရာ နေရာကတော့ ကျနော်ရဲ့ ပျော်ရွင်မှုခံစားတဲ့နေရာပဲ (Pleasure centre)။ တကယ်လို့ ဓါတ်ခွဲခန်းထဲက ကြွက်တွေကို ခလုပ်တစ်ခုနှိုပ်တာ သင်ပေးပြီး၊ အဲ့ဒီခလုပ်ကို နှိုပ် လိုက်တိုင်း ကြွက်တွေရဲ့ ပျော်ရွင်တဲ့နေရာကို လျှပ်စစ်လှုံဆော်မှုပေးမယ်ဆိုရင် ကြွက်တွေဟာ အဲ့ဒီ ပျော်ရွင်မှုပေးတဲ့ ခလုပ်ကိုပဲ အဆက်မပြတ် နှိုပ်နေတာကို တွေ့ရမှာဖြစ်တယ်။ ကြွက်တွေ ဟာ အစာထက် ပျော်ရွင်မှုပေးတဲ့ ခလုပ်ကိုသာ ဦးစားပေးတာကြောင့် သူတို့ အစာငတ်သေ ပေမဲ့ ပျော်ရွှင် နေကြတာတွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့ ဦးမောင်မောင်စိတ်ဓါတ်ကျ ရောဂါ ရနေရင် လျှပ်စစ်လှုံဆော်မှုပေးတဲ့စက်ကလေးကို သူ့ရဲ့ပျော်ရွင်မှုနေရာလေးမှာ တပ်ထားမယ် ဆိုရင် သူ စိတ်ဓါတ်မကျတဲ့အပြင် ပီတိတွေဖြစ်ပြီး စိတ်တွေတက်ကြွနေမှာဖြစ်ပါတယ်။ (ပျော်နေတဲ့လူရဲ့ ဥဏှောက်ကို scan လုပ်ကြည့်ရင် အဲ့ဒီပျော်ရွှင်မှုနေရာလေးက လင်းနေပါ တယ်။ အမေရိကန်နိုင်ငံမှာတရားထိုင်သူများရဲ့ဥဏှောက်ကို scan လုပ်ကြည့်တဲ့အခါ လူတော် တော်များများရဲ့ပျော်ရွှင်မှုနေရာလေးက လင်းနေတာကိုတွေ့ရတဲ့အတွက် ဗုဒ္ဓဘာသာတွေဟာ အလွန်ပျော်ရွှင်ကြတယ်လို့ သုတေသီတွေကကောက်ချက်ချကြပါတယ်။ တကယ်က တရား ထိုင်လို့ ပီတိ၊ ပဿတိတွေ ဖြစ်လာတာပါ)။

          ကျနော်က အလွန်လုံခြုံတဲ့ ခံတပ်ကြီးထဲမှာနေပါတယ်။ ခေါင်းရိုးခွံက ထိပ်ပိုင်းမှာ စင်တီမီတာဝက်ခန့် ထူပါတယ်။ အောက်ဘက်မှာ ပိုထူပါတယ်။ နောက်ပြီး ထိခိုက်ဒါဏ်ရာ တွေရဲ့ အန္တရာယ်က ကာကွယ်ဖို့ ရေကဲ့သို့သောအရည်နဲ့ လည်းဝိုင်းရံထားပါတယ်။ ဥဏှောက် အစောင့်လို့ပြောရမဲ့ Blood-brain barrier ကလည်းဂိတ်စောင့်လိုမျိုး ကျနော့် အတွက် လိုအပ် တာတွေ ပေးဝင်ပြီး၊ ဒုက္ခပေးမဲ့ဟာတွေကို ၀င်ခွင့်မပေးပါဘူး။ ဒါကြောင့် သကြားတွေ ၀င်ခွင့် ရပြီး၊ ပိုးမွှားတွေ အဆိပ်တွေကတော့ ကျနော်ဆီ ၀င်လို့မရပါဘူး။ အနာသက်သာစေတဲ့ ဆေး တွေ၊ မေ့ဆေးတွေ ၀င်ခွင့်ရသလို အရက်နဲ့ ရူးသွပ်စေတဲ့ဆေးတွေလည်း ၀င်ခွင့်ရတာမို့ သူတို့ ကြောင့် ကျနော်လူမှန်း သူမှန်းမသိအောင်ဖြစ်နိုင်ပါတယ်။

          ကျနော်ရဲ့တည်ဆောက်မှုကိုသိချင်ရင် မြက်ဖုတ်တစ်ဖုတ်ကိုနုတ်ပြီး သူ့အမြစ်တွေကို ကြည့်ပါ။ ကျနော်က မြက်ဖုတ်အမြစ်တွေလို ပါပဲ။ ဒါပေမဲ့ ကျနော်က မြက်ဖုတ်ထက် သိန်း ပေါင်းများစွာ ပိုရှုပ်ထွေးပါတယ်။ ကျနော်ရဲ့ ဘီလီရံ ၃၀ သောအာရုံဆဲလ်တွေ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေကြတယ်။ တစ်ချို့ဆို ၆၄၀၀၀ လောက်ဆက်နွယ်ထားတယ်။

အာရုံဆဲလ်တစ်ခုဟာသူ့အမျှင်ပေါ်မှာတွဲနေတဲ့ ပင့်ကူနဲ့တူတယ်။ ပင့်ကူက အာရုံ ဆဲလ်ပါ။ သူတွဲနေတဲ့ပင့်ကူမျှင်ကို axon လို့ခေါ်တယ်။ ပင့်ကူရဲ့ ခြေချောင်းတွေကို dendrites တွေလို့ခေါ်တယ်။ အာရုံတွေ (signal) က axon ကနေ ပင့်ကူဆီရောက်လာတယ်။ နောက် axon ကနေပဲ နောက်အာရုံဆဲလ်တစ်ခုဆီကိုရောက်သွားတယ်။ အာရုံတွေဟာ axon ထဲမှာ ၃၄၀ km/hr နဲ့သွားကြတယ်။ အာရုံတစ်ခုဖြတ်သန်းသွားပြီးတိုင်း axon တွေဟာ တစ်စက္ကန့်ရဲ့ အပုံ ၂၀၀ ပုံတစ်ပုံလောက် အချိန်တွင်းမှာ ဓါတုဗေဒနည်းဖြင့် ကိုယ့်ဘာသာ ဓါတ်အားပြန်ဖြည့် တယ်။ ဒါပေမဲ့ ကျနော်က မွေးဖွါး ခြင်း အတတ်ကို မတတ်ဘူး။  အရေပြား၊ အသဲ၊ သွေးဆဲလ် တွေက သေသွားရင်ပြန် လည် မွေးဖွါး နိုင်ကြတယ်။ ကျနော့်ဆဲလ်တစ်ခုပျက်သွားရင် တစ်သက်လုံး ပြန်မရတော့ဘူး။

ဦးမောင်မောင်အသက် ၃၅ နှစ်မွေးနေ့ကစပြီး ကျနော်ရဲ့ အာရုံဆဲလ် တစ်ထောင် လောက် နေ့စဉ် သေဆုံးနေကြတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျနော်ရဲ့အလေးချိန်ရော အာရုံဆဲလ်တွေရောဆုံးရှုံးလာတယ်။ တော်သေးတယ်ကျနော်မှာ အရန်အာရုံဆဲလ်တွေ အများ ကြီးရှိလို့။ တကယ်လို့ ဆဲလ်တစ်ထောင်သေရင်၊ ကျန်တဲ့ဆဲလ်တစ်ထောင်က ဘာမှတောင် သိ မှာ မဟုတ်ဘူး။ ဒါပေမဲ့ အရန်အာရုံဆဲလ်တွေရှိတာထက် ပိုပြီး အာရုံဆဲလ်တွေသေကုန်ရင် တော့ ဦးမောင်မောင်အနေနဲ့ အနံ့ကောင်းကောင်းရချင်မှရမယ်။ နားကောင်းကောင်း ကြားချင် မှကြားမယ်။ အရသာ သိပ်သိချင်မှ သိတော့မယ်။ သူ့အနေနဲ့ အာရုံစိုက်ဖို့ ခက်လာမယ်။ နံမယ်တွေ၊ နံပတ်တွေ၊ လိပ်စာတွေ မှတ်ရ ခက်လာမယ်။ ဒါပေမဲ့ သူ့အတွက်အရေးကြီးတဲ့ကိစ္စ တွေကိုတော့ နောက်ဆုံးအချိန်အထိ ကျနော် လုပ်ပေးမှာပါ။

          ဦးမောင်မောင်ကသူ့မှာ အဆုတ်နှစ်ခု၊ ကျောက်ကပ်နှစ်ခုရှိမှန်းသိတယ်။ ဒါပေမဲ့ သူက
ကျနော့်ကို နှစ်ခုလို့မသိဘူး။ တကယ်က ကျနော့်မှာ ဘယ်နဲ့ ညာဆိုတဲ့ သီးသန့် ၂ပိုင်း (lobe) ရှိပါတယ်။ ကျနော်ရဲ့ ညာဘက်အပိုင်းကဦးမောင်မောင်ရဲ့ ဘယ်ဘက်ကိုယ်ပိုင်းကို ထိမ်းချုပ် တယ်။ ကျနော်ရဲ့ ဘယ်ဘက်အပိုင်းကဦးမောင်မောင်ရဲ့ ညာဘက်ကိုယ်ပိုင်းကို ထိမ်းချုပ်တယ်။ ညာသန်တဲ့သူတွေမှာ ကျနော်ရဲ့ ဘယ်ဘက်ပိုင်းက ညာဘက်ပိုင်းထက်ပို အင်အား ကြီးတယ်။ ဘယ်သန်သူတွေအတွက်တော့ သူတို့ရဲ့ညာဘက်ဥဏှောက်ကစိုးမိုးတယ်။

ဘယ်ဘက်ဥဏှောက်က ဦးမောင်မောင်လမ်းလျှောက်ဖို့၊ စာရေးဖို့၊ ဂဏန်းတွက်ဖို့ အတွက်လိုအပ်တယ်။ ညာဘက်ဥဏှောက်ကတော့ spatial judgment လေထဲမှာ ရပ် တည်ဖို့လုပ်တယ်။

ကျနော်ရဲ့ထူးခြားတဲ့အရည်အချင်းက အရန်အာရုံဆဲလ်တွေများစွာရှိတာပဲ။ ဒါကြောင့် ကျနော်ရဲ့အချို့အပိုင်းတွေသေဆုံးသွားပေမဲ့ ကျန်တဲ့ဆဲလ်တွေက အချိန်ယူပြီး ပျက်သွားတဲ့ ဆဲလ်တွေ ရဲ့အလုပ်တွေကိုလုပ်ပေးနိုင်တယ်။ စကားမပြောနိုင်ရာက ပြန်ပြောနိုင်လာတယ်။ အကြောသေသွားတဲ့လက်ခြေတွေပြန်လှုပ်နိုင်လာတယ်။ ဒီအရည်အချင်းကြောင့်သာ နို့မိုဆို ဦးမောင်မောင်မှာအန္တရာယ်တွေဝိုင်းနေတာ။ ဥပမာ ကင်ဆာတွေ အကျိတ်တွေဖြစ် လာရင် ဦးခေါင်းခွံက လိုက်မကြီးနိုင်တာမို့ ကျနော့်ပေါ်ဖိပြီး ကျနော့်ဆဲလ်တွေကိုသတ်ပြစ်တယ်။ ကံကောင်း ထောက်မစွာ ယခုခေတ်မှာ ကင်ဆာတွေ အကျိတ်တွေကိုခွဲထုတ်နိုင်လို့ တော် တော့တယ်။
         
နောက်အန္တရာယ်က ကျနော့်သွေးကြောတွေမှာသွေးခဲတွေနဲ့ပိတ်ပြီး အဲ့ဒီသွေးကြော ပေါ်မှီနေတဲ့ အာရုံဆဲလ်တွေကိုသေစေတယ်။ သေတဲ့ အာရုံဆဲလ်တွေထိန်းချုပ်တဲ့ ကိုယ်အင်္ဂါ တွေလည်း အကြောသေကုန်တယ်။ ပိတ်တဲ့သွေးကြောကကြီးရင်သေတဲ့အထိဖြစ်နိုင်တယ်။

တတိယ ရန်သူကတော့ ထိခိုက်ဒါဏ်ရာရခြင်းပဲ။ ကျနော်က ဥဏှောက်ခွံထဲက အရည် ထဲမှာရှိပေမဲ့ လိမ့်ကျလို့ဖြစ်ဖြစ် အရိုက်ခံရလို့ဖြစ်ဖြစ် ကျနော်ဆဲလ်တွေကို သေစေနိုင် တယ်။ အရိုက်ခံရတဲ့ လက်လို ကျနော်လည်း ရောင်လာတယ်။ ဒါပေမဲ့ ကျနော်က အရိုးခွံထဲမှာ ထောင်ကျနေတာဆိုတော့ ကျနော်ရောင်တာနဲ့ ကျနော်ပေါ် ဖိအားတွေရောက်လာပြီး မေ့ချင် မေ့၊ သိပ်ဆိုးရင် သေတဲ့အထိဖြစ်နိုင်တယ်။  ကျနော့်အကြောင်းက မပြည့်စုံသေးပါဘူး။ နောက်နှစ်ပေါင်းများစွာကြာလာတဲ့အခါ ကျနော့်အကြောင်းပိုသိလာပါလိမ့်မယ်။
         


J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။

Monday, August 27, 2018

ကျနော်ကဦးမောင်မော်ရဲံမျိုးပွါးအင်္ဂါပါ။




ဦးမောင်မောင်ကကျနော်တို့ကိုသူ့ရဲ့ယောက်ျားပြီသမှုအတွက်လေးစားပါတယ်။ ဒါပေမဲ့သူကကျနော်တို့ကိုရှက်လည်းရှက်တယ်။ ကျနော်တို့ကို တစ်ခြားသောကိုယ် အင်္ဂါ တွေလိုပဲသူအလေးထားသင့်တယ်။ တကယ်ကပိုတောင်အလေးထားသင့်တယ်။ သဘာဝက ကျနော်တို့ရဲ့အရေးပါမှုကိုသိတယ်။ ဒါကြောင့်ကျနော်တို့ကိုနှစ်ဦးဖန်ဆင်းထားတာပေါ့။ များသောအားဖြင့် ကျန်တဲ့ အင်္ဂါတွေကတစ်ခုဆီသာရှိတယ်။ သူကကျနော်တို့ကို လိင်ကိစ္စ အတွက်သာလိုအပ်တယ်လို့ထင်တယ်။ ကျနော်တို့ကသူ့ကိုယ်ခန္ဓာထဲက ဓါတ်ပစ္စည်းတွေ ကိုပြောင်းလည်းပေးခြင်းဖြင့်သူ့ကို ကောင်ကလေး ကနေယောက်ျားတစ်ယောက် အဖြစ် ပြောင်းပေးတာ။ သူ့ရဲ့အိုဇာတာကောင်းတာ၊ဆိုးတာတွေကလည်း ကျနော်တို့အပေါ်မူတည်တာ။


ကျနော်က သူ့ရဲ့လက်ဝဲမျိုးဥအိမ် (testis or fitting ball) ပါ။ တခြားအင်္ဂါတွေနဲ့ ယှဉ် လျှင် ကျနော်တို့က သားနားတယ်။ တောက်ပတဲ့ ပန်းရောင်သွေးနဲ့ ဘဲဥပုံသဏ္ဍန်ရှိတယ်။ ၄ စင်တီမီတာရှည်ပြီး ၂ စင်တီမီတာကျယ်ပါတယ်။ အလေးချိန်အနေနဲ့ ၄ ဂရမ်ရှိပါတယ်။


ကျနော်တို့မှာတာဝန်နှစ်မျိုး ရှိတယ်။ တစ်ခုက လူသားတွေမွေးထုတ်ဖို့လိုအပ်တဲ့ အဖို မျိုးဥ (sperm­) တွေထုတ်လုပ်တာ ဖြစ်ပြီး၊ နောက်လုပ်ငန်းကတော့ ယောက်ျားပီသစေတဲ့ ယောက်ျားဟောမုန်း (testosterone) ထုတ်လုပ်ခြင်းဖြစ်ပါတယ်။
              ယောက်ျားဟောမုန်းက ကြွက်သားတွေ၊အရိုးတွေနဲ့အခြားသော တစ်ရူး (tissues) များ ကို တည်ဆောက်ပေးတယ်။ သူကဦးမောင်မောင်ရဲ့ ကိုယ်ခန္ဓာတည်ဆောက်မှုသာမက စိတ်ပိုင်း ဆိုင်ရာ ကိုပါ ပုံဖေါ်ပေးတယ်။ သူသာမရှိရင် ဦးမောင်မောင်ရဲ့ ကိုယ်ကြီးပျော့ဖတ်ဖတ်နဲ့ အမွေး အမျှင်မရှိ၊ စိတ်ဝင်စားမှု မရှိတဲ့သူ ဖြစ်နေမှာ။
ကျနော်တို့မှာထောင်ပေါင်းများစွာသောအလွန်သေးမျှင်တဲ့ပိုးချည်မျှင်တွေလိုပြွန်လေး တွေ ရှိပါတယ်။ အဲ့ဒီပြွန်တွေက ၃၀-၆၀ စင်တီမီတာရှည်တယ်။ ဦးမောင်မောင်ရဲ့ကိုယ်ထဲမှာ ကျနော်တို့လိုသေးငယ်သိပ်သည်းတဲ့အင်္ဂါတွေကနေ အလွန်အရေးကြီးတဲ့လုပ်ငန်းတွေ လုပ်နိုင် တာအလွန်နည်းမ ယ်ထင်ပါတယ်။ ပြွန်ငယ်လေးတွေကနေပိုမိုကြီးတဲ့ ၆ မီတာရှည် တဲ့ပြွန်ကြီး ထဲရောက်တယ်။ အဲ့ဒီပြွန် တွေထဲမှာ အဖိုမျိုးဥ (sperm­) တွေထုတ်လုပ်ပါတယ်။ တစ်နေ့ကို ကျနော်တို့ အဖိုမျိုးဥ ၅ သန်းအထိ ထုတ်လုပ်တယ်။ တစ်နည်းအားဖြင့် နှစ်လကိုကျနော်တို့ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေကို ထုတ်လုပ်နိုင် တယ်။ ဒါပေမဲ့ အဲ့ဒီများပြားလှတဲ့ အဖိုမျိုးဥတွေ ထဲက ၃ ခုပဲဦးမောင်မောင်ရဲ့သားသမီး ၃ ယောက်ဖြစ် လာတယ်။ ဘာကြောင့် ဒီလောက် တောင်ကွာခြားရတာလဲ။


တစ်ချို့ငါးတွေဟာ အဖိုမျိုးဥတစ်လုံးက အမမျိုးဥနဲ့ပေါင်းမိဖို့အတွက် ပင်လယ်ထဲကို အဖိုမျိုးဥတွေကိုဖြန့်ကြဲ ချကြ တယ်။

ကျနော်တို့မှာပြွန်တွေအပြင် သန်းပေါင်းများစွာသော လေးဒစ်ဆဲလ် (Leydig cells) တွေလည်း ရှိတယ်။ အဲ့ဒီဆဲလ်တွေကနေ ယောက်ျားဟောမုန်း (testosterone) ထုတ် လုပ် တယ်။ အံ့သြဖို့ကောင်း တာက ယောက်ျားဟောမုန်းကိုအမျိုးသမီးတွေမှာလည်းတွေ့ရတယ်။ ဦးမောင်မောင်ရဲ့ ဇနီးဒေါ်မမရဲ့ သွေးထဲမှာ ယောက်ျားဟောမုန်း ဦးမောင်မောင်ရဲ့ ၂၀ ပုံ တစ်ပုံ လောက်ရှိတယ်။ ဒေါ်မမရဲ့ကိုယ်ထဲက ယောက်ျားဟောမုန်းကို  အက်ထရီနယ်ဂလန် (adrenal glands) ခေါ်တဲ့ အကျိတ်တွေကထုတ်တယ်။ သူမရဲ့ကြွက်သားတွေအထွက် (testosterone) ကလုပ်ပေးတယ်။ ဒါပေမဲ့သူတို့လိုတာထက်ပိုများရင်တော့ ဒေါ်မမ ယောက်ျားပုံ ပေါက်လာ မယ်။ နှခမ်းမွေးတွေပေါက်လာမယ်။( မြတ်ဘုရားရဲ့ အလယ်အလတ် ကျင့်စဉ်က လောကုတ္တရာ တရားမှာသာမက အရာရာတိုင်းမှာအရေးကြီးတယ်။ ဘယ်ဟာမှနည်းလည်း မကောင်းဘူး၊ များလည်းမကောင်းဘူး။)


ဦးမောင်မောင် သူ့ရဲ့မိခင်ကိုယ်ထဲမှာတုန်းက  ကျနော်တို့ကဦးမောင်မောင်ရဲ့ဗိုလ်ထဲမှာ။ မမွေးခင် ၂ လ လောက်မှာ ကျနော်တို့ အခုနေရာကိုဆင်းလာကြတယ်။ ကျနော်တို့ ဆင်း လာ တဲ့ လမ်းကြောင်းလေး (inguinal canal) ကနောက်ပိုင်းပိတ်သွားတယ်။ ဒါပေမဲ့ တစ်ချို့မှာ ကောင်းကောင်း မပိတ်ဘူး။ အဲ့ဒီအခါ ဟာနီယာ (hernia) ခေါ်တဲ့အူကျရောဂါဖြစ်နိုင်တယ်။ တကယ်လို့ကျနော်တို့အောက်ကို မဆင်းခဲ့ရင် ဦးမောင်မောင်အနေနဲ့သားသမီးမရနိုင်ဘူး။ ဦးမောင်မောင်ရဲ့ကိုယ်အပူချိန်က 98.60F or 37C ရှိတယ်။ အဲ့ဒီအပူချိန်မှာ ကျနော်တို့ ရှင်သန်နိုင်တဲ့ အဖိုမျိုးဥ (sperm­) တွေမထုတ်လုပ်နိုင်ဘူး။ ကျနော်တို့အလုပ် လုပ်ဖို့အတွက် ဦးမောင်မောင်ရဲ့ကိုယ်အပူချိန်ထက် ၃ ဒီဂရီ ဖါရင်ဟိုက်အောက်ရောက်ဖို့လိုပါတယ်။ အဲ့ဒီ အခြေအနေရောက်အောင်ကျနော်တို့မှာအသေးစိတ်စီစဉ်ထားတဲ့ အဲကွန်ဒင်ရှင်းစစ်စတန် (air-conditioning system) ရှိပါတယ်။ ကျနော်တို့ကိုဖုံးအုပ်ထားတဲ့ အိပ်မှာ ချွေးအိပ် တွေ အများကြီး ရှိပါ တယ်။ အဲ့ဒီ ချွေးအိပ် တွေကချွေးထွက်ခြင်းဖြင့်ကျနော်တို့ကိုအေးစေတယ်။ ဒီ့အပြင်ကျနော်တို့ကို ချီ ထားတဲ့ကြိုး (cord) ကအပြင်ရာသီဥတုအေးတဲ့ အခါမှာ တိုသွားပြီး ကျနော်တို့ကိုပူနွေးတဲ့ ကိုယ်ဆီ ကို ဆွဲတင်လိုက်တယ်။ အပြင်ရာသီဥတုပူတဲ့ အခါမှာ တော့ ရှည် သွားပြီးကျနော်တို့ကိုပူနွေးတဲ့ကိုယ်နဲ့ဝေး တဲ့ဆီကိုပို့ပေးလိုက်တယ်။ တကယ်လို့ ဦးမောင်မောင် အပူပိုင်းဒေသတွေကိုသွားရောက်ရင်သူရဲ့ sperm ထုတ်လုပ်မှုကျဆင်းသွား မယ်။ တစ်ခါက ဦးမောင်မောင် နမိုးနီးရာ(pneumonia) ဖြစ်ပြီးတစ်ပတ်လောက် အပြင်း ဖျား ခဲ့တယ်။ အဲ့ဒီ တုန်းကကျနော်တို့ sperm ထုတ်လုပ်မှုရပ်ဆိုင်းခဲ့တဲ့အတွက်သူခေတ္တခဏ မြုံ သွား ခဲ့ တယ်။


ကျနော်တို့ထုတ်တဲ့ sperm တွေကအလွန်ထူးဆန်းတဲ့ဆဲလ်တွေဖြစ်တယ်။ သူတို့က အသေး ဆုံးဆဲလ်တွေဖြစ်ပြီးအလွန်သေးငယ်တဲ့ဖားလောင်းလေးတွေနဲ့တူတယ်။ အမြှီးက ရွေ့ရှား သွားလာဖို့သာဖြစ်ပြီး အရေး ကြီးတာက ဦးခေါင်းပိုင်းဖြစ်တယ်။ နောက်ထူးဆန်းတဲ့ အချက်ကသူတို့မှာ ကျန်တဲ့ ဆဲလ်တွေထက် ခရိုမိုဇုန်း (chromosomes) ခေါ်တဲ့မျိုးရိုးဗီဇ တစ်ဝက်ပဲရှိတယ်။ ကျန်တဲ့ဆဲလ်တွေမှာ (chromosomes) ၄၆ ခုရှိပြီး၊ သူတို့မှာ ၂၃ ခု သာ ရှိတယ်။ ဒါပေမဲ့ အမမျိုးဥ (ovum) မှာရှိတဲ့ chromosomes၂၃ ခုနဲ့ပေါင်းတဲ့အခါ ကျန်တဲ့ဆဲလ်တွေလို (chromosomes) ၄၆ ခုပြန်ဖြစ် သွား တယ်။ ကျနော်တို့ရဲ့ sperm တွေက နှစ်မျိုးရှိတယ်။ တစ်မျိုးကသားယောက်ျားလေးဖြစ်စေတဲ့ ၀ိုင် ခရိုမိုဇုန်း (Y chromosome) ပါပြီး၊ ကျန်တစ်မျိုးက မိန်းခလေး ဖြစ်စေတဲ့ အိစ် ခရိုမိုဇုန်း (x chromosome) ပါတယ်။ ဒေါ်မမရဲ့အမမျိုးဥအိမ်ကတော့ အမမျိုးဥတစ်မျိုးပဲထုတ်တယ်။ ဒါကြောင့်မွေးဖွါးလာမဲ့ ခလေးဟာ သားသား လား၊မီးမီးလားဆိုတာကျနော်တို့ရဲ့အဖိုမျိုးဥပေါ်မှာတည်တယ်။


အဖိုမျိုးဥတွေဟာ တစ်နာရီမှာ ၁၈ စင်တီမီတာကူးခတ်နိုင်တယ်။ သူတို့ ရဲ့သေး ငယ် တဲ့အရွယ်နဲ့တွက်မယ်ဆိုရင်ကြီးမားသောကူးခတ်ခြင်းလို့ပြောရမယ်။ မျှမ်းမျှခြင်းအားဖြင့် ဦးမောင်မောင်အရပ်နဲ့တွက်ရင် ၆၀ ကီလိုမီတာပြေးတာနဲ့ညီမျှတယ်။ ကျနော်တို့ ထုတ်လုပ်ပေး တဲ့ အင်ဇိုင်း (enzyme) ကြောင့် သူတို့တွေ မာကျော် ထူထဲတဲ့ အမမျိုးဥခွံကို ဖေါက်ထွင်း ၀င် ရောက် နိုင်ကြတယ်။ 

အ ဖိုမျိုးဥတွေကို အခါအားလျော်စွာအပြင်ကိုထုတ်မပစ်ဖူးဆိုရင် သန်း ပေါင်းများစွာသော အဖိုမျိုးဥတွေပြွန်တွေ ထဲမှာ အိုပြီး သေကုန်ကြမယ်။ မကြာခဏ အပြင်ကို ထုတ်ပစ်မယ်ဆိုရင်လည်း သန်း ပေါင်းများစွာသော အဖိုမျိုးဥတွေ ပြွန်တွေထဲမှာ အရွယ် ရောက် ဖို့အချိန်မရဘူး။ တကယ်လို့တစ်နေ့ကို နှစ်ခါ ၁၀ ရက်ဆက်ပြီး ထုတ်ပစ် မယ်ဆိုရင် အဖိုမျိုးဥတွေအားလုံးကုန်သွားနိုင်တယ်။ ကျနော်တို့က အဲ့ဒီလောက်များများမထုတ်နိုင်ဘူး။ အဖိုမျိုးဥတွေကုန်သွားရင် ပုံမှန်အခြေအနေရောက်ဖို့ ကျနော်တို့ ရက်သတ္တပတ်များစွာအချိန်ယူရမယ်။

ဒီအကြောင်းတွေကိုဦးမောင်မောင်တို့ဇနီးမောင်နှံသိထားသင့်တယ်။ နို့မို့ဆို အိမ်ထောင် ပြု ပြီး လပေါင်းများစွာကြာတဲ့အထိသားသမီးမရရင်သူတို့မလိုအပ်ပဲစိတ်ပူကြလိမ့်မယ်။ နှစ် ကိုယ်တူပိုမို ဆက်ဆံ သင့်တယ်လို့အထင်မှားပြီးပြုမူတတ်တယ်။ တကယ်က ခဏအနားပေး ရမှာ။ တစ်ကြိမ်မှာ ဦးမောင်မောင် အနေနဲ့ အဖိုမျိုးဥ သန်း ၆၀၀ အထိထုတ်ပစ်နိုင်တယ်။ ဒါပေမဲ့ သူထုတ်တဲ့ လက်ဘက်ရှည်တစ်ဇွန်း စာ လောက်အရည်ထဲမှာအများဆုံးပါတာက ဦးမောင်မောင်ရဲ့ ပရောစတိတ်လို့ခေါ်တဲ့အကျိတ်(prostrate) နဲ့ ဆဲမီးနယ်ဗက်ဆီကယ် (seminal vesicles) တွေကထုတ်တဲ့အရည်တွေဖြစ်တယ်။ သူတို့က အဖိုမျိုးဥ တွေ အတွက် အစာအဟာရတွေဖြစ်ပြီး အဖိုမျိုးဥတွေအလွယ်တကူကူးနိုင်အောင်လို့ကူညီကြတယ်။ သူတို့မှာ သကြား၊အသားဓါတ်နဲ့သတ္ထုဓါတ်တွေပါတယ်။ ဦးမောင်မောင်အသက် ၁၄ နှစ်အထိကျနော်တို့ က တိတ်တိတ်ဆိတ်ဆိတ်နေနေတြတာ။ ဦးမောင်မောင်ရဲ့ဥဏှောက်မှာရှိတဲ့ ပစ်ကြူတစ်ရီ အကျိတ်  (pituitary gland) ကနေအချက်ပေးမှ ကျနော်တို့ အလုပ် စလုပ်ကြတယ်။


ယောက်ျားဟောမုန်း (testosterone) က လူကောင်ကြီးထွားလာအောင်လုပ်တယ်။
ဦးမောင်မောင်ရဲ့မိဘတွေသတိထားမိတာက ရက်သတ္တပတ်အနည်းငယ် အတွင်းသူတို့ သားရဲ့ ဘောင်ဘီတွေတိုတက်သွားတာပဲ။ တစ်နှစ်အတွင်း ၁၂ စင်တီမီတာမြင့်လာတယ်။ ခလေးဘ၀ က အဆီတွေကြွက်သားတွေအဖြစ်ပြောင်းလဲသွားတယ်။ သူ့အသံတွေ သြလာတယ်။ မျက်နှာ မှာ မုတ်ဆိတ်ကျင်ဆွယ်တွေပေါက်လာတယ်။ အရေပြားမှာရှိတဲ့အဆီတွေအပေါ်မှာလည်း ယောက်ျား ဟောမုန်းတွေကချယ်လှယ်တယ်။ သူတို့သိပ်အားကောင်းရင်မျက်နှာမှာဝက်ခြံတွေ ပေါက်လာတယ်။ ဦးမောင်မောင်ရဲ့ကိုယ်ခန္ဓာပြောင်း လဲသလိုသူ့ရဲ့စိတ်နေစိတ်ထား လည်း ပြောင်း လဲလာတယ်။ သူ့ရဲ့ စရိုက်တွေ၊အမူအကျင့်တွေ လူကြီးတစ်ယောက်လိုဖြစ်လာတယ်။ စိတ်တိုပြီး၊၀ုန်းဒိုင်းကြဲ ဒေါသဖြစ်တာ တွေနည်းလာတယ်။ ပိုပြီးလူကြီးဆန်လာတယ်။ ကျနော် တို့ရဲ့ ယောက်ျားဟောမုန်းက လိင်ကိစ္စမှာ အရေး ပါတယ်ဆိုပေမဲ့အဲ့ဒီကိစ္စတစ်ခုထဲမဟုတ်ဘူး။ သူ့ရဲ့ ခံစားမှု တွေ၊စိတ်ဝင်စားမှုတွေ၊မှာလည်းအရေးပါတယ်။ ကျနော်တို့ ယောက်ျားဟောမုန်း ထုတ်လုပ်မှုကိုရပ်လိုက်မယ်ဆိုရင်ဦးမောင်မောင်ရဲ့ မှတ်ဥဏ်တွေ လျော့ လာမယ်၊ စိတ်တို၊ စိတ်ရှုပ်မှုတွေဖြစ်လာမယ်၊ဗျာများလာမယ်၊ အမျိုးသမီးတွေမီးရပ်ဆုံးချိန်မှာလို ကိုယ်ပူတာ၊ မျက်နှာရှက်သွေးဖြန်းသလိုမျိုးအထိဖြစ်နိုင်တယ်။ သူအသက်၂၅-၃၅ နှစ်မှာကျနော်တို့ ယောက်ျားဟောမုန်းအများဆုံးထုတ်ကြတယ်။ သူအခု ၄၇ နှစ်ရှိပြီဆိုတော့ ကျနော်တို့ ဟောမုန်း ထုတ်လုပ်မှု အရှိန်လျော့ချလာတယ်။ သူအသက် ၆၀ ကျရင် ကျနော်တို့ သူလူပျို ဘော် မ၀င်ခင် အခြေအနေကိုရောက်မယ်။ ဒါပေမဲ့ သူ့ရဲ့နေ့စဉ်စွမ်းဆောင်မှု ဥပမာ သူ့ရဲ့ မုတ်ဆိတ်မွေးတွေ ဆက်လက် ရှင်သန်တာမျိုးစတာတွေအတွက်လိုအပ်တဲ့ဟောမုန်း အရည်အတွက်ကိုတော့ဆက်လက်ထုတ်လုပ်မှာပါ။ သူအသက် ၉၀ ကျရင်ကျနော်တို့ အဖိုမျိုးဥတွေဆက်ထုတ်လုပ်ပါအုံးမယ်။ ဒါပေမဲ့ကိုယ်ဝန်ရနိုင်တဲ့ အထိ တော့ အရည်အတွက် များမှာမဟုတ်တော့ဘူး။ 

ဟောမုန်းတွေထပ်ဖြည့်ပေးခြင်းအားဖြင့် အိုမင်းလာတဲ့ဦးမောင်မောင်ကိုပြန်လည်နုပျိုအောင်လုပ်နိုင်မလား။ ကံဆိုးစွာ မလုပ်နိုင်ဘူး။

ဦးမောင်မောင်အနေနဲ့တစ်ခြားနည်းတွေနဲ့ရော်လုပ်နိုင်သလား။ သိပ်မရှိပါဘူး။ သူကျန်းမာ နေအောင် လောက်ပဲလုပ်နိုင်ပါတယ်။

J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။

အဖိုမျိုးဥများ (sperms)






အဖိုမျိုးဥတစ်ခုအမမျိုးဥထံသွားနေပုံ။



ဓါတ်ခွဲခန်းတွင်အမမျိုးဥတစ်ခုအတွင်းသို့အဖိုမျိုးဥတစ်ခုထိုးသွင်းနေပုံ။





မှိုနက်။










ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းရှိ Périgord ခေါ်တဲ့နေရာကရတဲ့ မှိုနက် black truffle (Tubermelanosporum) ဟာ အီတလီနိုင်ငံ Alba ကထွက်တဲ့ မှိုဖြူ white truffle (Tuber magnatum) ကလွဲရင် မှိုတွေအားလုံးထဲမှာဈေးအကြီးဆုံးဖြစ်ပါတယ်။ ကမ္ဘာ့သဘာဝ အစားအစာ ထဲမှာ ဈေးအကြီးဆုံး ဖြစ်ပြီး တစ်ပေါင်ကို ဒေါလာ ၂၄၀-၄၅၀ အထိဈေးပေးရပါတယ်။ ရှေး ဂရိုနဲ့ ရောမခေတ်ကထဲက ၎င်းတို့ကို ဥရောပတိုက်သားတို့ရဲ့ ရသာမွန်အဖြစ်၊ ဆေးဝါးအဖြစ်၊ ယောက်ျား အားတိုးဆေးအဖြစ် ထင်ရှားခဲ့ပါတယ်။ ၎င်းတို့ဟာ မြေအောက်မှာပွင့်တဲ့ မှိုမျိုး ဖြစ်ပြီး ပွင့်တဲ့အခါ အမွေးနံ ထွက်တာကြောင့် ၀က်မ၊ သင်တန်း ပေးထားသောခွေးများနဲ့ရှာဖွေကြပါတယ်။ ၀က်မနဲ့ ရှာရင် တွေ့သမျှစားတတ်တဲ့ဝက်တွေရဲ့အကျင့်ကြောင့် ခွေးနဲ့ရှာတာကပိုမို အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။

အဲ့ဒီမှိုတွေဟာ ထင်းရူးပင်မျိုးတွေရဲ့အမြစ်တွေကြားမှာ ပွင့်တတ်တာမို့ ၎င်းသစ်ပင် အောက် သဘာဝ အပေါက်က ရင်ကောင်တွေထွက်တာမြင်ရင်လည်း truffle ရှိကြောင်း သိနိုင်ပါတယ်။  မှိုတို့ရဲ့သဘာဝအတိုင်းနှစ်စဉ် ပွင့်တတ်တာကြောင့် ၎င်းနေရာကိုမှတ်သားထားခြင်းဖြင့် နောင်နှစ် တွေမှာလည်း ထပ်မံတွေ့နိုင်ပါတယ်။

         Truffle ရဲ့အနံ့ဟာ မှိုပွင့်ချိန်မှထွက်တာမို့ အဲ့ဒီအချိန်မှ ခူးရပါမယ်။ ခူးပြီး ကြာရင် အနံ့ပျောက်သွားတတ်တာကြောင့် လက်ကားဝယ်ရောင်းသူများ မှိုကိုဆန်နှင့် အုံပြီး ရေခဲသေတ္တာ မှာ သိမ်း ထားပြီး နောက်နေ့မှာ မှာထားသောသူထံသို့ အမြန်ဆုံးနည်းဖြင့် များသောအားဖြင့် လေ ကြောင်းဖြင့်ပို့ပေးကြပါတယ်။ ပင်ပေါင်ဘော်အရွယ် အီတလီမှိုတစ်ပွင့်ဟာ တိုက်ခန်း တစ်ခန်းလုံး ကို မွေးကြိုင်စေနိုင်ပါတယ်။

မှိုပေါ်မှာကပ်နေတဲ့ မြေစတွေဖယ်၊ ဘရပ် (brush) ၊ရေနဲ့ တိုက်ဆေး၊စက္ကူနဲ့ခြောက်စေပြီး  ဟင်းပေါ် စားခါနီး ခြစ်ထဲ့ ခြင်းဖြင့် ဟင်းရဲ့အနံ့အရသာကို အထူးကောင်းမွန်စေတယ်လို့ဆိုပါတယ်။ အမဲဟင်း၊ ကြက်သားဟင်း၊ငါးဟင်း၊ကြက်ဥခေါက်ကြော်၊ ထမင်း၊ အီတလီခေါက်ဆွဲ၊မုန့်ပွ၊ ဟင်းချို၊ ဘဲအဆီပြည့်အသဲ၊ Cream and cheese sauces များပေါ်ခြစ်ထဲ့ကြပါတယ်။

အလွန်ဈေးကြီးတဲ့ မှိုဖြစ်တာမို့ ကြာကြာသိမ်းဖို့ကြိုးစားကြပါတယ်။

၁။ မှိုကို ခဲလို့ရတဲ့ဖန်ဘူးထဲမှာထဲ့ပြီး ၂ ပတ် freezer ( - 20 C) ထဲမှာသိမ်းထားနိုင်ပါတယ်။                    
၂။ မှိုကို သံလွင်ဆီထဲမှာထဲ့ထားခြင်း။                                                                                      
၃။ မှိုရဲ့ အနံ့အရသာကိုထော်ပတ်မှာလည်း ထဲ့သိမ်းထားနိုင်ပါတယ်။ ဆားမပါသော ပျော့ပျောင်း နေသော ထော်ပတ်ပေါ် လတ်ဆတ်သောမှိုကိုခြစ်ချပြီး အခန်းအပူချိန်မှာ တစ်နာရီ ထားခြင်းဖြင့် မှိုရဲ့ အနံ့အရသာဟာထော်ပတ်မှာ ကျန်ရစ်နေပါတယ်။ ၎င်းထော်ပတ်ကို ခဲထားခြင်းဖြင့် တာရှည် သိမ်းထားနိုင်ပါတယ်။                                                                                                   
၎။ မှိုနံ့က ဥခွံကိုဖေါက်ထွင်းဝင်နိုင်တာမို့ မှိုနံ့ပါတဲ့ကြက်ဥတွေပြုလုပ်ပြီး သိမ်းနိုင်ပါတယ်။                                       
ကြက်ဥ ကာတွန် ( Carton) ကိုထက်ဝက်ပိုင်းပြီး ကာတွန် ( Carton) တစ်ဝက်ရဲ့ အလယ်မှာ အရွယ်တော် (medium size) မှိုနက် တစ်ခု၊နှစ်ခု ထဲ့ပြီး၊ ကြက်ဥ ကာတွန် ( Carton) ကို ပလပ်စတစ်အိပ်ထဲထဲ့ ပိတ်ပြီးရေခဲသေတ္တာမှာ ထားရင် ၃ ရက်ကြာတဲ့အခါ မှိုနံ့ရှိတဲ့ကြက်ဥ တွေ ရမှာဖြစ်ပါတယ်။ အဲ့ဒီကြက်ဥတွေနဲ့ ကြက်ဥကျော်အမျိုးမျိုးနဲ့ ဟင်းများချက်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ပတ်ထက်ပိုပြီးထားရင်တော့ လေသလပ်မှုမရှိခြင်းနဲ့ ပြင်းထန်တဲ့ အနံ့ ကြောင့် ကြက်ဥတွေ ပုပ်ကုန်မယ်လို့ဆိုပါတယ်။

Saturday, August 25, 2018

အလင်းပြန်ခြင်း၊ပုံရိပ်ထင်ခြင်း Reflection

 ရူပဗေဒဘာသာရပ်မှာ အရာဝတ္တုတွေရဲ့ အလင်းပြန်ခြင်းအကြောင်းသင်ရတဲ့အခါ။ မှန်သာပြင်လိုညီညာတဲ့ မျက်နှာပြင်ကိုအလင်းတန်းတွေကျရောက်တဲ့အခါ တစ်ချို့က မှန်သားကိုဖေါက်ထွက်သွားတယ်။ တစ်ချို့ကအလင်းလာရာဆီကိုပြန်လာတယ်။ တစ်ချို့ကဘေးဘီကိုပြန့်သွားတယ်တဲ့။ ဒါပေမဲ့ အလင်းတန်းက ဘယ်တော့မှကွေ့ကေါက်မသွားဘူး။ မျင်းဖြောင့်လို ဖြောင့်ေ့ဖြာင့်တန်းတန်းသာသွားတယ်။ ဒါက သက်မဲ့ အရာတွေရဲ့ သဘာဝနိယာမ။ တနည်းအမှန်တရား ( ၀ါ) ပါဌိစကားနဲ့သစ္စာတရား။

ဖန်သားကို ဖေါက်သွားမဲ့ အလင်းတန်းတွေကို ဖေါက်မသွားအောင် ဖန်သားနောက်ကို ပြဒါးသုတ်ထားမယ်ဆိုရင် ဖန်သားရှေ့မှာထားတဲ့ အရာဝတ္တုတွေရဲ့ ပုံသဏ္ဍန်အတိုင်းဖန်သားပြင်မှာပေါ်လာတယ်။ ကျမတို့နေ့စဉ် ကြည့်နေကြတဲ့ မှန်ဖြစ်လာတယ်။ အလင်းတန်းနဲ့မှန်သားပြင်တို့ရဲ့ နိယာမကြောင့် ကိုယ့်မျက်နှာကချော်ရင်ချော်တဲ့အတိုင်း၊အရုပ်ဆိုးရင်ဆိုးတဲ့အတိုင်းအမှန်အတိုင်းပေါ်လာတယ်။ ရုပ်ဆိုးသူက ဘယ်လိုပဲ လှချင်ချင် မှန်ကတော့ ရုပ်ဆိုးပုံပဲ ပြမှာပါ။

ကျမတို့ငယ်ငယ်က တိ၇ိစ္ဆာန်ရုံကိုသွားတဲ့အခါ အဲ့ဒီမှာမှန်တစ်ချပ်ရှိတယ်။ သူ့ရှေ့မှာသွားရပ်ရင် တကိုယ်လုံး တွန့်လိန်ပြီး ကိုယ်မှန်းတောင်မသိနိုင်ဘူး ဘာကြောင့်လဲ ? ရူပဗေဒ ပညာက ဆိုတယ်။ အလင်းတန်းကျတဲ့မျက်နှာပြင်က မညီညာဘူးဆိုရင် အလင်းပြန်တာတွေလဲမညီဘူးတဲ့။ မျက်နှာပြင်က ခုံးနေမယ်ဆိုရင် အလင်းတန်းတွေကခုံးနေတဲ့ မျက်နှာပြင်ရဲ့နောက်မှာစု ကြတယ်တဲ့ ။ ဒါပေမဲ့ အလင်းတန်းတွေရဲ့နိယာမဖြစ်တဲ့ ဖြောင့်ဖြောင့်သွားခြင်းကိုတော့ဆက်လက်ထိမ်းသိမ်းကြတာကြောင့် မျက်နှာပြင်ခုံးတဲ့အချိုးအတိုင်း အလင်းတန်းစုတဲ့ အကွာအဝေးကလဲတူညီတယ်။ ဒီ နိယာမကြောင့် အနီးမှုန် တဲ့သူတွေ အနီးမြင်အောင် စာကြည့်မျက်မှန်တွေတည်ထွင်နိုင်ခဲ့ကြတယ်။ မျက်နှာပြင်ချိုင့်နေတဲ့ မှန်တွေကတော့ သူ့ပေါ်ကျလာတဲ့ အလင်းတန်းတွေကို ပြန့်ကာစေတယ်တဲ့။ ဒီ နိယာမကိုအသုံးချပြီး အဝေးကြည့်မျက်မှန်တွေတီထွင်နိုင်ခဲ့ကြတယ်။  တိ၇ိစ္ဆာန်ရုံက မှန်မျက်နှာပြင်ကို အခုံးတွေအခွက်တွေနဲ့လုပ်ထားတာကြောင့် ပုံမှန်ထွက်မလာပဲ သရဲလိုလို ထွန့်လိန်နေတဲ့ ပုံဆိုးကြီးထွက်လာတာပါ။

သူယုတ်မာဆိုတာ သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေမဲ့ အရုပ်ဆိုးတဲ့အသွင်အပြင်တွေနဲ့ပြန်လဲဆက်ဆံတဲ့ မှန်ရုပ်ဆိုးနဲ့တူတဲ့ သူတွေလို့ပြောရမယ်ထင်တယ်။

မှန်ရုပ်ဆိုးတွေအစား ကြည့်တဲ့သူရဲ့ ပုံကိုလှလှပပလေးမြင်မဲ့ မှန်လှလှလေးဆိုရင်ဘယ်လောက်ကောင်းမလဲ။ လူတိုင်း ကိုယ့်ပုံလှလှလေးမြင်ချင်မှာ ဘာလို့ အဲ့ဒီမှန်မျိုး မတည်ထွင်ကြတာလဲ ။ တည်ထွင်ရခတ်ခဲလို့လား ?။

သူတော်ကောင်းဆိုတာကိုယ့်အပေါ် ယုတ်ယုတ်မာမာပြုမူပေမဲ့ အပြစ်မယူ ကောင်းကောင်းမွန်မွန်ပြန်လဲဆက်ဆံတဲ့ သည်းခံတတ်တဲ့သူ။ မြတ်ဘုရားက သည်းခံခြင်းဆိုတာအလွန်ကောင်းမွန်တဲ့ တ၇ားဖြစ်တယ်။ ရန်ဟူသမျှကို အောင်နိုင်တယ်တဲ့။ အကျင့်ခက်ပေမဲ့ ကျင့်လို့ရနိုင်တဲ့တရားတဲ့။

ကိုယ်ကဘယ်လိုမှန်မျိုးလဲ။ မျက်နှာပြင်ညီညာပြီး အမှန်အတိုင်းပုံဖေါ်တဲ့သူလား ? ကိုယ်ငယ်စဉ်ကတော့ လူတိုင်းကိုမှန်လို ဆက်ဆံတယ် လို့ဂုဏ်ယူစွာ ကြုံးဝါးခဲ့ဘူးတယ်။ ကိုယ့်ဟာနဲ့ကိုယ်ကောင်းလှပြီလို့ထင်ခဲ့မိတယ်။ မှန်ရုပ်ဆိုးလိုလူမျိုးနဲ့ နှိုင်းရင်တော့ ဟုတ်တုတ်တုတ်ပဲ။ မှန်လှလှလေးဖြစ်ချင်ရင်တော့ အများကြီး     ကြိုးစားရအုံးမယ်။


JICA center  မှာ ၁၉၈၆-၈၈ နေစဉ်က တနင်္ဂနွေနေ့တွေမှာ ကျောင်းသားတွေကိုအိမ်ဖိတ်ထမင်းကြွေးတဲ့ ဂျပန်လင်မယားနဲ့ဆုံခဲ့ပါတယ်။သူတို့လင်မယားက အသက် ၆၀ ၀န်ကျင်၊ ပင်ဆင်စားတွေ။ သားသမီး ၂ ယောက်ထွန်းကားပေမဲ့အဝေးမှာသူ့အိမ်ထောင်နဲ့သူ မို့ တစ်နှစ်တခါသာ မိဘစီလာနိုင်ကြတယ်။ အဖိုးကြီးလင်မယားလဲ အထီးကျန်ဆန်တဲ့ သူတို့ဘ၀ကိုသက်သာစေဖို့ JICA cente ကကျောင်းသား ၄-၅ ယောက်ကိုသူတို့အိမ်ထမင်းဖိတ်ကြွေးလေ့ရှိတယ်။ ကျမတို့အဖွဲ့လဲ အိမ်ရှင်လင်းမယားနဲ့စားသောက်ပြီး။ ၀ိုင်းသိမ်းကြ၊ အတူတူဆိုကြ ကကြ။ ပြန်ကာနီး ကန်တော့ပြီးမှပြန်ကြပါတယ်။ ကျမတို့ ကိုတွေ့ပြီးနောက်ပိုင်း အဲ့ဒီလင်မယားက တစ်ခြားနိုင်ငံကကျောင်းသားတွေမဖိတ်တော့ဘဲ ကျမတို့အဖွဲ့ကိုပဲဖိတ်ပါတယ်။ သူတို့ ငယ်ငယ်က ကျမတို့လိုပဲ လူကြီးသူမတွေကိုရိုသေလေးစားကြကြောင်းတမ်းတမ်းတတ ပြောကြပါတယ်။
 နောက်ထမင်းဖိတ်ကြွေးတဲ့သူကတော့ ဒုတိယကမ္ဘာစစ်တုံးက မြန်မာပြည်ကို စစ်ဗိုလ်အဖြစ်နဲ့ေ၇ာက်ခဲ့ဘူးတဲ့ စစ်ပြန်တစ်ဦးပါ။ သူကတော့ မြန်မာတွေကစစ်အတွင်းကသူ့ကိုကယ်ခဲ့ကြလို့ ကျေးဇူးစပ်တဲ့အနေနဲ့ မြန်မာကျောင်းသားတွေကို ထမင်းဖိတ်ကြွေးတဲ့သူပါ။
   ဒီ ဂျပန်မိသားစု နှစ်ဦးက မျက်နှာပြင်ညီညာတဲ့ မှန်သားပြင်လို လူတွေလား ? ၊ ဒါကြောင့် မေတ္တာရောင်ပြန်ဟတ်တယ်လို့ပြောကြတာလား ?

Okinawa ကျွန်းကဂျပန်တွေကတော့ ကျန်တဲ့ ကျွန်းတွေကဂျပန်တွေကိုအခုထက်ထိ အခဲမကြေဘူး။ ဂျပန်ဘုရင်သွားလည်မယ်ဆိုတော့ ဆန္ဒတွေပြကြ ၊ဗုံးတွေခွဲကြတာကြောင့် ဘုရင်လည်မဲ့အစီအစဉ်ဖျက်လိုက်ရတယ်။ စစ်အတွင်းက(၁၉၄၅-၅၂) သူတို့ကို အမေရိကန်တွေလက်ထဲထားခဲ့လို့တဲ့။ ၁၉၇၂ မှာ ဂျပန်လက်အောက်ပြန်ရောက်တယ်။